hits spiritcorner: ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

Friday 2 March 2007

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး


အသိတယောက်ဆီက ဓားပြတိုက်လာတဲ့ စာအုပ် 5 အုပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ “ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ” ဆိုတဲ့ စာအုပ်ကို ပထမဆုံး ဖတ်ဖြစ်တယ်။ ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ ဖတ်လို့ကောင်းတဲ့ စာအုပ်တအုပ်ပါ။

ပထမဆုံး ဒေါ်သန်းအေးရေးတဲ့ ဒေါ်စုအကြောင်းပါ။ ဒေါ်သန်းအေးဆိုတာ ဘယ်သူလဲ ဆိုတာကို အခုလိုဖော်ပြထားပါတယ်။
“ ဒေါ်သန်းအေး ပညာတော်သင်အဖြစ် အင်္ဂလန်၌ ရောက်ရှိနေစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်သူမသည် ဒေါ်ခင်ကြည်၏ မိတ်ဆွေဖြစ်လာပြီး အောင်ဆန်းစုကြည်နှင့် ဘဝတလျှောက်လုံးတွင် ချစ်ခင်ရင်းနှီးသူဖြစ်သည်။ ဆရာမအဖြစ်၎င်း၊ အသံလွှင့်သူအဖြစ်၎င်း တာဝန်ထမ်းဆောင်ပြီးသောအခါတွင် ကမ္ဘာကုလသမ္မဂ၌ ပထမဆုံး အမှုထမ်းသော မြန်မာအမျိုးသမီး ဖြစ်လာသည်။ ” တဲ့။

ချစ်ခင်ရင်းနှီးတဲ့ အတွင်းသိမိတ်ဆွေပီပီ ဒေါ်စုရဲ့ ငယ်ဘဝ နဲ့ ပညာသင်ကြားခဲ့ရာဒေသများ နှင့် ဘာသာရပ်များကိုလည်း သေသေချာချာ ဖော်ပြထားပါတယ်။ 1960 မှစ၍ ဒေါ်ခင်ကြည်အား အိန္ဒိယ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပါသည်။ 15 နှစ်အရွယ်သာရှိသေးတဲ့ ဒေါ်စုဟာ အိန္ဒိယမှာ convent of Jesus & Mary, Lady Shri Ram college တွေမှာ ဆက်လက်ပညာသင်ကြားခဲ့ပါတယ်။
မြန်မာပြည်မှာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Lord Paul Gore-Booth နဲ့ဇနီးကိုလည်း အိန္ဒိယပြည်မှာ ဗြိတိသျှမဟာမင်းကြီးအဖြစ် ပြန်လည်တွေ့ဆုံပြီး ပိုမိုရင်းနှီးခင်မင်လာပါတယ်။ ဒေါ်စု Oxford University မှာ ပညာသင်ကြားတဲ့အခါမှာလည်း သူတို့ဇနီးမောင်နှံကပဲ မိဘကိုယ်စား ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။အောက်စဖို့ဒ်၌ ပညာသင်ကြားနေစဉ်အတွင်း နွေရာသီကျောင်းပိတ်ရက်တိုင်း မိခင်ဖြစ်သူထံသို့ အလည်ပြန်လေ့ရှိတဲ့ ဒေါ်စုဟာ တနှစ်မှာတော့ ကုလသမ္မဂ ပြန်ကြားရေးဌာန အတွက် တာဝန်ကျနေတဲ့ ဒေါ်သန်းအေးရှိရာ Algiers သို့ လာရောက်ခဲ့ပါတယ်။ ဒေါ်စုရောက်ရှိနေစဉ် ကာလအတွင်း အဲဒိဒေသအတွက် လုပ်အားပေးခဲ့တယ်လို့ဆိုပါတယ်။

ဘွဲ့ရပြီးနောက် ဒေါ်စု သည် လပိုင်းမျှ စာသင်ပို့ချခြင်း နှင့် သမိုင်းဆရာ Hugh Tinker နဲ့အတူ သုတေသနလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် New York မြို့၌ တာဝန်ထမ်းဆောင်နေသော ဒေါ်သန်းအေးနှင့်အတူ သွားရောက်နေထိုင်ခဲ့ပါသည်။ ဘွဲ့လွန်သင်တန်းအတွက် New York Uni ၌တက်ရန်စီစဉ်ခဲ့သော်လည်း နေထိုင်ရာ Midtown Manhatten မှ uni သို့ ဝေးလွန်းခြင်း၊ ကားမူးတတ်ခြင်း နှင့် washington square အနီးကျက်စားလေ့ရှိသော လူကြမ်းများ အန္တရာယ်ရှိခြင်းတို့ကြောင့် မတတ်ဖြစ်တော့ပါ။ သူမနေထိုင်ရာ အိမ်နားအနီးရှိ ကုလသမ္မဂတွင် အလုပ်ဝင်ပြီးမှ နောက်မှ စာဆက်သင်ရန် စိတ်ကူးပါသည်။ အလုပ်ဝင်ပြီးနောက် ဘူတန်နိုင်ငံ၌ တာဝန်ထမ်းဆောင်ရပါသည်။ မိုက်ကယ်အဲရစ်သည်လည်း ဘူတန်၌ ဘုရင့်သား၊ သမီးများ၏ စာပြဆရာအဖြစ်၎င်း၊ အစိုးရ ဘာသာပြန်ဌာန အကြီးအကဲအဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်စုသည် ကုလသမ္မဂရုံး၌ သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဆက်လက်အမှုမထမ်းတော့ဘဲ အိမ်ထောင်သည်ဘဝ ကိုရွေးချယ်ရန် ဆုံးဖြတ်လိုက်ပါတော့သည်။ ထို့နောက် သားဦး မြင့်ဆန်းအောင် အား မျက်နှာမြင်ရန် အင်္ဂလန်သို့ ပြန်လာခဲ့ပါသည်။ မိုက်ကယ်အဲရစ်က လန်ဒန်တက္ကသိုလ်၌ ပါရဂူဘွဲ့စာ သင်တန်း စတင်ပြီး များမကြာမီ အောက်စဖို့ဒ်၌ ပညာရှင်အလုပ်ခွင်ထဲ ဝင်လိုက်ပါသည်။ ဒုတိယသား ထိန်လင်း ကို 1977 ခုနှစ်တွင် ဖွားမြင်ပါသည်။

