hits spiritcorner: February 2007

Friday, 23 February 2007

စပ်မိစပ်ရာ စကားဝိုင်း

ကျွန်မတို့ နှစ်ယောက်ရယ်၊ မိတ်ဆွေ အင်္ဂလိပ် အမျိုးသားတစ်ယောက်ရယ် ပြောခဲ့ကြတဲ့ စကားဝိုင်းလေး တခုအကြောင်း ဖောက်သည်ချချင်လို့ပါ။
ပြောမိတဲ့အကြောင်းအရာကတော့ အင်္ဂလန်နိုင်ငံနဲ့ စီးပွားရေးအကြောင်းတွေပဲဆိုပါစို့။ ရောက်တက်ရာရာလေးတွေ လျှောက်ပြောရင်းက စီးပွားရေးအကြောင်းရောက်သွားပါတယ်။
အခုနောက်ပိုင်း အင်္ဂလန်မှာ နိုင်ငံခြားသားပေါင်းများစွာဟာ စီးပွားရေးရင်းနှီးမြုပ်နှံမှုမျိုးစုံနဲ့ ဈေးကွက်အတွင်းကို ထိုးဖောက်ဝင်ရောက်လာပါတယ်။ အဲဒိတော့ အင်္ဂလန်ရဲ့စီးပွားရေး အသွင်ပုံစံလည်း အနည်းငယ်ပြောင်းလဲလာပါတယ်။ အောက်ခြေအဆင့် နဲ့ အလယ်အလတ်အဆင့်မှာ ဆိုရင် နိုင်ငံခြားသားတွေရဲ့ ထိုးဖောက်မှုတွေက သိသိသာသာပါ။ အင်္ဂလိပ်တွေထက် အမြတ်လျှော့ယူနိုင်ပြီး ပိုကြိုးစားလုပ်ကိုင်နိုင်တဲ့အတွက် အောင်မြင်မှုတွေတော်တော်ရရှိလာတယ်လို့လည်း ထင်ပါတယ်။ အဲဒိတော့ ထုံးစံအတိုင်း ဒေသခံလူမျိုးတွေရဲ့ မျက်စိနောက်ခံရတာ၊ ချီးကျူးထောပနာအပြုခံရတာတွေကလည်း မကြာခဏ ဆိုသလိုပေါ့။

ကျွန်မတို့ရဲ့မိတ်ဆွေကလည်း ဒီကိစ္စကို သိပ်မကျေလည်ဘူးထင်ပါရဲ့။ ကျွန်မတို့ကတော့ အာရှတိုက်သားအချင်းချင်း အားပေးပါတယ်။ တကယ်တမ်းပြောရရင် သူတို့ အင်္ဂလိပ်လူမျိုးတွေပဲ ကမ္ဘာတဝှမ်းမှာ “ နေမဝင် အင်ပါယာ” ရယ်လို့ ဗိုလ်ကျခဲ့လို့ အခုအခါ သူတို့မြေမှာ တိုင်းပြည်ပေါင်းစုံက လူမျိုးပေါင်းစုံ ရောက်နေရတာပါ။ ဒါတောင်သူတို့ကို ပြန်ဗိုလ်ကျတဲ့အဆင့် မရောက်သေးပါဘူး။

ဒါပေမဲ့ သူပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ ဘာမှကိုပြန်မပြော လိုက်နိုင်လောက်အောင်ကိုပါဘဲ။ အာရှသားတွေ ဘယ်လောက်တော်တော်ပါတဲ့။ အခု တိုးတက်လှပါချည်ရဲ့ဆိုတဲ့ ဂျပန်၊ တရုတ် နဲ့ အိန္ဒိယ တွေမှာ အဓိက ရင်းနှီးမြုပ်နှံသူတွေဟာ ဘယ်သူတွေပါလဲတဲ့။ ငြင်းလို့မရတဲ့ အမှန်တရားတခုက ဒင်းတို့ အင်္ဂလိပ်လူမျိုးတွေဘဲ ဖြစ်နေပါတယ်။ ဒါကြောင်မို့ ဘာထွက်ကုန်မှ မရှိဘဲ ငွေကြေးစနစ်ကို ခိုင်မာအောင် တည်ဆောက်ထားနိုင်တာပါ။ သူတို့တွေရဲ့ နည်းဗျူဟာတွေက အာရှတိုက်သားတွေထက် သာနေသေးတာကတော့ အမှန်ပါ။

ကျွန်မရဲ့အမြင်ကိုပြောရရင် သူတို့အားသာချက်ကို သိရင်၊ ကိုယ့်အားနည်းချက်ကိုလည်း မြင်နိုင်မယ်ဆိုရင် သူတို့နဲ့အမှီလိုက်နိုင်ရမှာပေါ့။ ကျွန်မတို့ အာရှသားတွေရဲ့ အားနည်းချက်ကို ကျွန်မမြင်သလောက်ပြောရရင်
လူတယောက်ရဲ့ တပတ်စာ လိုအပ်ငွေဟာ 300 ဆိုပါစို့။ ဒါပေမဲ့ သူဟာ နာရီ 40 အလုပ်လုပ်မှ 100 ပဲ ရတယ်။ အဲဒါဆိုရင် သူလိုအပ်တဲ့ငွေပမာဏ ပြည့်ဖို့အတွက် သူဘာလုပ်မလဲ။
အဲဒိနေရာမှာ အာရှတိုက်သားတွေက အချိန်နာရီ ပိုတိုးလုပ်ခြင်းအားဖြင့် ဖြေရှင်းဖို့ကြိုးစားကြတယ်။
အင်္ဂလိပ်တွေကတော့ လုပ်ခတန်ဖိုးတိုးရဖို့ကြိုးစားကြတယ်။ ဆိုလိုတာကတော့ နာရီ 40 နဲ့ 300 ရအောင်ဘယ်လိုလုပ်မလဲဆိုတာမျိုးပေါ့။

ဟုတ်ကဲ့ လူတိုင်း စဉ်းစားအဖြေရှာကြရင် နည်းလမ်းကောင်းလေးတွေ မလွဲမသွေ တွေ့လာကြမှာပါ လို့...။

Thursday, 22 February 2007

ရပ်ကွက်ထဲက ဒီမိုကရေစီ

လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီင်္ ဆိုတာတွေနဲ့ စကားလုံးကြီးကြီးကျယ်ကျယ်တွေ သုံးပြီး စာတမ်းတစောင် ရေးသားဖို့လည်းမဟုတ်ပါဘူး။ ဘာညာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ထုတ်ဖို့လည်း မဟုတ်ပါဘူး။ ကျွန်မနေထိုင်တဲ့ ပတ်ဝန်းကျင်လေးမှာ တွေ့သမျှ၊ မြင်သမျှလေးတွေကို တဆင့်ဖောက်သည်ချယုံသက်သက်ပါ။

ကျွန်မ ဒီပတ်ဝန်းကျင်လေးမှာနေတာ သုံးနှစ်ကျော်သွားပြီ။ အလုပ်ရော၊ အိမ်ရော ဒီနားတဝိုက်လေးတွင်ဆိုတော့ ဒီဒေသလေးဟာ ကိုယ့်ဝန်းကျင်၊ ကိုယ့်အရပ်လေးဖြစ်လာတယ် ဆိုပါတော့။ ကျွန်မအိမ်လေးနဲ့ လမ်းလျှောက်ရင် ငါးမိနစ်လောက်လှမ်းတဲ့နေရာလေးမှာ ဒီရပ်ကွက်ရဲ့ shopping centre ရှိတယ်။ မြန်မာလို ဈေးလို့ပဲခေါ်ပါစို့။ ဈေးဆိုပေမဲ့ တခြားဈေးတွေမှာလို လူရှုပ်ရှုပ်၊ ရောင်းသူ ဝယ်သူချင်းမသိ စီးပွားရှာရုံသက်သက်လာကြတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ ဈေးမဟုတ်ပါဘူး။ ရပ်ကွက်တခု၊ ဒေသတခုရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးဖို့အတွက် တည်ဆောက်ထားတဲ့ ဈေးလို့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဘာလို့လဲဆိုရင် အောက်ထပ်မှာ ဈေးဆိုင်ခန်းတွေ၊ ဒုတိယထပ်မှာ ရုံးခန်းတွေ နဲ့ ဘေးပတ်ပတ်လည်မှာ အင်္ဂလန်ရဲ့ ရှားပါးပစ္စည်း လူနေအိမ်တိုက်အမြင့်ကြီးတွေရှိနေလို့ပါပဲ။ ဈေးထဲမှာ bank တွေရှိတယ်၊ post office ရှိတယ်၊ library ရှိတယ်၊ လူမှု့ဘဝ ပြသနာအထွေထွေကို ကူညီမယ့် social security office လည်းရှိတယ်။ ဒုတိယထပ်မှာတော့ ဒေသပိုင် ရှေ့နေရုံးခန်း (ကိုယ်ရဲ့ပြသနာအထွေထွေအတွက် လိုအပ်တဲ့လမ်းညွှန်မှုတွေပေးပါတယ်)၊ learning centre၊ dental clinic နဲ့ အလုပ်ရှာပေးတဲ့ agency အစရှိသဖြင့် စုံစုံလင်လင်လေးရှိပါတယ်။ အဲဒိတော့ ဒီဒေသတွင်းကလူတွေအတွက် ဒီဈေးနားမှာပဲ နေတိုင်းလိုလို တဝဲလည်လည်ပေါ့။ နောက်ပြီး ဒီနားမှာ ပင်စင်စားအငြိမ်းစားသမားတွေလည်း များပါတယ်။ အချိန်ပိုများတဲ့ သူတို့အတွက် ဈေးဟာ အပျင်းပြေ လည်ပတ်စရာနေရာတခုပါ။ ဒီလိုနဲ့ ဈေးထဲမှာ လူတော်တော်များများဟာ မျက်မှန်းတွေ တန်းမိပြီး ရယ်ပြနှုတ်ဆက်ရင်း ရင်းနှီးလာတဲ့အထိပါပဲ။ သူတို့ကလည်း အရမ်းကို ခင်မင်ရင်းနှီးချင်ပါတယ်။ စကားပြောဖော်လိုနေတဲ့ သူတို့အတွက် နားထောင်မယ်သူသာရှိ သူတို့ရဲ့ ဘဝအတွေ့အကြုံမျိုးစုံကို ပြောပြချင်သူများပါတယ်။

