hits spiritcorner: ခေါက်ထီးကလေး မလုံ့တလုံ

Tuesday 30 January 2007

ခေါက်ထီးကလေး မလုံ့တလုံ


ကျွန်မ သိပ်ကြိုက်တဲ့စာအုပ်တအုပ်ပါ။ ပြည့်တန်ဆာ ပပျောက်ရေး ကိုစွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ စာရေးသူရဲ့ အမှာစာကို ပကြိမ် ပုံနှိပ်ခြင်းတုန်း က တွေ့လိုက်ပေမဲ့ အခု ဒုကြိမ် ပုံနှိပ်မှာတော့ မတွေ့မိပါဘူး။ ခေတ်တွေ၊ စနစ်တွေ မတူတော့ဘူး လို့ဘဲ ယူဆလို့လား မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းနောက်ခံက 1977 ပတ်ဝန်းကျင်လောက်ကမို့လို့ပါ။ ဒါပေမဲ့ အကြောင်းအရာကတော့ ခုထိ မဟောင်းသေးဘဲ ဘောင်ဝင်နေတုန်းပါ။
အပြင်ဆောင်တခုမှာ တခန်းထဲ အတူတူနေခဲ့ကြဖူးတဲ့ သူငယ်ချင်းနှစ်ယောက် ဝေးသွားကြပြီးမှ ပထမဆုံးပြန်တွေ့တဲ့ နေရာ က “တရားရုံး”၊ အမှုက ပြည့်တန်ဆာမှု၊ တယောက်က အစိုးရ သက်သေ၊ နောက်တယောက်က အစိုးရ ရှေ့နေ။
ဘဝကို တန်ဖိုးမထား၊ ပျော်ပျော်နေတက်တဲ့ “ကြွေ”၊
စားဝတ်နေရေးအတွက် မဟုတ်ဘဲ အလှအပ အတွက် ပိုက်ဆံကို လွယ်လွယ်ကူကူ ရှာတက်တဲ့ ကြွေ၊
မပြစ်မှားသင့်တဲ့ ကိုယ့်အစ်မ ယောက်ျား ခဲအိုကိုမှ ချစ်ချင်တဲ့ကြွေ၊
ဒီမိန်းကလေးရဲ့ ဘဝနိဂုံး က ကြောက်စရာကောင်းလှပါတယ်။
ကိုယ်မေတ္တာထားမိတဲ့ ရှေ့နေမလေး မွန်မွန်ကို လိုက်ပါကူညီရင်း ပေးဆပ်တက်တဲ့ ယောက်ျားကောင်းတယောက်ရဲ့ စိတ်ဓာတ်ကို အကောင်းဆုံးလှစ်ဟပြသွားတဲ့ တရားသူကြီး ကိုခင်ဇော်။
သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကလည်း ညှို့နိုင်စွမ်းသလို စာရေးသူရဲ့စေတနာကလည်း လေးစားဖွယ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူ၏ ဆန္ဒအတိုင်း “ ပြည့်တန်ဆာ ကုန်ကူးခြင်းစနစ်” ကျဆုံးပါစေလို့ပဲ ခပ်တိုးတိုးလေး ဆုတောင်းပေးနေမိပါတယ်။

2 comments:

Nay Nay Naing said...

ဒီစာအုပ်ကို မဖတ်ဖူးဘူး.. စမ်းစမ်းနွဲ့ (သာယာဝတီ) ရေးတဲ့ တခြားစားအုပ်တွေတော့ ဖတ်ဖူးတယ်။ ဒီစာအုပ်လေး ဖတ်ကြည့်ချင်သား။

clef said...

သူရေးတဲ့ စာအုပ်တွေထဲမှာ အကြိုက်ဆုံးလို့တောင် ပြောလို့ရတယ်။ ရန်ကုန်အိမ်မှာတုန်းက ပကြိမ်ထုတ်တဲ့ စာအုပ် အပိုင်ရှိတယ်။ ဒါပေမဲ့ ကြိုက်လို့ ဒီမှာထပ်ဝယ်ပြီးသိမ်းထားတာ။ နေနေ ဖတ်ချင်ရင် ဒီမှာလာဖတ်လေ။ လမ်းကြုံရင် တခါတည်း ဂျူး စာအုပ်လေးပါ သယ်လာခဲ့ပေးပါနော်။ :P