hits spiritcorner: August 2007

Friday, 24 August 2007

စက်ဝိုင်း -- မစန္ဒာ


“ ပဲပြုတ် တဆယ်သားလည်း တစ်ကျပ်ခွဲ ဖြစ်နေပြီနော်..”
“ ကြာပါပြီ အစ်မရယ် ”
“ ဟိုးအရင်တုန်းက ငါးမူးရယ် ”
“ အရင်ကဈေး လာမပြောနဲ့ အစ်မရေ ၊ ကျွန်မတို့ ဝယ်ရတာကလည်း အရင်ဈေးမဟုတ်ဘူး။ တစ်ပြည်ကို နှစ်ဆယ့်နှစ်ကျပ်ပေးရတယ်။ ပြုတ်လိုက်ရင် နှစ်ပိသာခွဲပဲ ရတာ...”


“ အကောင်လိုက် လေးကျပ် ၊ အခြမ်း လေးကျပ်ခွဲ ”
“ ကြက်ဈေးကလည်း ကြီးလိုက်တာဟယ် ၊ တစ်ပိသာ လေးဆယ် ၊ လေးဆယ့်ငါးကျပ် တဲ့။ ငါ့ယောက်ျား မဟာစာရေးဆရာကြီးရဲ့ တစ်လလုံးရတဲ့ လစာက ကြက် ငါးပိသာ ဖိုးလောက်ပဲ ရှိပါလားဟဲ့ ”
“ ဒိလောက်မှ မရောင်းရင်လည်း မကိုက်ဘူး အစ်မရဲ့ ၊ ကျွန်တော်တို့ယူရတာက သုံးဆယ့်ရှစ်ကျပ်ဈေး ”


“ တစ်ဆယ်သား တစ်ကျပ်ခွဲ ညီမလေးရေ ၊ အစိတ်သား ယူရင်တော့ သုံးကျပ်ခွဲနဲ့ယူ အင်းခရမ်းတွေကွဲ့။ အသားသိပ်များတယ် သိပ်ချိုတယ် ”
“ ခရမ်းချဉ်သီးကလည်း အခုထိ မပေါဘူးနော်။ ခါတိုင်း ဒီချိန်ဆို ပေါလှပြီ ”
“ သြော် အစ်မတို့ ယူရတာကလည်း ခါတိုင်းလို မဟုတ်ဘူး ငါ့ညီမရဲ့။ အခုဈေးက တစ်သေတ္တာကို တစ်ရာ့သုံးဆယ် ၊ ဒါတောင် မနည်း လုယက်ပြီး ယူရတာ ”


“ အဒေါ်ရေ ဟောဒီမှာ ငရုတ်သီးစိမ်း တစ်ပုံယူလိုက်ပြီနော်။ ပိုက်ဆံကို ပစ်ပေးလိုက်မယ် ။ ကန်တော့ ကန်တော့
“ ငရုတ်သီးစိမ်း တစ်ပုံကို ငါးမူး။ တစ်မတ် မဟုတ်ဘူး ”
“ ဟောတော် ဒါလေးတစ်ပုံကို ငါးမူး ဟုတ်လား ”
“ ဟုတ်တယ် ငါးမူးပဲ။ တစ်မတ်ဖိုး ရောင်းလို့ မကိုက်တော့ဘူး။ ကုန်အဝင် ကကို နည်းနေလို့ ”
“ သြော် ”


“ ဟင် ကြက်သွန်က အသစ်လည်းဖြစ် သေးလည်းသေး ဒါတောင် ဆယ့်လေးကျပ်ဈေး ဟုတ်လား ”
“ ဟုတ်တယ် ဟိုဘက် နည်းနည်းကြီးတာက ဆယ့်ခြောက်ကျပ် ”
“ စိတ်ညစ်လိုက်တာ ”
“ စိတ်မညစ်ပါနဲ့ဟယ် ငါတို့လည်းရောင်းရတာ စိတ်ညစ်တာပဲ။ ငါတို့ ဝယ်ရတာကိုက ဈေးကြီးနေတာ ”
“ အင်း ”