တနေ့တော့ ကျွန်မနဲ့ အဲဒီလိုနည်းနဲ့ ခင်မင်ရင်းနှီးနေတဲ့ ပင်စင်စားဦးလေးကြီးတယောက်က သူ စာကြည့်တိုက်ထဲမှာ ခါးပိုက်နှိုက်ခံရတဲ့အကြောင်းပြောပါတယ်။ ဟုတ်လား ကျွန်မလည်း စိတ်မကောင်းပါဘူးပေါ့။ ရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်ပါပေါ့။ သူက ရဲစခန်းမှာ တိုင်ပြီးပြီ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ သူမကျေနပ်သေးကြောင်း၊ စာကြည့်တိုက်ထဲမှာ ဖြစ်ရတာဟာ မသင့်တော်ကြောင်း၊ ရဲတွေက ဖိဖိစီးစီး အလုပ်မလုပ်ဘူးလို့ထင်ကြောင်း စုံနေတာပဲ သူ့ရဲ့မကျေနပ်ချက်တွေ။ ကျွန်မလည်း ဆက်ပြီး အားမပေးတတ်တော့ဘူး ဖြစ်လာတယ်၊ ဘာပြောရမှန်းမသိ ဖြစ်လာတယ်။ ကိစ္စမရှိပါဘူး။ သူဘာသာ သူဆက်ပြောတယ်။ ဒေသထဲမှာ ဒီလိုတွေဖြစ်လာတဲ့အကြောင်း MP ( Members of Parliment ) ကို သူသွားတိုင်မည်ဖြစ်ကြောင်း၊ ဒီလိုတိုင်ရတာလည်း သူအကျိုး သက်သက်အတွက်ထက် ဒီဒေသအတွက်ဖြစ်ကြောင်း ပြောလိုက်တာ စုံလို့ပါပဲ။ ကျွန်မလည်း ဟုတ်ကဲ့ပါ ပေါ့။ သူက ထပ်ပြောပါသေးတယ်၊ တိုင်ပြီးသွားရင် အကျိုးအကြောင်းပြန်လာပြောပြအုံးမယ်ဆိုပြီး နှုတ်ဆက်သွားပါတယ်။

နောက်တခါကတော့ ဈေးထဲက ဆိုင်ပိုင်ရှင် အဒေါ်ကြီးတယောက်ပါ။ သူပြသနာကျတော့ တမျိုး။ ဆိုင်ခန်းကတွေ မတရားသဖြင့် ဈေးပိုတောင်းတယ်လို့ ထင်တဲ့ပြသနာပါ။ ဈေးရဲ့ management ကိုရော၊ head office အထိပါ မကျေနပ်ကြောင်း စာတင်ပြီးပေမဲ့ အခြေအနေ မထူးခြားလို့ MP နဲ့ သွားတိုင်မယ့်အကြောင်းပြောပြန်ပါတယ်။

ဒီတခါတော့ အဲဒိ MP ဆိုတာ ကျွန်မလည်း စိတ်ဝင်စားသွားပြီ။ သူတို့တွေ ဘယ်လိုတိုင်မှာလဲ။ အဲဒိ MP ဆိုတာရော ဘယ်လိုအလုပ်လုပ်မှာလဲ ဆိုပြီးတော့ပေါ့။ အဲဒိ MP ရုံးခန်းဟာ ဈေးကနေဆက်လျှောက်သွားရင် ငါးမိနစ်လောက်အကွားအဝေးမှာရှိပါတယ်။ appointment ယူပြီး ကိုယ်ရဲ့ပြသနာအထွေထွေကို တင်ပြလို့ရပါတယ်။ သူကလည်း တတ်နိုင်သလောက်ကူညီပါတယ်။ သူပါဝင်ကူညီရင်တော့ ပြသနာက တော်တော်လေးထိရောက်မှုရှိတယ်လို့ ဆိုရမှာပါပဲ။ ပုလိပ်ဋ္ဌာန၊ တရားစီရင်ရေးဋ္ဌာန စသည်ဖြင့် ဋ္ဌာနဆိုင်ရာမျိုးစုံအပေါ် MP တွေရဲ့ သြဇာသက်ရောက်မှု တော်တော်လေးရှိပါတယ်။ ဒီနိုင်ငံကို အုပ်ချုပ်နေတဲ့၊ ဥပဒေပြုနေတဲ့ သူတွေထဲမှာ တယောက်အပါအဝင်ဆိုတော့ ဋ္ဌာနဆိုင်ရာတွေလည်း လန့်လောက်တယ်လေ။

MP တွေက ကိုယ်တာဝန်ယူရတဲ့ ဒေသအတွင်းက ပြသနာတွေကို တက်နိုင်သလောက် ကူညီဖြေရှင်းပေးရပါတယ်။ ကြီးမားလာတဲ့ ပြသနာတွေ၊ ဒေသခံပြည်သူတွေရဲ့ သဘောထားတွေကိုတော့ House of Commons မှာ ပြန်လည်တင်ပြ ဆွေးနွေးအဖြေရှာကြပါတယ်။

MP တွေအနေနဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထားတွေ၊ ပြသနာတွေကို လျစ်လျူရှုလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေသခံပြည်သူတွေက ဒီလူဟာ သူတို့ရဲ့ မကျေနပ်ချက်တွေ ပြသနာအထွေထွေတွေ ကို ဆွေးနွေးဖြေရှင်းပေးနိုင်မယ်၊ သူတို့ဒေသကို ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်နိုင်မယ် ထင်လို့ မဲပေးထားတာပါ။ ဒီလိုမှ မဆောင်ရွက်နိုင်ရင် နောက်တကြိမ် မဲမရနိုင်တော့ပါဘူး။ အဲဒိတော့ သေသေချာချာတွေးကြည့်ရင် တိုင်းပြည်ရဲ့အာဏာ ပြည်သူလက်မှာရှိတယ်ဆိုတာ ဒီလိုပါလား၊ ဒီမိုကရေစီင်္ ဆိုတာ ဒီလိုမျိုးကိုခေါ်တာပါလား လို့ ခပ်ရေးရေးလေး သဘောပေါက်မိကြောင်းပါ။

Monday, 19 February 2007

lyric

ဆာလောင်သံတွေ.. ငိုယိုသံတွေ.. နာကျင်သံတွေ.. ဆူပွက်နေဆဲလေ
တိုင်တည်သံတွေ.. ကျိန်ဆိုသံတွေ.. ခေါ်နေသံတွေ.. ငါကြားနေဆဲလေ
ဒီကမ္ဘာကို ပြောင်းလဲဖို့တော့ မဖြစ်နိုင်သေးခိုက်
ဒဏ်ရာတွေ ပျောက်ကင်းသွားအောင် မတက်နိုင်သေးခိုက်


cho :
ပန်းတပွင့်အဖြစ် ဖူးပွင့်လိုက်ပါ
လိုနေတဲ့ နှလုံးသားကွက်လပ်တွေကြားထဲမှာ
မြင်သူတကာ ရွှင်ကြည်ဖွယ်ရာ လှပတဲ့ ရနံ့ပေးပါ

