Serena


Posted by clef at 2:25 pm 5 comments
၂၇ ရက် စက်တင်ဘာလ ၂၀၀၇
အဲဒိနေ့ဟာ ဝါတွင်းကာလရဲ့ ဥပုသ်နေ့ တစ်နေ့ပါ။
အဲဒိနေ့ဟာ ဗုဒသာသနာတော်အတွက် အကျည်းတန်စေတဲ့နေ့ပါ။ အဖျက်ဆီးခံရတဲ့နေ့ပါ။ သံဃာတော်တွေ သွေးမြေကျခဲ့ရတဲ့နေ့ပါ။
ဒီဖြစ်ရပ်ဟာ သည်းခံအလျှော့ပေးရမဲ့ လျစ်လျူရှု ဥပေက္ခာပြုရမဲ့အရာ မဟုတ်ပါဘူး။ မြန်မာပြည်သူ ပြည်သားတိုင်း ၊ ဗုဒ္ဓ ဘာသာဝင်တိုင်း ကာကွယ်စောင့်ရှောက်ရမှာပါ။ မိမိအမျိုး၊ ဘာသာ ၊ သာသနာ ကို စောင့်ရှောက် ကာကွယ်ရမဲ့တာဝန်ဟာ လူသားတိုင်းအတွက် ထာဝရမှန်ကန်တဲ့ လောကသစ္စာ တရားပါ။
စစ်အစိုးရဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစ၍ အခြားဘာသာတရားများ နှင့် လူမျိုးစု များကိုလည်း ရိုသေလေးစားခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံတော်ဘာသာ ဖြစ်တဲ့ ဗုဒ္ဓဘာသာ ကိုလည်း တဖြည်းဖြည်းချင်း စနစ်တကျ ဖျက်ဆီးခဲ့ပါသည်။ တိုင်းပြည် နှင့် လူမျိုးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူ သံဃာတော်များအား ထောင်သွင်း အကျဉ်းခဲ့ပါသည်။ ထို့အပြင် သံဃာတော်များ၏ သိက္ခာ နှင့် သီလ များကိုလည်း ငွေကြေး အာဏာများဖြင့် အရောင်ဆိုးရန် ကြိုးစားခဲ့ပါသည်။ ထို့ထက်ပို၍ မြန်မာလူမျိုးများ အလေးထား ကိုးကွယ်ရသည့် ဗုဒ္ဓဘုရား ကိုပင် အငြိမ့်ထဲတွင် ထည့်၍ ပျက်ရယ်ပြုခြင်းကို လက်ခံခဲ့ပါသည်။ ထို့နောက်တွင်မှ ပိုမိုဆိုးရွားကာ ပြည်သူဒုက္ခကိုစာနာကာ ပြည်သူများအတွက် မေတ္တာသုတ်ရွတ်ပေးသော ပခုက္ကူမှ သံဃာတော်များကို ကြိုးကွင်းစွပ်၍ ဖမ်းကာ ရိုက်နှက်ညှင်းပန်းခဲ့ပါသည်။ ထိုသို့ သံဃာအား စော်ကားနှိပ်စက်မှုများပြုလုပ်ခဲ့ခြင်းကို ဝန်ချတောင်းပန်ရန် အတွက် သံဃာထု မှ တောင်းဆိုခဲ့ရာ စစ်အစိုးရဘက်မှ ပျက်ကွက်ခဲ့သဖြင့် သံဃာထုမှ စစ်အစိုးရအား သပိတ်မှောက် ကံဆောင်ခဲ့ပါသည်။ ထိုသို့ ကံဆောင်ခဲ့သော သံဃာများအား သင်္ကန်းဝတ်များဟု ရင့်သီးစွာ သုံးနှုံး ခေါ်ဆို၍ ဓမ္မစက်နှင့် အင်အားဖြိုခွဲ၍ မရလျှင် အာဏာစက်ဖြင့် ဖြိုခွင်းမည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။ ထိုနောက်မှသည် ပြည်သူရှေ့တွင်ပင် သံဃာသွေး ဘုရားမြေပေါ်သို့ ကျခဲ့ရပါသည်။ ထို့နောက် ညဘက်တွင် ဘုန်းတော်ကြီးကျောင်းများသို့ အင်အားသုံး အကြမ်းဖက် ဝင်ရောက်ကာ သံဃာတော်များအား အယုတ်ညံ့ဆုံး နည်းလမ်းများသုံး၍ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။
