hits spiritcorner: စက်ဝိုင်း -- မစန္ဒာ

Friday 24 August 2007

စက်ဝိုင်း -- မစန္ဒာ


“ ပဲပြုတ် တဆယ်သားလည်း တစ်ကျပ်ခွဲ ဖြစ်နေပြီနော်..”
“ ကြာပါပြီ အစ်မရယ် ”
“ ဟိုးအရင်တုန်းက ငါးမူးရယ် ”
“ အရင်ကဈေး လာမပြောနဲ့ အစ်မရေ ၊ ကျွန်မတို့ ဝယ်ရတာကလည်း အရင်ဈေးမဟုတ်ဘူး။ တစ်ပြည်ကို နှစ်ဆယ့်နှစ်ကျပ်ပေးရတယ်။ ပြုတ်လိုက်ရင် နှစ်ပိသာခွဲပဲ ရတာ...”


“ အကောင်လိုက် လေးကျပ် ၊ အခြမ်း လေးကျပ်ခွဲ ”
“ ကြက်ဈေးကလည်း ကြီးလိုက်တာဟယ် ၊ တစ်ပိသာ လေးဆယ် ၊ လေးဆယ့်ငါးကျပ် တဲ့။ ငါ့ယောက်ျား မဟာစာရေးဆရာကြီးရဲ့ တစ်လလုံးရတဲ့ လစာက ကြက် ငါးပိသာ ဖိုးလောက်ပဲ ရှိပါလားဟဲ့ ”
“ ဒိလောက်မှ မရောင်းရင်လည်း မကိုက်ဘူး အစ်မရဲ့ ၊ ကျွန်တော်တို့ယူရတာက သုံးဆယ့်ရှစ်ကျပ်ဈေး ”


“ တစ်ဆယ်သား တစ်ကျပ်ခွဲ ညီမလေးရေ ၊ အစိတ်သား ယူရင်တော့ သုံးကျပ်ခွဲနဲ့ယူ အင်းခရမ်းတွေကွဲ့။ အသားသိပ်များတယ် သိပ်ချိုတယ် ”
“ ခရမ်းချဉ်သီးကလည်း အခုထိ မပေါဘူးနော်။ ခါတိုင်း ဒီချိန်ဆို ပေါလှပြီ ”
“ သြော် အစ်မတို့ ယူရတာကလည်း ခါတိုင်းလို မဟုတ်ဘူး ငါ့ညီမရဲ့။ အခုဈေးက တစ်သေတ္တာကို တစ်ရာ့သုံးဆယ် ၊ ဒါတောင် မနည်း လုယက်ပြီး ယူရတာ ”


“ အဒေါ်ရေ ဟောဒီမှာ ငရုတ်သီးစိမ်း တစ်ပုံယူလိုက်ပြီနော်။ ပိုက်ဆံကို ပစ်ပေးလိုက်မယ် ။ ကန်တော့ ကန်တော့
“ ငရုတ်သီးစိမ်း တစ်ပုံကို ငါးမူး။ တစ်မတ် မဟုတ်ဘူး ”
“ ဟောတော် ဒါလေးတစ်ပုံကို ငါးမူး ဟုတ်လား ”
“ ဟုတ်တယ် ငါးမူးပဲ။ တစ်မတ်ဖိုး ရောင်းလို့ မကိုက်တော့ဘူး။ ကုန်အဝင် ကကို နည်းနေလို့ ”
“ သြော် ”


“ ဟင် ကြက်သွန်က အသစ်လည်းဖြစ် သေးလည်းသေး ဒါတောင် ဆယ့်လေးကျပ်ဈေး ဟုတ်လား ”
“ ဟုတ်တယ် ဟိုဘက် နည်းနည်းကြီးတာက ဆယ့်ခြောက်ကျပ် ”
“ စိတ်ညစ်လိုက်တာ ”
“ စိတ်မညစ်ပါနဲ့ဟယ် ငါတို့လည်းရောင်းရတာ စိတ်ညစ်တာပဲ။ ငါတို့ ဝယ်ရတာကိုက ဈေးကြီးနေတာ ”
“ အင်း ”