ပန်းတပွင့်အဖြစ် ဖန်ဆင်းလိုက်ပါ
ဆာလောင်တဲ့ မွတ်သိပ်မှုနဲ့ ဘဝအမောကြားမှာ
နင်ဟာ သယ်ဆောင်လာပါ နှစ်သိမ့်မှုများစွာ......
:

လောကကိုတည်ဆောက်ပေးပါ ပန်းပျိုးလက်များစွာ။ ။




ခေါင်းစဉ်နာမည် စဉ်းစားတာ စိတ်ကြိုက်မရဘူးဖြစ်နေတယ်။
အခုလောလောဆယ်တော့ ခေါင်းစဉ်မရှိသေးပါ။

Saturday, 17 February 2007

သေခြင်း၏ အခြားတဖက်


ကျွန်မရဲ့ အာရုံထဲမှာ သေခြင်းတရားနဲ့ပတ်သတ်ရင် စွဲစွဲထင်ထင်အရှိဆုံး စာအုပ်တအုပ်ပါ။ဒါပေမဲ့ သေခြင်းတရားနဲ့ပတ်သတ်ပြီး ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်တော့မဟုတ်ပါဘူး။ ပထမဆုံးဖတ်ခဲ့ဖူးတဲ့စာအုပ်က ချစ်စံဝင်းရဲ့ ဤခရီးနီးသလား ဆိုတဲ့စာအုပ်ပါ။ အရွယ်ခပ်ငယ်ငယ်မှာ ဖတ်ဖူးတော့ စာရေးသူပေးလိုတဲ့ ဆိုလိုရင်းကိုသိပ်မရဘဲ မန္တလေးကျုံးဘေးမှာ အပြေးကျင့်နေကြတဲ့ လူတစုလောက်ကိုဘဲ အာရုံထဲ စွဲနေပါ တယ်။ ဒုတိယစာအုပ်ဖြစ်တဲ့ “နံရံ၏အခြားတစ်ဘက်” ကျတော့ သုတရော၊ ရသပါ စုံလင်တာကတစ်ကြောင်း၊ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ်ပဲ ဆိုရမလားမသိ ကျွန်မအရမ်းကို နှစ်သက်လေးစားရတဲ့ စာရေးဆရာမဖြစ်တာက တစ်ကြောင်း တော်တော်လေးကို မှတ်မှတ်ထင်ထင်ဖြစ်မိပါတယ်။

နောက်ပြီး ဇာတ်ကောင်ကိုယ်တိုင်က လူငယ်မိန်းကလေးတယောက်ဖြစ်နေတာက ကျွန်မစိတ်ကို ပိုဖမ်းစားနိုင်တယ်လို့ ထင်ပါတယ်။ အဲဒီစာအုပ်လေးကို ပြန်ဖတ်တိုင်းလဲ သေခြင်းတရား နဲ့ အသက်ရှင်နေထိုင်မှုကြားမှာ အတွေးတွေ ဗရပွနဲ့ ရှုပ်ထွေးခဲ့ရတဲ့အကြိမ်ပေါင်းလည်း မနည်းတော့ပါဘူး။ နှောင်းခင်ဇော်ရဲ့ သေခြင်းတရားအတွက် ရင်ဆိုင်နေရတဲ့ သောကတွေ၊ ဒေါက်တာအောင်စည်နှင့် မသီသီ ကြားက အယူအဆခြားနားချက်တွေက ပြန်ဖတ်လိုက်တိုင်း ဘယ်တော့မှရိုးမသွားဘဲ အတွေးသစ်တွေပဲ ထပ်ပေးပါတယ်။
နှောင်းမေးခဲ့တဲ့ မေးခွန်းလေးရဲ့အဖြေကို တကယ်ပဲ ကျွန်မလည်း သိချင်ပါတယ်။
ဆရာ ဟိုဘက်မှာ ဘာရှိတယ်ဆိုတာ နှောင်း မသိဘူး။
နှောင်းမြင်နေရတဲ့ နံရံကြီးရဲ့ အပြင်ဘက်လေ၊ အဲဒီမှာ ဘာရှိလဲဟင်...” တဲ့။

မမြင်ရတဲ့ ဘေးအန္တရာယ်ရဲ့ ကံကြမ္မာဆိုးတွေ အကြောင်းကို ဂျူးရဲ့ “ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ” စာအုပ်မှာလည်း ဒီလိုလေး ပြောထားပါသေးတယ်။
ကိုယ့်ကြမ္မာ ကိုယ်မြင်နိုင်စွမ်း မရှိနေတာ စိတ်သက်သာစရာအဖြစ်လား၊ ကံကြမ္မာကို ကာကွယ်လို့မရသေးတာ ချောက်ချားစရာမဟုတ်ဘူးလား ...”
ဆိုတဲ့ စကားလေးက ကျွန်မရဲ့အတွေးတွေကို ပိုမိုနက်ရှိုင်းစေပါတယ်။

ဒီထပ်ပိုပြီး ထပ်တွေးမိတာက ဟာသမြောက်တဲ့ လူ့သဘော သဘာဝ ကိုပါ။သေခြင်းတရားဆိုတာ တချိန်ကျရင် မလွဲမသွေ ကိုယ်ဆီကို တည့်တည့်ကြီးရောက်လာမယ်ဆိုတာ သိထားရက်နဲ့ ကိုယ်နဲ့မဆိုင်သလို ခပ်တည်တည် မေ့မေ့လျော့လျော့ နေနိုင်တဲ့ သဘာဝကိုပါ။ လောကကြီးမှာ လူတွေအဆီငေါ် မတည့်မှုတွေ၊ နိုင့်ထက်ဆီးနင်းမှုတွေ၊ မတရား ကျင့်ကြံမှုတွေ တွေ့တိုင်း စိတ်ထဲကနေ အဲဒီလူတွေကို အော်ဟစ်ပြီး မေးလိုက်ချင်ပါတယ်။ “ ရှင်တို့မကြောက်ကြဘူးလား ” လို့။
ဒါမှမဟုတ် သူတို့ကြောက်တဲ့အရာနဲ့ ကျွန်မကြောက်တဲ့အရာပဲ မတူလေလို့လားမသိ လို့သူတို့ဘက်ကလည်း တွေးမိပါတယ်။ ကျွန်မစိတ်ထင် သူတို့က ပစ္စုပ္ပန်မှာ ကိုယ်၊ စိတ် နှစ်ပါး ဆင်းရဲကျပ်တည်းမှာကို ကြောက်ကြတယ် ထင်ပါရဲ့။

ကျွန်မကတော့ ငယ်ငယ်ထဲက သွန်သင်ဆုံးမမှုတွေနဲ့ အစွဲတွေကြောင့်ပဲလား၊ ဘာသာတရားတွေရဲ့ ပြောဆိုညွှန်ကြားချက်တွေကြောင့်ပဲလား မသိ ကျွန်မလိုက်မမှီနိုင်တဲ့၊ မသိနိုင်တဲ့ သေပြီးနောက်ဆိုတာထက် မသေခင်အချိန်မှာ မကောင်းတာလုပ်ခဲ့ဖူးရင် ပြန်ခံစားရမယ်ဆိုတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ပူလောင်မှု နောင်တတွေကို ပိုကြောက်ပါတယ်။ အဲဒိအချိန်မှာ အိုမင်းမစွမ်း ဆိုတာတွေ၊ ရောဂါဝေဒနာဆိုတာတွေ က မလှုပ်နိုင်လောက်အောင် အခိုင်ခန့်ဆုံး ချည်နှောင်ထားပြီးမှ ခံစားရမယ်ဆိုတာက တွေးကြည့်ရုံနဲ့ ကြက်သီးထလောက်ပါတယ်။ အဲဒိတော့ ကျွန်မနေထိုင်ခဲ့တဲ့ သက်တမ်းတလျှောက် “သူများကိုလုပ်မိလို့ ကိုယ်ပြန်ခံရတယ်ဆိုတဲ့နောင်တ”မျိုး မကျန်ရလေအောင် အတတ်နိုင်ဆုံး သတိထားရှောင်ကြဉ်ပါတယ်။ ဒီကြားထဲကမှ မရှောင်လွှဲသာလို့ ကြုံတွေ့လာနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်ဆိုး ဆိုရင်လည်း အသက်ရှင်စဉ်မှာ ကောင်းမွန်ရဲရင့်စွာ နေထိုင်ခဲ့ဖူးရင် အသေရဲမယ်လို့ ထင်ပါတယ်။

ကျွန်မမှတ်သားဖူးတဲ့ စာလေးတပိုဒ်အရ ဆိုရင်

လူရဲ့လုပ်ဆောင်ချက် ဟူသမျှဟာမိမိကိုယ်ကို ချစ်ခြင်းတည်းဟူသောအတ္တမှပေါ်ထွက်လာတယ် ” တဲ့။