--------- -------- -------- ---------

“ ဟယ် နင်ကလည်း လုပ်တော့မယ်။ တစ်ရာကို နှစ်ကျပ်လို့ ။ ဟိုတစ်ခါ ငါဝယ်တုန်းက ငါးမူး ရယ် ”
“ ငါးမူးမရောင်းနိုင်တာ ကြာပါပြီ အန်တီရယ် ”
“ ငါက ခြံထဲ ကျော်ဝင်တဲ့ ခွေးကို ပစ်ချင်လို့သာ ဝယ်ရတာ။ နင့်လောက်စာလုံးကလည်း ဈေးက တတ်ပြီးရင်း တတ်ရင်း ”
“ ဒါကတော့ သူများနည်းတူပေါ့ ခင်ဗျာ ”

“ အံမာ .. ဘာ သူများနည်းတူလဲ။ နင်က ရွှံ့ တစ်ပြည် ဘယ်နှစ်ကျပ်နဲ့ ဝယ်နေရလို့လဲ။ ကုန်တင်ကားတွေ အရောက်နည်းနေလို့ ပစ္စည်းမရှိလို့လား။ ကြက်သွန်လို ရွှံ့သစ် မပေါ်သေးလို့ ရွှံ့ဟောင်းက ဈေးကြီးနေတာလား။ နင်ရွှံ့ခင်း ကရော မိုးဖျက်လို့ ပျက်သွားသလား နှင်းခါးရိုက်လို့ သေသွားသလား ”

“ မဟုတ်ပါဘူး ခင်ဗျာ ”
“ ကဲ ဒါဖြင့် နင်ရွှံ့က ဘာဖြစ်လို့ ဈေးတတ်နေရတာလဲ ပြောစမ်းပါဦး ”
“ ရွှံ့ ကတော့ ဈေးမတတ်ပါဘူးဗျာ
ဒါပေမဲ့ ကျွန်တော် ဆာရင် ရွှံ့ ကို ကိုက်စားလို့မှ မရတာ အန်တီရယ် ”

“ အဲ.. ”


မစန္ဒာ
၁၉၈၇

Wednesday, 22 August 2007

ကောင်းကျိုး ကိုယ်၌ တည်စေသတည်း။



ဒေသ စံတော်ချိန် ည ၁ နာရီ။
မအိပ်ခင် မြန်မာသတင်းတွေ ကြည့်လိုက်ဦးမယ်ဆိုပြီး Mizzima ဆိုဒ်ထဲအဝင်..
စာလုံးအကြီးနဲ့ ရေးထားတဲ့ ကြားဖြတ်သတင်း ..

ကျောင်းသားခေါင်းဆောင် အယောက် ၂၀ ကျော် အဖမ်းခံရ

သူတို့တွေအတွက် စိတ်တွေပူပြီး မြန်မာသတင်းဆိုဒ်တွေ အကုန် ဟိုကြည့် ဒီကြည့်။
DVB က လှမ်းပြီး ဆက်သွယ်မေးမြန်းတဲ့ အသံဖိုင်တွေနားထောင်။
ဘာလုပ်ပေးရပါ့ သူတို့အတွက်....
တခြား Blogger တွေရော.. သိပြီးကြပြီလား
ဟိုဟိုဒီဒီ လျှောက်ကြည့်...
စိတ်မချမ်းသာစွာနဲ့ မနက် သုံးနာရီမှပဲ အိပ်ရာဝင်ဖြစ်တော့တယ်။
မနက်ကျတော့လည်း နိုးနိုးချင်း ကွန်ပြူတာ အမြန်ဖွင့်..
ဘာ သတင်းများ ထပ်ထူးကြသေးလဲ
လမ်းလျှောက်ကျတဲ့ သူတွေရော.. အဆင်မှ ပြေကြရဲ့လား
အလုပ်သွားဖို့ အမြန်ပြင်ဆင်

အလုပ်ထဲထိ သယ်သွားမိတာက အတွေးတစ်ချို့ --- --- ---

သားသမီးတွေအတွက် မိဘများရဲ့ အမြင့်မားဆုံး မျှော်လင့်ချက်က ပညာတတ်ကြီး ဖြစ်စေချင်တာတဲ့...
လူသားတစ်ယောက်အတွက် လောကရဲ့ အတောင့်တဆုံး ဆန္ဒက လူပီသစေချင်တာတဲ့...
လောကပါလ တရားတွေကို လိုက်နာကျင့်သုံးစေချင်တာတဲ့...
မိမိ ကိုယ်ကို ချစ်ဖို့ ၊ မိသားစုကို ချစ်ဖို့ ၊ တိုင်းပြည် နဲ့ လူမျိုး ကိုချစ်ဖို့ ၊ လူသားမျိုးနွယ် တရပ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တသက်လုံး သွန်သင်ဆုံးမ ခံခဲ့ရတာ...