--------- -------- -------- ---------

“ ဟယ် နင်ကလည်း လုပ်တော့မယ်။ တစ်ရာကို နှစ်ကျပ်လို့ ။ ဟိုတစ်ခါ ငါဝယ်တုန်းက ငါးမူး ရယ် ”
“ ငါးမူးမရောင်းနိုင်တာ ကြာပါပြီ အန်တီရယ် ”
“ ငါက ခြံထဲ ကျော်ဝင်တဲ့ ခွေးကို ပစ်ချင်လို့သာ ဝယ်ရတာ။ နင့်လောက်စာလုံးကလည်း ဈေးက တတ်ပြီးရင်း တတ်ရင်း ”
“ ဒါကတော့ သူများနည်းတူပေါ့ ခင်ဗျာ ”

“ အံမာ .. ဘာ သူများနည်းတူလဲ။ နင်က ရွှံ့ တစ်ပြည် ဘယ်နှစ်ကျပ်နဲ့ ဝယ်နေရလို့လဲ။ ကုန်တင်ကားတွေ အရောက်နည်းနေလို့ ပစ္စည်းမရှိလို့လား။ ကြက်သွန်လို ရွှံ့သစ် မပေါ်သေးလို့ ရွှံ့ဟောင်းက ဈေးကြီးနေတာလား။ နင်ရွှံ့ခင်း ကရော မိုးဖျက်လို့ ပျက်သွားသလား နှင်းခါးရိုက်လို့ သေသွားသလား ”

“ မဟုတ်ပါဘူး ခင်ဗျာ ”
“ ကဲ ဒါဖြင့် နင်ရွှံ့က ဘာဖြစ်လို့ ဈေးတတ်နေရတာလဲ ပြောစမ်းပါဦး ”
“ ရွှံ့ ကတော့ ဈေးမတတ်ပါဘူးဗျာ
ဒါပေမဲ့ ကျွန်တော် ဆာရင် ရွှံ့ ကို ကိုက်စားလို့မှ မရတာ အန်တီရယ် ”

“ အဲ.. ”


မစန္ဒာ
၁၉၈၇

5 comments:

Nay Nay Naing said...

မစန္ဒာ ၀တ္ထုတွေကြိုက်တယ်။ ဒါနဲ့  ဟိုတခါ လိုချင်တယ် ပြောတဲ့ ဂျူးစာအုပ်နာမည်က ဘာလဲ။ ဒီမှာ ဂျူးစာအုပ် အဟောင်းတွေ တွေ့ တယ်။

နေကောင်းရဲ့လား။ ပျောက်နေတာကြာနေပြီ။ အချိန်ရရင် ပိုစ့်အသစ်တွေ ရေးပါဦး။ :)

clef said...

ဆက်သွယ်မှု ဧရိယာ အပြင်ဘက် ခဏ ရောက်သွားလို့။ အခုတလော နည်းနည်း အလုပ်ရှုပ်နေတာလည်း ပါတယ်။ ဂျူး စာအုပ်က ကံကြမာကို မယုံကြည်ကြသူများပါ။
စာရေးဖို့ နည်းနည်း အားယူလိုက်ဦးမယ်နော်။ အစစ အရာရာ အတွက် ကျေးဇူး ။ ဖုန်းဆက်လိုက်မယ်နော်..

Nay Nay Naing said...

အဲ့ဒီစာအုပ် ဟိုနေ့ ကတင် ဖတ်သေးတယ်.. ငှါးတဲ့ ဆိုင်မှာ တွေ့ တာ.. ပြန်ဖတ်ချင်တယ်ဆို Scan လုပ်ပေးမယ်.. ၀ယ်လို့ ရရင် ၀ယ်ပေးမယ်..

clef said...

သိပ်ချစ်စရာကောင်းတဲ့ သယ်ရင်း။ တွေ့မှ မုန့်တွေ အများကြီး ဝယ်ကျွေးဦ်းမယ်...

yakijacinthia said...

Welcome to JTG Gaming Solutions - JTM Hub
JTG Gaming 여주 출장안마 Solutions offers the largest 경기도 출장샵 online gaming solution 순천 출장마사지 for land-based casinos, virtual sports and casino 광양 출장안마 games. 문경 출장마사지 JTG offers a global license to the