အဲဒိစကားအတိုင်းဆိုရင်တော့ ကျွန်မလိုအတွေးမျိုးနဲ့ မကောင်းတာရှောင်ကြဉ်တာဆိုရင် ကိုယ်ပြန်ခံရမှာ ကြောက်လို့ ဆိုတဲ့ အတ္တကြောင့်ထင်ပါရဲ့။

Wednesday, 14 February 2007

You & me - the cranberries


I'm not going out tonight

'cos I don't want to go

I am staying at home tonight

'cos I don't want to know

You revealed a world to me

and I would never be

Dwelling in such happiness,

your gift of purity

Eh-ee-oh, eh-ee-oh,

eh-ee-oh, eh-ee-oh x2

Aahh, you and me it will always be

You and me Forever be,

Eternally it will always be

you and me

Taylor, Taylor, Taylor, Taylor

I don't pay attentionto the ones who never cared

Find your own direction'cos there's sweetness in the air

You will be the world to me

and I will always be

Dwelling in this happiness,your gift of purity

Eh-ee-oh, eh-ee-oh,

eh-ee-oh, eh-ee-oh x2

Aahh, you and me will always be

You and me Forever be,

Eternally will always be

You and me

Always be You and me

Forever be, Eternally

It will always be You and me

Forever be, Eternally

Taylor, Taylor x4

ဖေဖော်ဝါရီ 14

ချစ်သူများရဲ့နေ့မှာ ကျွန်မချစ်တဲ့သူများရဲ့အချစ်တွေက ကျွန်မရဲ့နေ့လေးကို ပိုမိုလှပ ပြည့်စုံစေပါတယ်။ ည 12 နာရီတိတိမှာ အိမ်ဖုန်းမြည်သံကြားပေမဲ့ ဘယ်သူမှန်းမသိဘူးဆိုပြီး ထမကိုင်ဖြစ်တဲ့ ကျွန်မ နောက်ထပ် 2 နာရီမှာ တခါ ဖုန်းထပ်လာတော့ ဘယ်သူများ အရေးကြီးလို့လဲ မသိ ဆိုပြီး ဖုန်းကိုင်တော့ ဒီနှစ်ရဲ့ ပထမဆုံး ဆုတောင်းလေးကို စကြားရတော့ပါပဲ။ ချစ်ရတဲ့ ငယ်သူငယ်ချင်းတယောက် ကျွန်မနေတဲ့ နိုင်ငံရဲ့ ည12 ထိုးကတည်းက ကျွန်မအတွက် ဆုတောင်းပေးဖို့ ကြိုးစား ခေါ်နေတာပါ။ သယ်ရင်းကို အရင်ထက်နှစ်ဆ ပိုချစ်ပြီး ကျေးဇူးတင်သွားတယ်။

tvတွေကြည့် internet တွေသုံးရတာ ဝသွားတော့မှ အိပ်တော့မယ်ဆိုပြီး alarm ပေးဖို့ hp လေးကို ယူလိုက်တဲ့ မနက် 5 နာရီအချိန်လောက်မှာ နောက်ထပ်သူငယ်ချင်းတယောက်ရဲ့ သိပ်ချစ်စရာကောင်းတဲ့ ဆုတောင်း msg လေးတခု ဝင်လာပါတယ်။ ကျေးဇူးတင်တဲ့အကြောင်း ကျွန်မကပြန်ပို့၊ သူက မအိပ်သေးဘူးလားဆိုပြီး ပြန်ပို့ နဲ့ အပြန်အလှန် တွေပို့လိုက်ကြတာ တယောက် 5 စောင်လိုက်ဆီ ပို့ပြီးမှ ကျေနပ်သွားကြတော့တယ်။

အဲဒီအချိန်မှာပဲ ကျွန်မရဲ့ thousandth man လေးလဲနိုးလာပြီး ကျွန်မအတွက် ဆုတောင်းအနမ်းလေး ထပ်ပေးတော့ ကျွန်မအတွက် အရာရာပြည့်စုံ လှပသွားပြီပေါ့။

ဒီနှစ်အတွက်လည်း အပျော်ခံစား၊ အရင်နှစ်တွေက ကြည်နူးမှုတွေကို ပြန်ပြောင်းတသနဲ့ စိတ်တွေက ဟိုရောက် ဒ်ီရောက်ရယ်ပေါ့။ ချစ်သူများနေ့ဆိုတာ ရည်းစားချစ်မှရယ်မဟုတ်၊ ကိုယ်ချစ်တဲ့လူတွေ၊ သူငယ်ချင်းတွေကို အမှတ်ရတမ်းတတဲ့နေ့ဆိုပြီး အမှတ်တရ ကဒ်လေးပေးခဲ့ဖူးတဲ့ အထက်တန်းကျောင်းတုန်းက ချစ်လှစွာသော သူငယ်ချင်းတယောက်ကိုလည်း ဒီနေ့မှာ မှတ်မှတ်ယယပါ။ ကျွန်မ ဘဝမှာ ပထမဆုံး ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အဲဒိvalentine card နီနီရဲရဲလေးကို ခုထိမြတ်မြတ်နိုးနိုး သိမ်းထားဆဲပါ။

နောက်ထပ်အမှတ်ရစရာ တခုက (1999 ခုနှစ်တုန်းက ထင်ပါရဲ့) ၊ J'donut မှာလည်း ပထမဆုံးအကြိမ် ချစ်သူများနေ့ ကျင်းပမယ်၊ တခြားဆိုင်တွေမှာလည်း ကျင်းပမယ်ဆိုတော့ တွဲသွားစရာ ချစ်သူဆိုတာ က မူးလို့တောင် ရှုစရာမရှိပါဘူး။ ဒါပေမဲ့ ကိစ္စမရှိ၊ ချစ်သော သူငယ်ချင်းတွေရှိတယ်ဆိုပြီး သူငယ်ချင်းလေးယောက် တနေကုန် လျှောက်လည်ခဲ့ဖူးကြတာကိုလည်း မမေ့နိုင်အောင်ပါပဲ။

ရယ်စရာအကောင်းဆုံး ကိစ္စကတော့ မနှစ်ကပါပဲ။ လက်ထပ်ထားတာ တလတောင်မပြည့်သေးတဲ့ ကျွန်မတို့နှစ်ယောက်ကတော့ ညဘက်အပြင်ထွက်လည်ပြီး dinner သွားစားမယ်ပေါ့။ ဒါပေမဲ့ အဲဒိအချိန်မှာ သတိရသွားတာက ဒီနိုင်ငံမှာ ကျွန်မရဲ့အရင်းနှီး၊ အချစ်ခင်ရဆုံး အမကြီးတယောက်ကိုပါ။ သူက တကိုယ်တည်း သမားဆိုတော့ အိမ်မှာ ပျင်းနေရှာမှာပဲဆိုပြီး လှမ်းခေါ်လိုက်ပါတယ်။ သူကလည်း ဒေါသတကြီးနဲ့ကို လိုက်ပါမယ်တဲ့။ သူ့အလုပ်ထဲမှာ လူတိုင်းနီးပါးက သူ့ကို ဒီညဘယ်မှမသွားဖူးလား၊ ခေါ်မဲ့သူမရှိဖူးလားဆိုပြီး စကြလွန်းလို့ သူစိတ်ဆိုးနေတာ။ ကျွန်မတို့ကလှမ်းခေါ်လိုက်တော့ သူလည်း ချက်ချင်းပဲလိုက်လာတာ။ ပြသနာက ဆိုင်ရောက်တော့မှ တက်တာပါ။ ယိုးဒယားစားကြမယ်ဆိုပြီး thai restraunt တခုကိုသွားကြ ပါတယ်။ ခါတိုင်းစားနေကြဆိုင်က အဲဒိနေ့ကမှ ထူးထူးခြားခြား decoration တွေလည်း ပြောင်းထားတယ်။ ဆိုင်ထဲကိုလည်း ဒီအတိုင်းဝင်လို့မရဘူး။ waiter လာခေါ်မှ လိုက်ဝင်လို့ရပါတယ်။ သူပြပေးတဲ့နေရာမှာပဲ ထိုင်ရပါတယ်။ ဝင်ဖို့အရေးတန်းစီနေလိုက်ကြတာလည်း လူတွေက ဆိုင်အပြင်တောင် တော်တော်ရောက်နေပြီ။ ကျွန်မတို့လည်း ဝင်တန်းစီကြတာပေါ့။ အကုန်လုံးက အတွဲတွေချည်းဘဲ။ ထူးထူးခြားခြား ကျွန်မတို့ပဲ သုံးယောက်။ ကျွန်မရဲ့ thousandth man ကလည်း ပြုံးဖြီးဖြီးပေါ့။ ဒီလိုနေ့မျိုးမှာ အကုန်လုံးက အဖော်တယောက်စီပဲ၊ သူကျမှ ဘယ်တယောက် ညာတယောက်ဆိုတော့ ..အင်း ဂုဏ်ယူမယ်ဆို ယူလောက်စရာပါ။ (အမကြီးက ကျွန်မထက် အသက်အများကြီး ကြီးပေမဲ့ မထင်ရလောက်အောင် နုပျိုလှပသူပါ။) ရှေ့က ဝင်သွားတဲ့လူတွေကိုကြည့်တော့ ဝင်ဝင်ချင်း waiter က နှင်းဆီပန်းလေးတပွင့် ပေးပါတယ်။ ပြီးတော့ ထိုင်ရမဲ့ စားပွဲပေါ်မှာလည်း လက်ဆောင်ဗူးလေး တင်ထားပါတယ်။ ကျွန်မတို့အလှည့်လည်း ရောက်ရော waiter လည်း ဘာလုပ်ရမယ်မှန်းမသိ စိတ်ညစ်သွားပုံရပါတယ်။ သူ့ သူဌေးကို အပြေးအလွှား သွားခေါ်တယ်။ အကုန်းလုံး က ကျွန်မတို့ကို ဝိုင်းကြည့်ကြတော့ ရယ်ချင်လိုက်တာအရမ်းပါပဲ။ သူတို့စိတ်ထဲမှာ တော်တော်ထူးဆန်းနေမှာ အသေအချာပါ။ နောက်ဆုံးတော့ သူဌေးရဲ့ ရက်စက်တဲ့ ဆုံးဖြတ်ချက်အောက်မှာ ကျွန်မတို့ နှင်းဆီပန်းရော၊ လက်ဆောင်ရော ဘာမှမရခဲ့ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အရသာရှိတဲ့ အစားအသောက်တွေရယ်၊ ကြည်နူးချမ်းမြေ့စရာ ကောင်းတဲ့ ညလေးတည ရယ် ပိုင်ဆိုင်ခဲ့ဖူးတာကတော့ အသေအချာပါ။