အဲဒိလို ဆုံးမစကားတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ
သမိုင်းရဲ့ အမှန်တရားတွေကို အသိပညာ ဆင်ခြင်တုံတရားနဲ့ တိုင်းတာ ဆုံးဖြတ်မယ်
လောက ရဲ့ အမှန်တရား ကို ရိုးသားမှုတွေနဲ့ တိုင်းထွာမယ်
လောက ရဲ့ သစ္စာကို ပေးဆပ်မှုတွေနဲ့ ရှာဖွေမယ်

သူတို့ရင်ထဲက မျှော်လင့်ခြင်းမီးတောက် ဘယ်သူခြောက်လို့ ပျောက်မှာလဲ

လိုအပ်ရင် မျိုးနွယ်စု ကောင်းစားရေးအတွက်

လောက ဝန်းကျင် သာယာရေးအတွက် သူတို့ကိုယ် သူတို့ ပူဇော်ထားတယ်လေ


သူတို့ဟာ အများကောင်းကျိုး သယ်ပိုးနေသူတွေပါ လို့ ( စိတ်ထဲမှာ ) အကြီမ်ကြိမ် လျှောက်လဲရင်း

နှစ်ခြိုက်စွာ စွဲလမ်းရတဲ့ စာသားလေးကိုပဲ အကြိမ်ကြိမ် ရွတ်လျှက်


ကောင်းမှု မြတ်နိုး
ကောင်းအောင် ကြိုး၍
ကောင်းကျိုး ကိုယ်၌် တည်စေသတည်း။

Sunday, 5 August 2007

၁၉ နှစ်တာ အမှတ်တရ


လွန်ခဲ့သော ၁၉ နှစ်က ဆိုတော့ ကျွန်မ ရှစ်နှစ်သမီးပဲရှိသေးတယ်။ ဘာမှ သိပ်မသိတတ်သေးတော့ ကျောင်းပိတ်တာဟာ ကျွန်မအတွက်တော့ ပျော်စရာကြီးပေါ့။ ကျောင်းပိတ်ရက်တွေမှာလည်း လမ်းထဲမှာ ရုံးစု ရုံးစု၊ လူကြီးတွေလည်း မအားမလပ် ဟိုအိမ်သွား စကားပြောလိုက် ဒီအိမ်သွား ဆွေးနွေးလိုက်နဲ့ မအားလပ်နိုင်အောင်ပါပဲ။
မှတ်မိသလောက်ဆိုရင်ဖြင့် ရပ်ကွက်လုံခြုံရေးအတွက် လမ်းထဲက အစ်ကိုကြီးတွေ ကင်းစောင့်ဖို့အကြောင်း၊ ကျွန်မတို့လမ်းထိပ်ကနေ ဆူးလေဘုရား နှင့် မြို့တော်ခန်းမဆီသို့ ဖြတ်ဖြတ်သွားတဲ့ လူထုကြီးကို ထမင်းထုပ်ဝေဖို့အကြောင်း စုံနေတာပါပဲ ။ လူကြီးတွေအားလုံးလည်း အလုပ်တွေရှုပ်ပေါ့။ ဆန်ပေါများစွာထွက်တဲ့ မြို့လေးဆီကနေ ရန်ကုန်မြို့ကြီင်္းကို ပြောင်းရွှေ့လာတဲ့ ကျွန်မအဖေကတော့ နယ်ကနေ ဆန်အိတ်တွေမှာ သင်္ဘောဆိပ်မှာသွားရွေး ပြီးတော့ လမ်းထဲက ထမင်းချက်တဲ့နေရာမှာ ပြန်လှူနဲ့ အလုပ်ကို ရှုတ်နေတော့တာပါပဲ။ လမ်းထဲမှာ စုပေါင်းပြီး ထမင်းတွေချက်ကြ ဟင်းတွေချက်ကြနဲ့ဆိုတော့ စုပေါင်းအလှူကြီးတစ်ခုလို ကျွန်မတို့ ကလေးတွေကတော့ ပျော်နေတာပါပဲ။