မိသားစုကို ထိန်းသိမ်းစောင့်ရှောက်ရင်း စာပေများကို စတင်ရေးသားပါသည်။ ဖခင်၏ အတ္ထုပ္ပတ္တိ ရေးရန်အတွက် ဂျပန်စကားကို သင်ကြား၍ အင်္ဂလိပ်-ဂျပန် စာအုပ်အများအပြားကို စုဆောင်းကာ သုတေသန ကို စတင်ပါသည်။ လန်ဒန်ရှိ အရှေ့တိုင်းနှင့် အာဖရိကဆိုင်ရာကျောင်း၌ ပါရဂူဘွဲ့ယူရန်လည်း စီစဉ်ပါသည်။ 1985 ခုနှစ်တွင် ဖခင်အကြောင်းသုတေသနပြုရန် ကျိုတို တက္ကသိုလ်က ကမ်းလှမ်းသော ပညာသင်ဆုကို လက်ခံလိုက်ပါသည်။ ထို့နောက် ဆင်းမလားမြို့ရှိ အိန္ဒိယနိုင်ငံ အဆင့်မြင့်စာပေ လေ့လာရေးဋ္ဌာန ၌ သုတေသီပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ပါသည်။ အိန္ဒိယမှ အောက်စဖို့ဒ်သို့ပြန်ရောက်ပြီး များမကြာမီ မိခင်ဒေါ်ခင်ကြည် လေဖြတ်၍ မြန်မာပြည်သို့ပြန်လာပြီး နောက်ပိုင်းအကြောင်းကိုတော့ လူတိုင်းသိပြီး ဖြစ်ပါလိမ့်မည်။

စာအုပ်၏ ဒုတိယပိုင်းတွင်တော့ ဒေါ်စု ကိုယ်တိုင်ရေးတဲ့ ဗိုလ်ချုပ်အကြောင်းပါ။
နောက်ဆုံးပိုင်းတွင်တော့ ဒေါ်စုပြောခဲ့သော မိန့်ခွန်းများနှင့် သတင်းစာရှင်းလင်းပွဲများအကြောင်းပါ။
ဒီစာအုပ်ရဲ့ အနှစ်သာရလည်းဖြစ်နိုင်သလို ကျွန်မနှစ်သက်မိတဲ့ စကားလေးကတော့..
“ လွတ်လပ်တဲ့ လူအဖွဲ့အစည်းက လာတဲ့လူတွေအတွက် ပုံမှန်အပြုအမူတွေဟာ မြန်မာပြည်သူ၊သားတွေ အတွက်တော့ ထူးဆန်းနေပါတယ်။ ကြောက်ရွံ့တယ်ဆိုတာလည်း တခြားအပြုအမူတွေလို အလေ့အထပဲ ဖြစ်ပါတယ်။ ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေထိုင်လာကြတာ ကြာလာရင်ကြောက်တတ်လာတာပါဘဲ။ ဒါကြောင့်မို့ ကျမကို လူတွေက သိပ်သတ္တိကောင်းတယ်လို့ ပြောကြတာထင်ပါတယ်။ တကယ်တော့ ကျမဟာ ကြောက်လန့်နေရတဲ့အကျင့် မရခဲ့လို့သာ ဖြစ်မှာပါ..” ....တဲ့။

အားလုံးပဲ ကြောက်ရွံ့ခြင်းမှ ကင်းဝေးကြပါစေ...။

6 comments:

စိုးဇေယျထွန်း said...