Tuesday, 13 February 2007

ဖေဖော်ဝါရီ 13

ဒီနေ့ ဖေဖော်ဝါရီ 13 ဆိုတော့ အားလုံး သိကြတဲ့အတိုင်း လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်းဆန်း ရဲ့မွေးနေ့ပါ။ ကျွန်မလည်း ဘယ်သူတွေဘာလုပ်ကြမလဲဆိုပြီး မှာ internet ဟိုကြည့် ဒီကြည့်လျှောက်ကြည့် တော့ ချီးမွှမ်းသံတွေ၊ကဗျာရွတ်ဆိုသံတွေ၊ ထောပနာပြုသံတွေ၊ ဆုတောင်းသံတွေ စီစီညံနဲ့ ကြည်နူးစရာပါ။
အဲဒီအထဲက သဘောကျတဲ့ ကဗျာလေးတပုဒ်ကို ခံစားကြည့်ကြပါအုံး။

ပြည်သူ့ကျေးဇူးရှင်

ပြည်သူလူထုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်အောင်ဆန်းပင်
ကိုယ်ကျိုးမဖက် အသက်စွန့်သွား
ပြည်သူကောင်းဖို့ သူကြိုးစား
မတရားတဲ့ အာဏာရှင်
ဘယ်သူဖြစ်ဖြစ် သူဆန့်ကျင်
သူလို စိတ်ထားမွေးသူများ
မကြောက်တရား လက်ကိုင်ထား
ဖေဖော်ဝါရီ 13ဖွား ဦးအောင်ဆန်းလိုဗျား... တဲ့။

သဘောကျစရာကောင်းလိုက်တာနော်။ နောက်တဆက်တည်း ဆက်တွေးမိတာကတော့ ဗိုလ်ချုပ်ဟာ တော်လိုက်တာ။ အသက် 17 မှာ တက္ကသိုလ်ရောက်တယ်။ အသက် 20 လောက်မှာ အမျိုးသားပညာရေးအတွက် ဦးဆောင်တိုက်ပွဲဝင်သူဖြစ်နေပြီ။အဲဒီနောက်မှာတော့ ကြိုးပမ်းမှုတွေ၊ အောင်မြင်မှုတွေက အဆင့်ဆင့်။ သပိတ်ပွဲတွေ၊ သမဂ္ဂတွေမှာ ဦးဆောင်သူ။ အစည်းအရုံးတွေ၊ အဖွဲ့အစည်းတွေရဲ့ ဥက္ကဌ။နောက်ပြီး မြန်မာ့တပ်မတော်ကြီးကို စတင်ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သူ။ နောက်ထပ် မြန်မာ့သမိုင်းမှာ အမြင့်မားဆုံး စွမ်းဆောင်ချက်ဖြစ်တဲ့ ပြည်နယ်၊ပြည်မ မခွဲခြားဘဲ တမျိုးသားလုံး သွေးစည်းညီညွတ် ချစ်ခင်မှုကို ဆောင်ကြဉ်းပေးနိုင်သူ။ သက်သေ က “ပင်လုံစာချုပ်”။ အဲဒီစာချုပ်ရဲ့ အနှစ်သာရ၊ သဘောတရား နဲ့ လေးနက်မှု ရာဇဝင်တွေကို ဦးဖေခင်ရေးတဲ့ “ပင်လုံသမိုင်း” ဆိုတဲ့ စာအုပ်လေး ဖတ်ဖူးတော့မှပဲ ရေရေလည်လည် သဘောပေါက်တော့တယ်။

အသက် 33 နှစ်ဆိုတဲ့အရွယ်ဟာ လူဘဝမှာ အအောင်မြင်၊ အတက်ကြွဆုံး အရွယ်၊ ရွှေရောင်အလင်းလက်ဆုံး အခါသာမယ တွေပါ။ အဲဒီလိုအချိန်မှာ ဗိုလ်ချုပ်လို လူတော်တယောက်ကို ဆုံးရှုံးလိုက်ရတာဟာ အင်မတန် နှမြောစရာပါ၊ တိုင်းပြည်အတွက်လည်း အလွန်နစ်နာလှပါတယ်။ ဒါပေမဲ့ လူဘဝ ကို ရလိုက်တဲ့ ခဏတာအချိန်ကာလ လေးမှာ မြန်မာက သာမက ကမ္ဘာကပါ လေးစားကြည်ညိုလောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သူရဲ့စွမ်းဆောင်ချက်တွေ ၊ စိတ်ဓာတ် နဲ့ စွမ်းရည်တွေကတော့ မြန်မာတည်သရွေ့၊ ကမ္ဘာတည်သရွေ့ ရှိနေမှာပါ။ စာရေးဆရာမ ဂျူးပြောတဲ့ စကားလေးနဲ့ပဲ ဗိုလ်ချုပ်ကို ဂုဏ်ပြုချင်ပါတော့တယ်။
“ သေသောသူ၌ မသေသော ဂုဏ်သတင်းရှိပါစေသတည်း”

Sunday, 11 February 2007

အကြွေးရှိမှ သူဌေးဖြစ်မည်



နိုင်ငံရပ်ခြား ရောက်နေကြသူတိုင်းအတွက်တော့ credit card, loan, mortgage ဆိုတာတွေနဲ့ သိပ်မစိမ်းလှပါဘူး။

credit card ဆိုတာကတော့ အကြွေးဝယ်ယူခွင့်ကဒ်ပြား။ ထုတ်ပေးတဲ့ ဘဏ်အပေါ်မူတည်၍သော်လည်ကောင်း၊ ကဒ်ပေါ်မူတည်၍သော်လည်းကောင်း ( initial, gold, platinum စသည်ဖြင့်) ထုတ်ချေးတဲ့ ငွေကြေးပမာဏ နဲ့ အတိုးနှုန်းထားတွေက မတူညီကြပါဘူး။

loan ဆိုတာကတော့ ရေရှည်ချေးငွေ လို့ဆိုရမယ်ထင်ပါတယ်။ ချေးချင်တဲ့ ငွေပမာဏ၊ ပြန်ဆပ်ချင်တဲ့ နှစ် ကာလအရေအတွက်အပေါ်မှာမူတည်ပြီး ကျသင့်တဲ့ အတိုးနှုန်းထားကို တခါတည်း တွက်ချက်ပြီး တလမှာ ဘယ်ရွေ့ဘယ်မျှ ပြန်ဆပ်ရမည် ဆိုတဲ့ သဘောတူညီချက်နဲ့ ချေးတဲ့ ပုံစံတမျိုးပါ။ credit card တွေထက် အတိုးနှုန်းထား သက်သာ ပါတယ်။

mortgage ဆိုတာကတော့ အိမ်ဝယ်တဲ့အခါမှာ အိမ်ဖိုးပိုက်ဆံ အပြည့်မရှိလို့ လိုတဲ့ငွေကို ဘဏ်က ထုတ်ချေးတဲ့ ရေရှည်ချေးငွေ ပုံစံ တမျိုးပါပဲ။ သူရဲ့အတိုးနှုန်း တွက်ပုံတွေက နည်းနည်းလေးရှုပ်ထွေးပါတယ်။ ငွေကြေးတန်ဖိုးတွေက အမြဲတမ်း အတက်အကျဖြစ်နေတတ်လို့ fixed rate ရယ် flat rate ရယ်ဆိုပြီး တွက်ချက်နည်း ပုံစံနှစ်မျိုး ရှိပါတယ်။ နှစ်တော်တော်ကြာကြာချေးရတဲ့ ရေရှည်ချေးငွေ တမျိုးဖြစ်တာကြောင့် ချေးလိုသူရဲ့ အသက်အရွယ် နဲ့ တကိုယ်တည်းသမားလား ဆိုတဲ့ အချက်တွေကလည်း အရေးကြီးတဲ့ အချက်တွေထဲမှာပါ ပါတယ်။