မြို့တော်ခန်းမဘက်ဆီက ပစ်သံ ခတ်သံ ဆူဆူညံတွေ ကြားရပေမဲ့လည်း သိပ်တော့မကြောက်တတ်ခဲ့ပါဘူး။ ဝရုန်းသုန်းကားနိုင်စွာ ထွက်ပြေးလာတဲ့လူအုပ်ကို လုံခြုံရာစီစဉ်ပေးဖို့ လူကြီးတွေအလုပ်ရုတ်ချိန်မှာ ကျွန်မတို့မောင်နှမတစ်စု နဲ့ ဘေးအိမ်ကမောင်နှမတစ်စုကတော့ တိုက်ခေါင်းမိုးပေါ်ရောက်ပြီး ချောင်းကြည့်နေမိပြီ။ နောက်နေ့တွေမှာ လူကြီးတွေက ပြန်ပြောပြတာက မြို့တော်ခန်းမအနီးက နီလာအလှပြင်ဆိုင်ထဲ ကျည်ဆံတွေ ဖြတ်သွားတာ ဒိုးယိုပေါက်ပဲ။ ကလေးတွေ ခေါင်မိုးပေါ်သိပ်မတတ်နဲ့ အန္တရာယ်ရှိတယ်ဆိုပေမဲ့ ကျွန်မတို့ကလေးတစ်စုကတော့ လူကြီးတွေ လစ်ရင်လစ်သလို တတ်ချောင်းမြဲ။
နောက်ပိုင်းကျတော့ ကျွန်မတို့လမ်းထိပ်မှာ လက်နက်ကိုင်စစ်သားလေးတွေ အစောင့်ချထားတာလည်းမှတ်မိတယ်။ လမ်းထဲက အစ်ကိုတွေက အဲဒိစစ်သားလေးတွေနဲ့ စကားသွားပြောကြတော့ သူတို့က ရန်ကုန်နဲ့ နီးနီးနားနား ဒေသတွေက မဟုတ်ပါဘူး။ တော်တော်ခပ်ဝေးဝေးနယ်တွေကပါ။ သူတို့ကို သူပုန်တွေနှိမ်နင်းဖို့ ခေါ်လာတယ်ဆိုပဲ။ ပြီးတော့ ပြောသေးတယ် သူပုန်မလေးတွေက ချောတယ် တဲ့။

နောက်ထပ်မှတ်မိတာကတော့ အရေးအခင်းနောက်ပိုင်းနေ့တွေမှာ လမ်းထဲမှာ တောထုတ်တယ်ဆိုလား။ ည ၈ နာရီထိုးရင် သံချောင်းခေါက်ကြတဲ့ ဓလေ့ပဲ။ လူကြီးတွေက သံချောင်းခေါက်ကြပေမဲ့ ကျွန်မတို့ကလေးတစ်သိုက်ကတော့ family မုန့်ဗုံးခွံတွေကို အပြိုင်လုရင်း သစ်သားပေတံတွေနဲ့ အပြိုင်အဆိုင် ခေါက်တော့တာပါပဲ။ ပြီးတော့ ညဘက်ကျတော့ ဘယ်သူတွေကပ်သွားမှန်းမသိတဲ့ နံရံကပ်စာတွေကို မနက်ကျရင်လိုက်လိုက် ဖတ်ရတာလည်း ပျော်စရာတစ်ခုပါ။ တစ်ချို့စာစောင်တွေမှာ ကားတွန်းပုံလေးတွေလည်း ပါတတ်သေး။ စာဖတ်တတ်ခါစ ကျွန်မအတွက် အချို့အဓိပာယ်တွေ အကုန်မသိပေမဲ့ အဲဒိလိုလိုက်ပေါင်းဖတ်နေရတာကို နှစ်သက်သဘောကျနေတာပါ။