ထိုထိုသော အခြေအနေများတွင် မြန်မာပြည်သူ / သားများအနေဖြင့် အလျှော့ပေးသည်းခံ၍သော်လည်းကောင်း ၊ မိမိနှင့် မဆိုင်သကဲ့သို့ လျစ်လျူရှု ဥပေက္ခာပြုမိပါက နောင် ၅ နှစ်အကြာ မြန်မာနိုင်ငံတွင် ဗုဒ္ဓ နှင့် သံဃာအား ဦးချ ရှစ်ခိုး ရမည့်အစား စစ်အာဏာရှင်များကို ရှစ်ခိုးပူဇော်နေရပါလိမ့်မည်။ နှစ်ပေါင်း ၂၅၀၀ ကျော် သန့်ရှင်း စင်ကြယ်စွာ သယ်ဆောင်လာသော ထေရဝါဒဗုဒ္ဓသာသနာတော် လည်း အရောင်စွန်းထင်းစွာ ညှိုးနွမ်းရပါလိမ့်မည်။ ယခုတောင် မွန်မြတ် သန့်စင်သော ဘုရားကုန်းမြေများသို့ စစ်ဖိနပ်များဖြင့် တက်ရောက်ခြင်း ခံရရုံသာမက ဘုရားများမှာလည်း ရဟန်း၊ရှင်လူများ ပူဇော်ကိုးကွယ်ရန် အထွတ်အမြတ်ထားရာ နေရာမှ စစ်တပ် အခြေစိုက်ရာ ခံတပ်အနေအထား ဖြစ်နေရပါသည်။
ကျွန်မတို့ မြန်မာပြည်သူ ပြည်သားများ တပါးသူ ကျွန်ဘဝ ရောက်နေချိန်မှာတောင် ဘာသာ သာသနာကို ယခု စစ်အစိုးရထက် ပို၍ အရေးပေး လေးစား ခြင်း ခံခဲ့ရပါသည်။ လူမျိုးခြားများ ဘုရားပေါ်သို့ ဖိနပ်စီးတတ်ခြင်းကို အောင်မြင်စွာ တားမြစ်နိုင်ခဲ့ပါသည်။ အင်္ဂလိပ်များ မြို့ကွက်ဖော် ဆောက်လုပ်ပေးခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်တွင်ပင် ဆူးလေ ဘုရား ၊ မျက်နှာချင်းဆိုင်တွင် အစ္စလာမ်မော့စ် ထိုမှတဆက်တည်းတွင် ခရစ်ယာန်ချာ့ခ်ျများကို ဆောက်လုပ်ပေးခဲ့၍ လွတ်လပ်စွာ ကိုးကွယ်ခွင့်များလည်း ရခဲ့ပါသည်။
ယခု မြန်မာပြည်သူ၊သားများ ရင်ဆိုင်နေရသော တိုက်ပွဲမှာ အာဏာရှင်စနစ် နှင့် ဒီမိုကရေစီစနစ် ချင်းတိုက်ကြသည့် စနစ်တိုက်ပွဲချင်း ပါတီတိုက်ပွဲချင်းထက် များစွာ ပိုမိုပြင်းထန်သွားပြီ ဖြစ်ပါသည်။ ဘာသာအတွက် သာသနာအတွက် စော်ကားဖျက်ဆီးဝံ့သည့် အဓမ္မဝါဒီရှင်များကို တိုက်ထုတ်ရမည့် တိုက်ပွဲဖြစ်ပါသည်။ တရားသော ဓမ္မ အစဉ်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ယင်း ကာကွယ်ရမည့် တိုက်ပွဲဖြစ်ပါသည်။