ဘဏ်တွေနဲ့ ချေးငွေတွေအကြောင်းကို အဲဒီလို ယေဘုယျ သဘောလောက်သာ သိထားတဲ့ ကျွန်မအတွက်တော့ jeffrey archerရဲ့ kane & abel ဆိုတဲ့စာအုပ်ရယ်၊ arthur hailey ရဲ့ the money changers ဆိုတဲ့စာအုပ်ရယ် ဖတ်အပြီးမှာတော့ ကျွန်မပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘဏ်တွေဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါတော့တယ်။ တကယ့်ကို ကမ္ဘာကျော်စာရေး ဆရာကြီးတွေ ပီပီ ဘဏ်တွေအကြောင်း အသေးစိတ်လေ့လာပြီး ဘဏ်တွေအလုပ်လုပ်ပုံ အနုစိတ်ကို ချယ်မြုန်းထားပါတယ်။ စီးပွားရေးလုပ်ငန်းတရပ်အနေနှင့် ဘဏ်လုပ်ငန်းက စိတ်ဝင်စား စရာကောင်းလှပါတယ်။ ဘဏ်လုပ်ငန်းရဲ့ အဓိကလုပ်ငန်းလို့ ဆိုရလောက်အောင် ဒီအကြွေးကဒ် စနစ်ကလည်း နှစ် 40-50အတွင်း အောင်အောင်မြင်မြင်ကြီးကို တိုးတက် ကြီးထွားလာပါတယ်။ ဘဏ်လုပ်ငန်းရှင်တွေဟာ လိုအပ်တာထက် အဆပေါင်းများစွာပိုပြီး အတိုးနှုန်းထားတွေယူကြတယ်။ လူသားတွေ ဒုက္ခရောက်အောင် မွဲဆေးဖော်ပေးကြတယ်။ အကြွေးစနစ်နဲ့ စာရိတ္ဘတွေ ဖျက်ဆီးတယ်။ လက်ငင်းပေးစရာမလို၊ တသက်လုံး ကုန်းဆပ်ဖို့သာလိုသည် စသည်ဖြင့် အမျိုးမျိုးဝေဖန်တိုက်ခိုက်မှုတွေကြားကပဲ အောင်မြင်မှုသရဖူတွေဆောင်းလာလိုက်တာ အခုဆိုရင် credit card ကလေးမှမရှိရင် မျက်နှာငယ်သလိုလို၊ ခေတ်မမှီသလို အခြေအနေမျိုး အထိပါပဲ။

ဒီထက်ပိုဆိုးတာက ဖေဖော်ဝါရီ 1 ရက်နေ့ က The wall street journal မှာပါတဲ့ The suprising borrowing habbits of the rich ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်မှပဲ ချမ်းသာတဲ့လူများလည်းကြွေးနဲ့ မကင်းနိုင်ပါလား လို့သိလိုက်ရပါတယ်။

A closer look at the nation's personal borrowings shows that the rich are piling on debt faster than the middle class -- though for very different reasons.
According to the Federal Reserve Board's Surveys of Consumer Finance, the nation's richest 1% loaded up on $342 billion in new debt between 1998 and 2004, the latest year for which data are available. (The 1% represents households with net worths, including primary residence, of at least $6 million.) Economists say that debt number has probably continued to grow since 2004, because interest rates remain low by historical standards.



In fact, some sociologists and economists say the rise in wealthy people's debt stems in large part from the growing pressure among the elite to keep up with richer peers. The biggest disparities in wealth today are among the rich, with mere millionaires getting shoved aside by decamillionaires, centimillionaires and billionaires.
So the haves are borrowing more to keep up with the have-mores. Those in the 95th percentile to 99th percentile of wealth have almost twice as much debt as the top 1%, as measured against assets. Economists and wealth managers say it's the single-digit millionaires who are becoming the most stretched, as they borrow to match the lifestyle of even-wealthier people.
The result, says Dalton Conley, a sociologist at New York University who studies status, is even more debt. "What we're seeing is the top 1% struggling to keep up with the top 1/10th of 1%," he adds. "And those people trying to keep up with the top 1/100th of 1%. There is a drive by the merely rich to keep up with the obscenely rich."


စကားမစပ် နောက်ထပ် ရယ်စရာတခုပြောရရင် ဒီနှစ် x'mas sale ချတဲ့အထဲမှာ ဘဏ်တွေလည်း ပါပါတယ်။ ဘဏ်တွေရှေ့မှာ sale ဆိုတဲ့ စာတန်းကြီးတွေကို တခမ်းတနား ချိတ်ဆွဲထားတာ မြင်တော့ ကျွန်မလည်း နည်းနည်း ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ဘဏ်တွေက ဘယ်လိုများ sale ချလေမလဲ ဆိုပြီးတော့ ပေါ့။ နောက်သေသေချာချာ ဖတ်ကြည့်လိုက်တော့မှ loan ယူထားတဲ့သူများ သတ်မှတ်ကာလထက် စောပြီး အကြေဆပ်နိုင်လျှင် အတိုး ဘယ်ရွေ့ဘယ်မျှ ပြန်ပေးမည့်အကြောင်း၊ credit card သမားများကတော့ ဘယ်နှစ်လ အတွင်း အတိုးမယူကြောင်း၊ လျော့ပေးမည့်အကြောင်း စုံလို့ပါပဲ။

ဟုတ်ကဲ့ အကြောင်းအရာ အချက်အလက်တွေပြောတာများသွားပြီး ကျွန်မရဲ့ ကိုယ်ပိုင်အမြင်လေး မပါသေးဘူးဖြစ်နေတယ်။ ဒီနိုင်ငံတွေမှာ ကြီးလှပါတယ်ဆိုတဲ့ အတိုးနှုန်းဟာ ကျွန်မတို့ နိုင်ငံနဲ့ ယှဉ်ကြည့်ရင် တော်တော်လေးကို သက်သာနေပါသေးတယ်။loan နဲ့ချေးမယ်ဆိုရင် pound 5000 ကို နှစ်နှစ်အတွင်းပြန်ဆပ်မယ်ဆိုရင် ပုံမှန်အတိုးနှုန်း တစ်လကို pound 50 ထက်မကျော်ပါဘူး။ 1% လောက်ပဲ ရှိပါတယ်။ ဒီတော့ အလွန်အကျွံသဘောမဟုတ်ဘဲ သုံးတတ်ရင်တော့ ဆေး လို့ ယူဆပါတယ်။ money management နိုင်နင်းတဲ့ သူတွေအတွက် အကျိုးရှိတဲ့ သာဓကတွေ အများကြီးပါ၊ ပညာရှာလိုသူများအတွက် student loan နဲ့ uni သွားနိုင်သလို စီးပွားရေးသမားတွေအတွက် လည်း လည်ပတ်နေတဲ့ စီးပွားရေးမှာ ချင့်ချိန်သုံးရင် အကျိုးများနိုင်ပါတယ်။ လိုရာခရီးကို အချိန်မြန်မြန်နဲ့ ရောက်နိုင်တာပေါ့။ mortgage နဲ့ အိမ်ဝယ်သူများအနေနဲ့လည်း အမြဲတမ်း တက်နေတဲ့ ဒီနိုင်ငံရဲ့ အိမ်ဈေးတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်ရသူ ရှားမှရှားပါ။ အဲဒီလိုမှမဟုတ်ဘဲ သုံးဖို့၊ ဖြုန်းဖို့အတွက် သုံးမယ်ဆိုရင်တော့ ဒုက္ခရယ်၊ လှလှရယ်၊ ကိုယ်ရယ် ပျော်ပျော်ပါးပါးကြီး တွေ့သွားရဖို့အကြောင်း တော်တော်လေးရှိကြောင်းပါ။