Blogger စာအုပ်ထုတ်ရအောင်

လာမယ့် World Blog Day မှာ ကျွန်တော်တို့မြန်မာ ဘလော်ကာတွေ စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ချင်တယ်။ အဲဒီစာအုပ်က ကိုယ်ပိုင် Blog မှာဖော်ပြထားကြတဲ့ ကောင်နိုးရာရာ ပို့တွေကို ရွေးချယ်ပြီး ဖော်ပြချင်တယ်။ စာအုပ်ထုတ်လို့ ရလာတဲ့ အကျိုးအမြတ်အားလုံးကို လိုအပ်နေတဲ့ ကျောင်းတစ်ကျောင်းလို နေရာမျိုးမှာ လှုဒန်းဖို့စိတ်ကူးထားတယ်။

ကျွန်တော်တို့ မြန်မာဘလော့ကာတွေ စုစုစည်းစည်းနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဒီစာအုပ်လေးဟာ သေချာပေါက်ဖြစ်လာမှာပါ။ စာအုပ်ထုတ်လုပ်တဲ့ စားရိတ်ကတော့ Wood Free စက္ကူ 60g နဲ့ စာမျက်နှာ သုံးရာကျော်လောက် ပါတဲ့စာအုပ်ကို အုပ်ရေနှစ်ထောင်လောက် ရိုက်ရင် ရှစ်သိန်းဝန်ကျင်လောက် ကုန်ကျတယ်လို့ အာကြမ်းဖျင်း်သိရပါတယ် ( အသေးစိတ်ကုန်ကျ စရိတ်များကို နောက်ထပ် စုံးစမ်းပြီး တင်ပြပေးပါမယ်)။ ကျွန်တော် ထင်ပါတယ် ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ လူသုံးဆယ်လောက် ပါဝင်ရင် တစ်ယေက်ကို သုံးသောင်းဝန်းကျင် လောက်ကျခံရုံနဲ့ ဒီစာအုပ်လေးက ဖြစ်မြောက်သွားမှာပါ။

သုံးသောင်းလောက် ဆိုတဲ့ငွေပမာဏဟာ အခုခောတ်မှာ ဖိနပ်ဖိုးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စုစည်းလိုက်တဲ့ ငွေနဲ့ ဘလော့ကာတွေရဲ့ မှတ်တိုင်တစ်ခုလဲ စိုက်ထူနိုင်မှာဖြစ်သလို အလှုငွေ လက်ခံရရှိကြမဲ့ ချို့တဲ့ကျောင်းသားတွေအတွက် လှေကားထစ်လေး တစ်ခုဖြစ်သွားမှာပါ။

ကျွန်တော့ဘက်က တာဝန်ယူဆောင်ရွက် ပေးနိုင်တာကတော့ စာအုပ်ဖြစ်မြောက်ရေးအတွက် စာမူများကို ဖောင်ကိုင်ခြင်း စာပေစိစစ်ရေးရုံးတင်ခြင်း မှအစ ပုံနှိပ်စက်ပို့ခြင်း စသည့်ကိစ္စရပ်များ၊ ဂျာနယ်နှင့် မီဒီယာများတွင် သတင်းအချက်အလက် ထည့်သွင်းထုတ်ပြန်ခြင်းကိစ္စများကို စေတနာ့ဝန်ထမ်း အနေနဲ့ဆောင်ရွက် ပေးနိုင်ပါတယ်။

အထူးပြောကြားချင်တာက ဒီကိစ္စက မြန်မာဘလော်ကာများ အားလုံးကို ကိုယ်စားပြုမှာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက် တစ်ယောက်စနှစ် ယောက်စနဲ့လုပ်လို့ မရပါဘူး ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ အားလုံးပူးပေါင်းပါဝင်ဖို့ လိုပါတယ်။

အချိန်ကလည်း ခြောက်လလောက် ရသေးတဲ့အတွက် သူငယ်ချင်းတွေရဲ့ ဆန္ဒကိုလည်းဆွေးနွေး တိုင်ပင်နိုင်ကြပါတယ်။

clef said...

သိပ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မွန်မြတ်တဲ့ စေတနာတရားပါ။
အားလုံးအတွက်လည်း အကျိုးရှိတဲ့ကိစ္စလေးမို့ ဖြစ်မြောက်ပါစေလို့ ဆန္ဒပြုပါတယ်။
ရေးသူတွေကိုယ်တိုင်အတွက်လည်း အားတရပ်ဖြစ်စေသလို
ဖတ်ရသူအဖို့မှာလည်း အကျိုးများနိုင်ပါတယ်။
အလှူငွေ လက်ခံရရှိမယ့် ကျောင်းသားများမှာလည်း အဖိုးမဖြတ်နိုင်တဲ့ အထောက်အပံ့ တခုဖြစ်မှာ သေချာသမို့ ရာနှုန်းပြည့် ထောက်ခံအားပေးပါတယ်ရှင်။

Nay Nay Naing said...

အားလုံးပဲ ကြောက်ရွံ့ခြင်းမှ ကင်းဝေးကြပါစေ...။

ဒီဆုတောင်းလေး သဘောကျတယ်

clef said...

thx so much.. nay nay

Anonymous said...

the essence of peace
the taste of freedom
the gesture of fearlessness

May all of above be with you.

Anonymous said...

i like yours wishes.
but you should consider about people in myanmar. if you were in homeland, dare you express like this.

it costs life . . . .

fearer.