hits spiritcorner: အချစ်ဖြင့် လောင်ကျွမ်းတောက်ပသူများ

Sunday, 24 June 2007

အချစ်ဖြင့် လောင်ကျွမ်းတောက်ပသူများ


ဆရာ ချစ်ဦးညိုရဲ့စာတွေကို လင်္ကာဒီပချစ်သူ ဖတ်ဖူးပြီးထဲက လေးစားနှစ်သက် သဘောကျခဲ့တာပါ။ ကျွန်တော် သမိုင်းဆရာမဟုတ်ပါဘူး။ ဝတ္ထုရေးသူ ပါဆိုပြီး ခံစားတင်ပြသွားတဲ့ ဆရာပါ။ ဒီစာအုပ်ကတော့ နာမည်လေးနဲ့တင် နှစ်ခြိုက်သဘောကျသွားတယ်။ ဝတ္ထုတစ်ပုဒ်လို့ ထင်လိုက်ပေမဲ့ အချစ်ကြီးကြသူခြောက်ယောက်အကြောင်း ( ဆရာအဆိုအားဖြင့် အချစ်ဖြင့်လောင်ကျွမ်းတောက်ပသူတွေအကြောင်း ) ကို စုစည်းတင်ပြထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာရဲ့ တင်ပြပုံ စိတ်ကူးလေးတွေက အင်မတန်နှစ်သက်စရာကောင်းပါတယ်။
ပြီးတော့ အချစ်ဆိုတာကိုလည်း ဒီလိုအနက်ဖွင့်ပြသေးတယ်။ မေတ္တာကို ချစ်ခြင်းဟု အနက်ပြသကဲ့သို့ ပေမဟူသော ပါဌ် ကိုလည်း ချစ်ခြင်းဟုပင် အနက်ပေးကြသည်။ ပေမအရ ချစ်ခြင်းကို သုံးမျိုး ပိုင်းခြားသည်။
တဏှာပေမ သည် ယောက်ျားနှင့် မိန်းမအချင်းချင်း တဏှာလောဘ၏အစွမ်းဖြင့် ချစ်ခြင်းဖြစ်သည်။ အလင်္ကာကျမ်းက ဒါကို သိင်္ဂါရဟု ခေါ်သည်။
ဂေဟသိတပေမ သည် မိဘနှင့် သားသမီး၊ ညီအစ်ကို၊ မောင်နှင့် နှမ စသည်တို့အကြား အချင်းချင်းခင်တွယ်မှုဖြစ်သည်။
မေတ္တာပေမ အလင်္ကာကျမ်းအရ ဂစ္ဆလမေတ္တာပေမ ကား အခြားတစ်ပါးသူ၏ အကျိုးစီးပွား ဖြစ်ထွန်းမှုကို လိုလားခြင်း၊ မခွာမခွဲ အမြဲအတူနေလိုခြင်းသဘောမရှိဘဲ ဝေးကွာ နေရစေကာမူ ထိုဝေးကွာနေသူမှာ စီးပွားချမ်းသာဖြစ်သည်ဟုသိရလျှင် ကျေနပ်သည်။ အတူမနေရခြင်းအတွက် ခက်ခဲဝန်လေးခြင်းမရှိ။ စင်ကြယ်မွန်မြတ်သော သဘောဖြစ် ဗြဟ္မဝိဟာရ အမည်ကို ရသည်။
အဲသည့်နောက် လောင်ကျွမ်းတောက်ပသူ တစ် အနေဖြင့် နော်မန်သူကောင်းမျိုး တစ်ယောက်ဖြစ်တဲ့ ဆာဘရိုင်ယန် ဒီဘိုးဂီးလ်ဘတ် အကြောင်းဖြင့် စတင်ပါတယ်။ ဂျူးအနွယ်တို့သည် ခရစ်ယာန်သာသနာ၏ ဆူးငြှောက်ခလုပ် ဟုနားလည် ထားလျက်ကမှ ဂျူးမလေး ရေဘက်ခါကိုမှ ချစ်မိသည့်အဖြစ်။ အချစ်အတွက် ကြေကွဲသေပွဲ ဝင်ရသည့်အကြောင်းကို ဆရာက လှလှပပ ဖော်ကျူးတင်ပြထားတာပါ။
လောင်ကျွမ်းတောက်ပသူ နှစ် ကတော့ စူဠသုဘဒ္ဒါမိဖုရား။ ဖန်တရာတေနေပေမဲ့ ဘယ်တော့မှမရိုးတဲ့အဖြစ်။
ပန်းခိုင်လု၍ ကယုကယင် ချစ်တုံ့တင်လျက် ကျင်ကျင်လည်း ပျော်ဖူးခဲ့သည်များကို ကြံသည်စေ့စေ့ တစိမ့်စိမ့် အောက်မေ့၍ တငွေ့ငွေ့ဆင်ခြင် ပူစကိုငင်မိလျှင်.......ဆိုပြီး ကြေကြေကွဲကွဲ အဆုံးသတ်ထားပါတယ်။