Thursday, 8 February 2007

စာစု



လောကကြီးမှာ လူသားတွေအားလုံးဟာ အသက်ရှင်နေစဉ်မှာ လုပ်သင့်လုပ်ထိုက်တဲ့ အကျိုးရှိတဲ့ အလုပ်တွေလုပ်ရင်း မျှော်လင့်ချက်တွေနဲ့ ရဲရဲရင့်ရင့် နေထိုင်နေကြတယ်။ မနက်ဖြန်ကိုယ်သေချင်သေမယ်။ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ ဒါပေမဲ့ ကိုယ်လုပ်စရာ ရှိတာတွေကို လုပ်ရမယ်။ ဖြူစင်တဲ့ စေတနာနဲ့ ရဲရင့်တဲ့စိတ်ရှိဖို့ လိုတယ်။ လူတယောက်ဟာ လူဖြစ်လာပြီးပြီဆိုရင်လဲ ရလာတဲ့လူ့ဘဝအပေါ် ကျေနပ်ပျော်ရွှင်ရဲတဲ့ သတ္တိရှိရမယ်။
ဂျူး -- ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ-


ကြီးကြီးကျယ်ကျယ်ဖြစ်ဖို့အတွက် ကြီးကြီးကျယ်ကျယ် ကြိုးစားဖို့ပဲရှိပါတယ်။ တခြားနည်းလမ်း မရှိပါဘူး။
နန္ဒာသိန်းဇံ---- ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း


အမေ ဘယ်လိုသိပ်သိပ် ကိုယ်အိပ်မှ ပျော်မယ့်ညပါ
ကိုယ်မီးအိမ် ကိုယ်တိုင်မြှောက်လို့
ကိုယ်မီးတောက် ကိုယ်ထွန်းညှိခဲ့ပါတယ်။
မောင်သာချို

Wednesday, 7 February 2007

အလှကိုယ်စီ

~
ဖိုးလမင်းလည်း သူ့အဆင်းနှင့် သူ့အလင်းနှင့်
မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်
စံပယ်ဖူးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်
ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်
မြေပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်
စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်
မည်သည့်အရာ မဆိုသာတည့် သူမှာကိုယ်မှာ အလှသာတည့်
သဘာဝလျှင် အလှကိုယ်စီ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏
အလှဝန်တို မငြိုငြင်နှင့်
ဝန်တိုမှုသာ မလှရာတည့်
သူဂုဏ် သူသိန် သူအရှိန်နှင့်
အချိန်အခါ နေရာဒေသ
ဋ္ဌာနအလျှောက် အရေးရောက်သည်
စွမ်းလောက်နိုင်သူ ချည်းပါတကား........

တင်မိုး

Sunday, 4 February 2007

ကျွန်မနေသော နိုင်ငံ

ကျွန်မနေတဲ့ နိုင်ငံကို ခေါ်တာနာမည်တွေစုံနေတာပဲ.. englandတဲ့၊ great britain တ၊ဲ့ UK တဲ့။ ကျွန်မကိုယ်တိုင်လည်း ဘာကိုဘယ်လိုသတ်မှတ်ပြီးခေါ်လည်းဆိုတာ မကွဲပြားပါဘူး။ ဟိုနေ့ကမှ europian business law ဆိုတဲ့စာအုပ်ထဲမှာ ရှင်းထားတာတွေ့တော့မှ သိသွားတာပါ။
britain --> england, scotland, wales
UK --> britain, northern ireland, the isles of man, the channel islands, the orkneys and various other offshore islands

အဲဒီစာအုပ်လေးဖတ်ပြီး အင်္ဂလန်ကို ပိုစိတ်ဝင်စားသွားတယ်။ ဘာလို့လဲဆိုတော့ europe ထဲမှာ အင်္ဂလန်ဟာ သိပ်ချမ်းသာလှတဲ့ နိုင်ငံထဲမှာတော့ မပါပါဘူး။ GDP ကလည်းသိပ်မမြင့်လှပါဘူး။ ဒါပေမဲ့ ဒီနေ့ကမ္ဘာမှာ အင်္ဂလန် စတာလင်ပေါင်ဟာ တန်ဖိုးအမြင့်ဆုံးပါ။ သေချာစဉ်းစားကြည့်ရင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အင်္ဂလန်ဟာ ပထဝီအနေအထားအရ နိုင်ငံငယ်လေးတခုပါ။ ရာသီဥတုကလည်း တော်တော်လေး ဆိုးဝါးပါတယ်။ အဓိကထွက်ကုန်လည်း သိပ်မရှိသလောက်ပါပဲ။ ဒီပြင့်နိုင်ငံတွေရဲ့ ကိုလိုနီလုပ်ခြင်းကိုလည်း ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးတွေနဲ့တောင် ကမ္ဘာမှာ နေမဝင် အင်ပါယာကြီးကို တည်ထောင်နိုင် ခဲ့ဖူးပါတယ်။ပြီးတော့သူတို့ရဲ့ ဘာသာစကားကို တကမ္ဘာလုံးပျံနှံ့အောင် ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။ ဒီနေ့ ဒီအချိန်ထိလည်း သူတို့ရဲ့ငွေကြေးတန်ဖိုးကို ထိန်းသိမ်းထားနိုင်တယ်ဆိုတော့ သူတို့မှာ သူများထက်သာတဲ့ အရည်အချင်းရှိလို့ဘဲ ဖြစ်ရမယ်လို့ ကျွန်မကတော့ ယူဆပါတယ်။
ကျွန်မလေ့လာကြည့်ရသလောက်လဲ အင်္ဂလိပ်တွေဟာ တခြားလူမျိုးတွေထက် စည်း၊စနစ်လဲကျပါတယ်။ စဉ်းစားချင့်ချိန် သေချာတွက်ချက်ပြီး အလုပ်လုပ်တတ်ပါတယ်။အချိန်ကာလ နဲ့ နေရာဋ္ဌာန ကို တော်တော်လေးသဘောပေါက်တယ်လို့ ထင်ပါတယ်။ အာရှသားတွေမှာ သူတို့ထက် ထူးခြားသာလွန်တဲ့ အရည်အချင်းကတော့ အရမ်းကြိုးစားခြင်းပါဘဲ။ အင်္ဂလိပ်တွေကို ဥာဏ်အရည်အချင်းအရ မသာနိုင်ရင်တောင် ကိုယ်ရတဲ့အခြေအနေ အနေအထားတခုမှာ ရနိုင်သလောက်စွမ်းအားအပြည့် ကြိုးစားခြင်းပါပဲ။ အာရှသားတွေအတွက် ခွင့်၊ အပန်းဖြေခြင်း တို့ဆိုတာ သိပ်အရေးတကြီးကိစ္စမဟုတ်ပေမဲ့ အင်္ဂလိပ်တယောက်အတွက်တော့ တော်တော်လေးအရေးပါ ပါတယ်။

နောက်ပြီးကျွန်မ မှတ်သားဖူးတဲ့ စကားလေး ကတော့ အမေရိကားကို “ လွတ်လပ်တဲ့ သမီးပျို ” တဲ့။ မစဉ်းစား မဆင်ခြင်ဘဲ ထင်ရာစိုင်းတက်တဲ့ ကောင်မလေးပေါ့။ အင်္ဂလန်ကိုတော့ “ လွတ်လပ်တဲ့ အဘိုးအို” ပါတဲ့။ စဉ်းစား ဆင်ခြင် ချင့်ချိန်တတ်တဲ့ လူကြီးတယောက်ပေါ့လေ။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက အင်္ဂလန်ရဲ့ prime ministerဟာ အင်္ဂလန်နိုင်ငံအတွက်သာမက တကမ္ဘာလုံးအတွက်လည်းအရေးကြီးတဲ့ အနေအထားမှာ ရှိတယ်လို့ဆိုပါတယ်။ ကျွန်မဒီကိုစရောက်တဲ့ 2000လောက်ကတည်းက အခုအချိန်ထိ ဝန်ကြီးချုပ်ဖြစ်နေတဲ့ tony blair ဟာဆိုရင်လည်း ကျွန်မအတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ ပုဂ္ဂိုလ်တဦးပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ထက်မြက်တဲ့အရည်အချင်း နဲ့ မနားမနေလုပ်ဆောင်ကြိုးပမ်းမှုတွေကြောင့်ပါ။ oxford university ထွက် barrister တဦးပီပီ သူတပါးလက်ခံချင်လာအောင်၊ မငြင်းချင်လောက်တော့အောင် ဆွဲဆောင်နိုင်တဲ့ စကားပြော အရည်အချင်းကလည်း အံ့မခန်းပါ။