ဒီလိုနဲ့ကျောင်းကြီးလည်းပြန်ဖွင့်။ လူကြီးတွေရဲ့ ပြောင်းလဲမှုတွေအပေါ် မကျေနပ်စကားတွေကို အကြိမ်ကြိမ်နားထောင်ပေမဲ့ ဆိုလိုချက်တွေကို နားလည်တလှည့် မလည်တလှည့်နဲ့ ကြီးပြင်း။ ဖျောက်ဖျက်ထားတဲ့ သမိုင်းခြေရာတွေနဲ့ ကျွန်မတစ်ယောက် အရွယ်ရောက်ခဲ့ပါတယ်။

ကျွန်မအတွက်တော့ မြန်မာပြည်မှာ နေတုန်းက မှုန်ဝါးခဲ့တဲ့ သမိုင်းပုံရိပ်တွေက အခုကျမှ ကြည်လင်လာခဲ့တာ။ ဘာကြောင့် ဘယ်လိုဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို အခု နိုင်ငံခြားရောက်မှ ရိပ်မိတာ။ အခုကျမှ ခံစားနားလည်နိုင်ခဲ့တာ ။

ကျောင်းသားအသင်းဟာ မတရားအသင်း ဖြစ်ရတာ။ ဘူမိနက်သန်လို့ ခေါ်ဆိုလောက်တဲ့ ကျောင်းသားသမဂ္ဂကြီး ဗုံးခွဲ ဖျက်ဆီးခံရတာ။

ပြည်သူပစ္စည်းကို မထောက်မညှာ သိမ်းပိုက်ခဲ့တာ ပြည်သူပိုင်သိမ်းခဲ့တာ။

အစိုးရကိုယ်တိုင် တရားဝင်ထုတ်ဝေထားတဲ့ ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေကို အဲဒိအစိုးရကိုယ်တိုင် ပြန်လည် ရုပ်သိမ်းတဲ့သတင်းကို မြန်မာသမိုင်းမှာပဲ ကြားဖူးတာ။ ဆုံးရှုံးသွားတဲ့ ငွေတွေနဲ့ ပြည်သူမျက်ရည်တွေက ကျွန်မတို့ မြန်မာနိုင်ငံမှာပဲ ရှိခဲ့တာ။

1987 Oct မှာ UN က မြန်မာနိုင်ငံကို Least Development Country (LDC) အဖြစ်ကြေငြာလို့ အားရပျော်ရွှင်သွားတဲ့ ကျွန်မတို့ မြန်မာအစိုးရ။ ကိုယ်တိုင်းပြည် ဆင်းရဲတွင်းနက်တာကိုမကြည့်ဘဲ အစိုးရအကြွေးတွေ ဒေဝါလီ ခံလို့ရယုံနဲ့ ပျော်ရွှင်နေတဲ့လူတွေဟာ ဒါကိုအောင်ပွဲသတ်မှတ်ပြီး ခမ်းခမ်းနားနားပွဲလုပ်ဖို့ စဉ်းစားသတဲ့လား။ ဒါကို မကျေနပ်လို့ အုံ့ကြွတဲ့ ကျောင်းသားတွေဟာ သူပုန်တွေတဲ့လား။

မကျေမနပ်ချက်တွေ တပုံတပင်နဲ့ ကျောင်းသားတွေဟာ 1988 ကျောင်းသား ကိုဖုန်းမော်အရေးမှာ ထိန်းသိမ်းမရ ပေါက်ကွဲခဲ့ကြတာ။
အဲဒိအတွက် ဖြေရှင်းနည်းက နံပါတ်တုတ်တဲ့လား။ မိုးပေါ်မပစ် တည့်တည့်ပစ်တတ်တဲ့ တပ်မတော်ကျည် တွေတဲ့လား။

ပြည်သူတွေအတွက် ကျင့်သုံးတဲ့လမ်းစဉ်က “ ဖြုတ် ထုတ် သတ် ” တဲ့လား။

မေးခွန်းတွေ အဖြေတွေ စိတ်ထဲမှာ ရှုပ်ပွပေမဲ့ အမြဲတမ်းရှင်းလင်းကြည်လင်တဲ့စိတ်ကတော့ အရှေ့ အရှေ့က နောင်တော် ကျောင်းသား သူရဲကောင်းများကို အစဉ်လေးစားစွာ ဦးညွတ်လျှက်ပါ။