လောင်ကျွမ်းတောက်ပသူ သုံး ကတော့ ဂေါ်ကီရဲ့ သစ္စာဖောက်တစ်ဦး၏အမေ ပါ။ ကိုယ်ကြီးပြင်းနေထိုင်ခဲ့တဲ့မြို့ကို အငြိုးတကြီးတိုက်ခိုက်ချေမှုန်းချင်နေတဲ့သားတစ်ယောက်ကို ဆုံးမသုတ်သင်လိုက်တဲ့အမေတစ်ယောက်အကြောင်းပါ။ အဆုံးသတ်လေးက “ မိမိကိုယ်မိမိချစ်သော၊ သားကိုချစ်သော၊ အမျိုးကိုချစ်သော ကိုယ်မြေကိုယ်ရေ ကိုယ်လေကို ချစ်သောအမေ့အချစ်၊ အမေမေတ္တာ ထိုချစ်ခြင်းမေတ္တာတို့၏ လောင်ကျွမ်းမှုဖြင့် သစ္စာဖောက်၏မိခင်သည် အလင်းထိန်ဆုံး တောက်ပနေတော့သည် ” တဲ့။

လောင်ကျွမ်းတောက်ပသူ လေး ကတော့ ရှယ်လီ၏ ပရိုမီးသီးယပ် ပါ။လူသားတွေအတွက် မီးကိုသယ်ဆောင်လာပေးတဲ့ ပရိုမီးသီးယပ်၏ မေတ္တာအင်အားကလည်း ကြီးမားလှပါသည်။ “ ဝိဇ္ဖာအလင်းကို ချစ်ခြင်း၊ လူသားတို့ကို ချစ်ခြင်း၊ ကမ္ဘာလောကကိုချစ်ခြင်းတကာတို့၏ အထွက်အထိပ်ဖြစ်သော မဟာမေတ္တာဝါဒီ ပရိုမီးသီးယပ်နတ်သားသည် အချစ်ကဗျာဆရာ ရှယ်လီထွန်းညှိကူးဖြန့်ပေးလိုက်သော အချစ်တို့ဖြင့် လောင်ကျွမ်းတောက်ပနေတော့မည်သာ” လို့ ဆရာက အဆုံးသတ်ထားပါတယ်။


လောင်ကျွမ်းတောက်ပသူ ငါး ကတော့ နရသီဟပတေ့ ရယ်ပါ။ ထီးနန်းစည်းစိမ်ကို အလိုက်သင့်ပိုင်စိုးခဲ့ပြီးနောက် စည်းစိမ်ယစ်မူးကာ အပျော်အပါးမက်မောစွာ အမျက်စောင်မာန်ကြီးစွာ ရာဂကာမဂုဏ်ထူပြောစွာ အသိဥာဏ်ကင်းပစွာ ရှင်သန်ခဲ့သော နရသီဟပတေ့သည် အဝိဇ္ဖာပိတ်ဖုံးသောအချစ်ဖြင့် လောင်ကျွမ်းတောက်ပနေတဲ့အကြောင်းကို ဖွဲ့နွဲ့ပြထားတာပါ။


လောင်ကျွမ်းတောက်ပသူ ခြောက် ကတော့ သူရဲကောင်း ရာဇာဓိရာဇ် ပါ။ သူဘဝတစ်လျှောက်က စစ်ပွဲ၊ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးတွေအကြောင်းကို အဝါရောင်မီးတောက်၊ အနီရောင်မီးတောက်၊ အဖြူရောင်မီးတောက်ဆိုပြီး ခွဲခြားတင်ပြသွားပါတယ်။


အားလုံးပဲ ချစ်ခြင်းအားဖြင့် ငြိမ်းချမ်းနိုင်ကြပါစေ။

6 comments:

မေငြိမ်း said...

