hits spiritcorner: အင်တာနက်မရှိသောနေ့ရက်များ

Monday 2 April 2007

အင်တာနက်မရှိသောနေ့ရက်များ

ကျွန်မတို့နှစ်ယောက်ရဲ့ပေါ့လျော့မှု တခုကြောင့် အင်တာနက်နဲ့ တပတ်လောက်အဆက်ပြတ်သွားရပါတယ်။ ဘာလိုလို့ လိုမှန်းမသိ တော်တော်လေးကို အနေရ အထိုင်ရ ခက်လှပါတယ်။ ပုံမှန်ဆို မနက်နိုးတာနဲ့ ကွန်ပြူတာလေးအရင်ဖွင့်၊ coffee လေးသောက်ရင်း email လေးချက်၊ ပုံမှန်စစ်ရတဲ့ website တချို့ကိုစစ်၊ ကမ္ထာသတင်း၊ မြန်မာသတင်းလေး အမြန်ဖတ်။ ပြီးတာနဲ့ ရေမိုးချိုးး အလုပ်သွားလေ့ရှိတဲ့ ကျွန်မ။ ဒီတပတ်တော့ မိုးလင်းတာနဲ့ ယောင်ချာချာ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ခံစားချက်က မကောင်းလှတာတော့ သေချာပါတယ်။

အဆိုးဆုံးအချိန်ကတော့ ညနေအလုပ်ပြန်တဲ့အချိန်ပါ။ ပုံမှန်ဆို အလုပ်ကပြန်လာလို့ အိမ်ထဲဝင်တာနဲ့ ပထမဆုံးလုပ်တဲ့အလုပ်က ကွန်ပြူတာဖွင့်တဲ့အလုပ်ပါ။ သီချင်းလေးဖွင့်ထားပြီး ညနေစာလေး ပြင်ဆင်၊ စားသောက်ပြီးတာနဲ့ အင်တာနက် စသုံးတော့တာပါပဲ။
အဲဒိတပတ်မှာတော့ ညရောက်ရင် ဘာလုပ်ရင်ကောင်းမလဲတွေး တွေးပြီး တကယ် စိတ်လေပါတယ်။

မြန်မာပြည်နဲ့ဝေးနေတာကြာနေတဲ့ကျွန်မအဖို့ မီးပျက်ရင်ခံစားရတဲ့ခံစားချက်မျိုး မခံစားရတာအတော်လေးကြာပြီလို့ ဆိုရပါမယ်။ အင်တာနက်ပျက်တဲ့ ခံစားချက်က မီးပျက်တဲ့ ခံစားချက်လိုပဲ အခံရခက်လှပါတယ်။ အင်တာနက်ပဲ အပြင်မှာသွားသုံးပေါ့၊ မရဖူးလားလို့မေးခဲ့ရင် ဟုတ်ကဲ့ သုံးလို့တော့ ရပါတယ်။ ဒါပေမဲ့ အိမ်မှာသုံးနေကျ ကျွန်မအတွက် အပြင်မှာအင်တာနက်သုံးရတာ အိမ်မှာမီးပျက်လို့ မီးလာတဲ့ လမ်းထိပ်မုန့်ဆိုင်မှာ သွားထိုင်သလိုပါပဲ။ သိပ်တော့ သက်တောင့်သက်သာ မဖြစ်လှပါဘူး။

ဒါပေမဲ့ ဒိတပတ်အတွင်း ညဘက်ပျင်းတိုင်း၊ အင်တာနက်မရှိတိုင်း စိတ်နာနာနဲ့ ဖတ်လိုက်တာ စာအုပ်တွေ တော်တော်များများ ပြီးသွားပါတယ်။မြသန်းတင့်ရှဲ့“ဓားတောင်ကိုကျော်၍မီးပင်လယ်ကို ဖြတ်မည်” ပြန်ဖတ်ဖြစ်တယ်။
How to become a great boss ဆိုတဲ့စာအုပ်ကို ကြီးကြီးကျယ်ကျယ် စိတ်ကူးတွေယဉ်ပြီး ဖတ်ဖြစ်တယ်။ letters from inside ဆိုတဲ့ 16နှစ်အရွယ် ကလေးမလေးနှစ်ယောက် pen friend ဖြစ်ပြီး တယောက်နဲ့တယောက်အပြန်အလှန်စာတွေရေးတဲ့အကြောင်း
ရေးထားတဲ့စာအုပ်က ဖတ်လက်စ တန်းလန်း။ဒိတပတ်လုံးနီးပါး စိတ်ဝင်တစားနဲ့ကို ဖတ်ဖြစ်တာက world book တွေပါ။ စာလုံးတလုံးကို စာတအုပ်ဆိုတော့ အကုန်တော့မပြီးပါဘူး။ a , c , l , t လေးအုပ်ပဲပြီးပါသေးတယ်။တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒိစကားလုံးနဲ့ပတ်သတ်တဲ့ ထင်ရှားကျော်ကြားတဲ့ ပစ္စည်းတွေ၊ မြို့တော်တွေ၊ အကြောင်းအရာတွေ နဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်းမကျန် စုံစုံလင်လင်ပါပဲ။ ဥပမာပြောရရင် t ဆိုပါစို့။ စာအုပ် စစချင်း T ဆိုတဲ့ စကားလုံး စတင်ပေါ်ပေါက်လာပုံ ရှင်းပြထားတယ်။ ပြီးရင် teeth, telephone, telescope, television, theater စတဲ့ အကြောင်းအရာတွေ ၊timezone က အစ ဘယ်လိုသတ်မှတ်တယ်ဆိုတာတွေ ဓာတ်ပုံတွေနဲ့ အသေအချာကို ရှင်းပြထားပါတယ်။

အခုတော့ အင်တာနက်ပြန်ရပြီဆိုတော့ အဲဒိစာအုပ်တွေ ခဏမေ့ထားလိုက်ပါဦးမယ်။ ကြည်အေး စကားနဲ့ပြောရရင်
“ အင်တာနက်တောမှာ မျောပါရစေဦး...”

2 comments:

Nay Nay Naing said...

Welcome back My Dear :P..
ဘယ်ပျောက်နေတာလဲလို့ .. ခရီးသွားနေလား တွေးနေမိတာ.. ဖုန်းခေါ်မလို့ ပဲ. အရှုပ်တွေ နည်းနည်း လုပ်ဖြစ်သွားတာနဲ့ . မခေါ်ဖြစ်တော့တာပါ။ :D ဒီရက်ပိုင်း စာအုပ်တွေ ပြန်ဖတ်ဖြစ်ခဲ့တယ်ဆို .. အဲ့ဒီ စာအုပ်တွေ အကြောင်းတွေ detail တင်ပေးပါဦး။

ဒါနဲ့  အင်တာနက် မရှိတဲ့ ဒုက္ခက အတော်ဆိုးတာနော်.

clef said...

နေလို့မရ ထိုင်လို့မရ အင်တာနက်ပျက်တဲ့ ဒုက္ခ
သတိတရ ရှိတဲ့အတွက် ကျေးဇူးပါ နေနေ..