hits spiritcorner: November 2007

Wednesday, 28 November 2007

Serena
















ကျွန်မ လူရော စိတ်ရော နည်းနည်းရှုပ်နေလို့ ဘလော့မှာ စာမရေးဖြစ်တာတောင် တော်တော်ကြာသွားပါပြီ။ ဘလော့တစ်ခု ပုံမှန်ရေးဖြစ်ဖို့ဆိုတာ (ကျွန်မအတွက်တော့ ) အချိန်တော်တော်ပေးရတဲ့ ကိစ္စလို့ ထင်ပါတယ်။

သူငယ်ချင်းအတွက် မွေးနေ့ပို့စ်လေး သေသေချာချာ ရေးပေးမယ်လို့ စဉ်းစားထားတာတောင် မရေးဖြစ်လိုက်ပါဘူး။ တောင်းပန်ပါတယ် သယ်ရင်း ရယ်။ နောင်နှစ်မှ အတိုး၊ အရင်းပေါင်းပြီး သေသေချာချာ ရေးပေးပါ့မယ်။ ဒီကြားထဲမှာ ထူးခြားတဲ့ အစီအစဉ်လေးတွေ ရှိရင်လည်း ရေးပေးဖို့ အဆင်သင့်ပါလို့... :)


ဘလော့မှာ စာပုံမှန်မရေးဖြစ်ပေမဲ့ ဘလော့ဖတ်တာ၊ သတင်းဖတ်တာတွေတော့ လုပ်ဖြစ်ပါတယ်။ အခုတလော ကြားရတဲ့ သတင်းလေးကြောင့် ဝမ်းသာစွာ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ သတင်းကတော့ ပါလက်စတိုင်း နဲ့ အစ္စရေး ငြိမ်းချမ်းရေး ကိစ္စပါ။ ကမ္ဘာရန် နှစ်ဖက် လက်ဆွဲနှုတ်ဆက်နိုင်မယ့် အခြေအနေဟာ မဝေးတော့တဲ့ ကာလမှာ ရောက်လာတော့မယ် ဆိုတဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။


ကျွန်မ ငယ်ငယ်တုန်းထဲက ဂျူးလူမျိုးတွေအများကြီး အစုလိုက် အပြုံလိုက် အသတ်ခံရဖူးတဲ့ သမိုင်းကို ကြားတော့ တကယ်ကို အံသြတုန်လှုပ်ခဲ့ဖူးပါတယ်။ ဘယ်လိုအငြိုးတွေကြောင့် ဒီလို မျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်ရတာလဲပေါ့..


နောက်တော့ ဂျူးတွေနေထိုင်တဲ့ အစ္စရေး ဆိုတဲ့နယ်မြေမှာလည်း အမြဲတမ်း စစ်ပွဲတွေဖြစ်နေတယ် ဆိုတာ သိလာရတော့ သူတို့အကြောင်းကို ပိုသိချင်လာပါတယ်။


နောက်တခါ ခရစ်ယာန်၊ မွတ်စလင် ၊ ဂျူး ဘာသာကြီး သုံးခု အလေးအမြတ်ထားတဲ့ ဂျေရုစလင်မြို့အကြောင်း ၊ အခုအချိန်ထိ ကိုယ်နေထိုင်တဲ့နေရာကို ကိုယ်နိုင်ငံ ကိုယ်နေရာ အဖြစ် မသတ်မှတ်နိုင်သေးတဲ့ ပါလက်စတိုင်းတွေအကြောင်း ...

ဘာသာရေး အမည်ခံစစ်ပွဲတွေ ၊ စီးပွားရေး နယ်ချဲ့မှုတွေ ၊ အစွန်းရောက် လူတွေရဲ့ အတ္တတွေ...အားလုံး။
အဲဒိကနေ အရှေ့အလယ်ပိုင်း ကိစ္စတွေဟာ ကျွန်မရဲ့ စိတ်ဝင်စားစရာ လေ့လာစရာ တွေ ဖြစ်လာပါတယ်။

သူတို့နဲ့ပတ်သတ်တဲ့ သတင်းတွေ သတိထားကြည့်မိသလို စာအုပ်တွေလည်း ရှာဖွေဖတ်မိပါတယ်။ မြန်မာ စာအုပ်တွေထဲက ဖတ်မိတာဆိုရင်တော့ ဒီနှစ်အုပ်ပါ။

ဒေါက်တာမတင်ဝင်း ---- စစ်မီးမငြိမ်း တောမစိမ်းသည့်မြေ
မောင်ပေါ်ထွန်း ဘာသာပြန်သည့် --------- အကြီးအကဲ ( ပါလက်စတိုင်း ဘက်မှ ရေးထားတာပါ။ )

တကယ်တော့ စစ်ဆိုတာ ဖြစ်မိရင် ဘယ်သူအတွက်မှ မကောင်းပါဘူး။ နှစ်ဘက်စလုံး နာကျင် ခံစားရပါတယ်။ အဲဒိကနေထပ်ဆင့် ပေါက်ဖွားလာတဲ့ အငြိုးတွေ မုန်းတီးနာကြည်းမှုတွေကလည်း ကြောက်စရာ ကောင်းလှပါတယ်။ စေ့စပ်ညှိနှိုင်းမှုကြောင့် ပြုလုပ်ရမဲ့ အပေးအယူတွေက များတယ်ဆိုပေမဲ့ စစ်ဖြစ်တာထက် စာရင် အများကြီး ခံသာပါသေးတယ်လို့ ကျွန်မတော့ ယုံကြည်ပါတယ်။


အယူဝါဒချင်း မတူညီသူတွေ၊ ကမ္ဘာကျော် ငြိုးသူ ရန်ဘက်တွေတောင် ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနိုင်တယ် ဆိုရင် ကျွန်မတို့ တပြည်တည်းသားချင်း မြန်မာပြည်သူ၊ သားတွေဟာ ဘယ်လောက် အာဂတ တွေ ကြီးနေလို့ စေ့စပ် ဆွေးနွေးလို့ မရနိုင်ရတာလဲ။ စည်းလုံးညီညွတ်မှု ဆိုတာ ဘာကြောင့် ဒီလောက် အလှမ်းဝေးနေရသေးတာလဲ ။ ငြိမ်းချမ်းရေး ချိုးဖြူလေးဟာ မြန်မာမြေပေါ် ဘာကြောင့် မပျံဝဲနိုင်သေးတာပါလိမ့် ....လို့ တွေးတောရင်း။