ဆရာချစ်က တို့သိပ်ကြိုက်တဲ့ စာရေးဆရာပဲ။
သူရေးပြီဆို..မျက်ရည်ကျပြီး ဖတ်ရတာပဲ။
ဒီစာအုပ်လေး မဖတ်ရသေးဘူး။
မဂ္ဂဇင်းဝတ္ထုလတ်တွေစုထုတ်တာထင်တယ်နော်..။
ရှာဖတ်ဦးမယ်နော်။

clef said...

ဆရာက စာရေးတာသိပ်တော်တာပဲနော်။ စာဖတ်သူတွေရဲ့ စိတ်အာရုံတွေအကုန်လုံးကို သိမ်းပိုက်နိုင်တယ်။ အနုစိတ် ခြယ်မှုန်းတတ်တယ်။ ဝတ္ထုကို ဝတ္ထုလိုခံစားပြတတ်တဲ့ဆရာရဲ့ တင်ပြပုံတွေက တကယ်ထိတယ်။
မဂ္ဂဇင်းဝတ္ထုလတ်တွေ ဟုတ် မဟုတ်တော့ သေချာမသိဘူး။ စာအုပ်ထဲမှာ ပြန်ရှာတာလည်း ဘာမှ မရေးထားဘူး။
သီဟရတနာစာပေက 2003 အောက်တိုဘာမှာ ထုတ်တယ်လို့ပဲ တွေ့တယ်။
ဆရာမလို ကျွန်မသိပ်လေးစားတဲ့ စာရေးဆရာတစ်ယောက်က comment ထားသွားတာတွေ့ရင်လေ အရမ်းကို ပျော်တာပဲ။ ကျေးဇူးအထူးပါနော် ဆရာမ။

Anonymous said...

အမရေ.. ခုလို ဝေမျှတာ ကျေးဇူး ။ လင်္ကာဒီပချစ်သူကို ဂျစ်လည်း သိပ်ကြိုက်ပါတယ် ။

pandora said...

ဆရာချစ် စာအုပ်တွေ (အထူးသဖြင့် ရာဇ၀င်နောက်ခံတွေ) ဆိုရင် အတော်များများဖတ်ဖူးခဲ့ပါတယ်။ နှင်းကေသရာချစ်တဲ့ သူရဲကောင်း ကစလို့ပေါ့။
ဒီစာအုပ်ကိုတော့ မဖတ်ဖူးသေးပါ။ အညွန်းပေးထားတာ ကျေးဇူးပါ။
စာများများရေးပါနော်.ကွန်မန့်မထား ဖြစ်ပေမယ့် အမြဲလာဖတ်ပါတယ်။ ဆီပုံးရော မထားဘူးလား။
နောက်တစ်ခုက ပန်ဒိုရာက အရောင်ရင့်နောက်ခံတွေ ဆိုရင် မြန်မြန်ဖတ်ပြီး မြန်မြန်လစ်တာများတယ်.. သိပ်မကြည့်နိုင်လို့ပါ။

clef said...

မပန်ရေ..
လာလည်တာ ကျေးဇူး။
အရောင်လေး ပြောင်းထားကြည့်တာ အဆင်မပြေရင် ပြောဦးနော်

sisain said...

ကျနော်တောင် ခုလောလောဆယ် `မဏိစန္ဒာဥဒါန်း´ ပြန်ဖတ်နေတာ-
ဒီပို့စ်လေးမြင်တော့မှ နောက်ထပ်ရှာဖတ်စရာ စာတစ်အုပ်ထပ်တိုးသွားတော့တယ်- ကျေးဇူး