ကျွန်မက သူတော်လိုက်တာလို့ ထင်မိတော့ ကျွန်မထက်နားလည်သူတွေ ဘာပြန်ပြောလဲဆိုရင် အဲဒီလူတွေတော်တာထက် အဲလိုတော်တဲ့လူတွေကို ရွေးချယ်နိုင်တဲ့၊ မဲပေးနိုင်တဲ့ ပြည်သူတွေကမှ တကယ်တော်တာပါတဲ့။ ဘာလို့လဲဆိုရင် စစ်တိုက်ဖို့လိုအပ်တဲ့ကာလမှာ စစ်သားတယောက်ကို မဲပေးခဲ့ပါတယ်။ သူတို့တွက်ထားတဲ့အတိုင်း အဲဒီစစ်သားဟာ ရွံရွံချွံချွံ တိုက်ခိုက်ပြီး အောင်ပွဲတွေယူဆောင်လာနိုင်ခဲ့ပေမဲ့ သူကို နောက်တကြိမ် ရွေးကောက်ပွဲမှာ ထပ်ပြီးမဲမပေးပါဘူး။ စစ်သွေးကြွပြီး စစ်ပွဲတွေ ထပ်တိုက်နေမှာစိုးတဲ့အတွက် ပြန်လည်တည်ဆောက်ရေးလုပ်နိုင်တဲ့ သူတယောက်ကိုပဲ မဲပေးခဲ့ပါတယ်။

ကျွန်မဒီလောက်တောင် အင်္ဂလိပ်တွေအကြောင်းပြောနေတော့ သူတို့ဟာ သိပ်တော်၊ သိပ်ကောင်းတဲ့ လူတွေလားလို့မေးလာခဲ့ရင် ကျွန်မက မဟုတ်ပါဘူးလို့ ချက်ချင်းဖြေမှာပါ။ သူတို့ဟာ ပညာတတ်တွေပီပီ ပြုံးပြုံး ပြုံးပြုံးနဲ့ ပညာရှိနည်းတွေနဲ့လည်း နှိပ်စက်တက်ပါတယ်။ ကမ္ဘာနိုင်ငံရေးလောကမှာလည်း နောက်ကနေ လိုသလို ကျားကွက်ရွေ့နိုင်ပါတယ်။ နောက်ပြီး ကမ္ဘာမှာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား ၊ အိန္ဒိယ နှင့် ပါကစ္စတန်၊ မြန်မာပြည်မှာတောင် အထက် နှင့်အောက် မြန်မာပြည်ရယ်လို့ စသည်ဖြင့် သေသေချာချာ သွေးခွဲနိုင်ခဲ့တာ သူတို့ပါ။ ဒါပေမဲ့ သူတို့ဘယ်လောက်တော်လဲဆိုရင် သူတို့နယ်ချဲ့ခဲ့ပေမဲ့ နယ်ချဲ့ခံခဲ့ရတဲ့သူတွေဟာ သူတို့ကို မမုန်းကြပါဘူး။ သူတို့ကို အထင်ကြီးလေးစားခဲ့ကြဖူးပါတယ်။ ကိုလိုနီခေတ်၊ မဆလ ခေတ်၊ နအဖ ခေတ်တွေထဲမှာ ဘယ်ခေတ်ကိုကြိုက်သလဲမေးရင် ရှေ့မှီနောက်မှီတွေထဲမှာ ကိုလိုနီခေတ်ကို ကြိုက်နှစ်သက်သူတွေအများကြီးပါ။

နယ်ချဲ့ချင်း အတူတူ ဂျပန်နယ်ချဲ့က အင်္ဂလိပ်နယ်ချဲ့ထက်ပိုဆိုးတာ မြန်မာနိုင်ငံသားတိုင်းအသိပါ။ အင်္ဂလိပ်နယ်ချဲ့ကို ဆိုးဆိုးရွားရွား မုန်းတဲ့သူ ကျွန်မတော့ သိပ်မတွေ့ဖူးပါဘူး။ လွတ်လပ်ချင်တဲ့ စိတ်အရင်းခံနဲ့ဘဲ တော်လှန်ကြတာပါ။ ဒါပေမဲ့ ဗီယက်နမ်ကတော့ အမေရိကန်နယ်ချဲ့ကို သေသေချာချာကြီးကို မုန်းပါတယ်။ ဟုတ်ကဲ့ ..ကျွန်မကတော့ အင်္ဂလိပ်တွေကို လူကောင်းမဟုတ်တဲ့ လူတော်တွေလို့ဘဲ ဆိုချင်ပါတော့တယ်။

ကျွန်မရဲ့ ကိုယ်ပိုင်အမြင် သက်သက်ပါ။ နားလည်ယူဆပုံ မတူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Saturday, 3 February 2007

ကချေသည်မလေးများ














တာရာမင်းဝေ ရဲ့ စာအုပ်တွေထဲမှာ ဒီစာအုပ်ကို အကြိုက်ဆုံးလို့တောင် ပြောလို့ရပါတယ်။ ဖတ်လိုက်တိုင်း ဘယ်တော့မှ ရိုးမသွားဘဲ အင်အားတွေ အမြဲတမ်းပေးတဲ့ စာအုပ်လေးပါ။


မြတ်ငြိမ်း ဘာသာပြန်တဲ့စာအုပ်ကို ဖတ်ဖူးတော့မှ တာရာမင်းဝေ ဟာ ဇာတ်လမ်းကြောရိုးကို နည်းနည်းများ မှီငြမ်းသလားလို့ ထင်မိပါတယ်။ ဒါပေမဲ့ နှစ်အုပ်လုံးဟာ အရသာတမျိုးစီနဲ့ တကယ်ကိုကောင်းတဲ့ စာအုပ်တွေပါ။


ငယ်ငယ်ထဲက တာရာမင်းဝေရဲ့ ကချေသည်မလေးဂျူနို ကို စွဲလန်းခဲ့ရသလို မြတ်ငြိမ်းရဲ့ ကချေသည်မလေး ဆာရာ ကလည်းတော်တော်နှစ်သက်စရာကောင်းလှပါတယ်။ သူတို့နှစ်ယောက်လုံး ကျွန်မကို ဘယ်လောက်တောင် စွဲဆောင်လိုက်နိုင်သလဲဆိုရင် သူတို့ဝိဥာည်တွေ၊ စိတ်ဓာတ်တွေဟာ ကျွန်မရဲ့သွေးထဲကို စီးဆင်းလာသလို ခံစားရပြီး သူတို့နဲ့အတူတူ မဆုံးတမ်း မမောတမ်း ကချင်နေမိတဲ့ အထိပါပဲ။




သိပ္ပံပညာက တို့လူသားတွေကို ကျောက်ခဲတွေပေးခဲ့တယ်။ လူသားတွေကလည်း အဲဒီကျောက်ခဲတွေနဲ့ မြို့တည်လိုက်တယ်။ဒါပေမဲ့ ဘာမြို့လဲ၊ ဘယ်လိုမြို့လဲဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး.....




အရှေ့ဘက်မြို့ရိုးမှာတော့ သူ့နာမည် သူထိုးထားလိမ့်မှာပေါ့


ခုထိတော့ ဖတ်လို့မရသေးဘူး


မိုးကြီးရွာရမယ်... မိုးကြီးရွာရမယ်...........




အဲဒီလိုမိုးကြီးရွာမှ မြို့ရိုးမှာရေးထားတဲ့စာက ပေါ်လာလိမ့်မယ်


အရှေ့ဘက်မြို့ရိုးမှာ မိုးတွေရွာရမယ်...


အရှေ့ဘက်မြို့ရိုးမှာ မိုးတွေရွာမှ ဖြစ်မယ်.....




အရှေ့မြို့ရိုးမှာဖြင့် (တစက်မျှသာဖြစ်စေ၊ တစက်လောက်သာဖြစ်စေ) မိုးကတော့ ရွာခဲ့ပါပြီ။ ဘာစာလုံး၊ ဘာသင်္ကေတကို မြင်ကြရပြီလဲ။ ကြေကွဲစွာတော့ ဖတ်ရလိမ့်ဦးမည်။




ကကွက်စည်းဝိုင်း၏ အနီးဆုံးစားပွဲလေးပေါ်မှာတော့ ဓာတ်ပုံတပုံ၊ နှင်းဆီပန်းတပွင့်။


မေမေတယောက်နှင့် သမီးလေးတယောက် လူ့လောကထဲကို ရောက်လာခဲ့ဖူးလေသည်။


Friday, 2 February 2007

This is the day - the cranberries



song dedicated to my best-ever special friend.. KNN