ထို့ကြောင့် စစ်အစိုးရ၏ ဘာသာရေး နှိပ်ကွက် ဖျက်ဆီးမှုများကို လက်သင့်မခံဘဲ ကာကွယ်စောင့်ရှောက်ရန်တာဝန်မှာ မြန်မာပြည်သူ/သားများ၏ သမိုင်းပေးတာဝန် ဖြစ်ပါသည်။ သာသနာ ကို လက်ဆင့်ကမ်း သယ်ဆောင်ရန်တာဝန်မှာ ဘာသာဝင်တို့၏ အကြီးမားဆုံး ဝတ္တရားဖြစ်ပါသည်။ သမိုင်းအစဉ်အလာ တာဝန် ဝတ္တရားများကို ဦးလည်မသုန် ကျေပွန်ကြပါစေကြောင်း မြန်မာပြည်သူ / သားများ အထပ်ထပ် တိုက်တွန်းလိုက်ပါရစေလားရှင်။
သာသနာကို စော်ကားသူ
ပြည်သူရန်သူ တို့ရန်သူ
မျိုးနွယ်စုအား နှိပ်စက်သူ
ပြည်သူရန်သူ တို့ရန်သူ
လူအချင်းချင်း ညှင်းပန်းသူ
ပြည်သူရန်သူ တို့ရန်သူ
Posted by clef at 11:30 am 1 comments
26 ရက်ညနေ
အလုပ်က ပြန်လာလာချင်း အင်တာနက်ဖွင့် တီဗွီဖွင့်။
သတင်းတွေက စိတ်မချမ်းသာစရာ အကြမ်းဖက်မှုပေါင်းများစွာနှင့် ခြိမ်းခြောက်မှုများစွာနှင့်။
ဘယ်လောက်တောင် မက်မောဖွယ်ကောင်းတဲ့ အာဏာမို့လို ဒီလိုအထွတ်အမြတ် ထားအပ်တဲ့ သာသနာ နဲ့ သံဃာ ကို တောင် မထောက်ညှာနိုင်အောင် ရက်စက် ရိုင်းပျ ရတာလဲ။
ဒီအချိန်မှာပဲ သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ ဒီနေ့ည ပါလီမန်ရှေ့မှာ ဆန္ဒပြကြမယ်တဲ့။ ပျံလွန်တော်မူသွားတဲ့ သံဃာတော်များ နဲ့ သူရဲကောင်း ပြည်သူများကို အထူးရည်စူးပါတယ် တဲ့။ အိပ်ရေးပျက်တာရယ် ဥပုသ်စောင့်ရင်း အလုပ်ဆက်တိုက်လုပ်ခဲ့ရတာရယ်ကြောင့် စိတ်ရော ကိုယ်ရော အနည်းငယ် မောပန်းနေပေမဲ့ တိုင်းပြည်အတွက် အရေးကြီးနေတဲ့အချိန်မှာ ကျွန်မတို့ နောက်ဆုတ် လက်ပိုက် မနေနိုင်ပါဘူး။ အားပေးထောက်ခံဖို့အတွက် သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့မှ အင်္ဂလန်နိုင်ငံမှာလည်း ဆောင်းဝင်ခါစ နည်းနည်း ပြန်အေးနေပါတယ်။ ဒီကြားထဲ မိုးကလည်း နည်းနည်း ထပ်ရွာနေပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့နှစ်ယောက် ပါလီမန်ရှေ့အရောက်မှာတော့ ည 8:15 ရှိနေပါပြီ။ တွေ့လိုက်ရတဲ့ မြင်ကွင်းကတော့ တကယ်ကို စိတ်အား တတ်ကြွစရာပါ။ မိုးထဲလေထဲ အေးအေးချမ်းချမ်း အင်္ဂလန် ဆောင်းညမှာ ပါလီမန်ရှေ့မှာ ဆန္ဒပြသူ အင်းအားသုံးရာကျော်လောက် ရှိပါတယ်။ တကယ်ကို အင်တိုက်အားတိုက် တတ်တတ်ကြွကြွ ဆန္ဒပြနေကြတာပါ။ ကြွေးကြော်သံတွေ ကမ္ဘာမကျေသံတွေ က မရပ်မနားပါ။ အရေးကြီးပြီ သွေးနီးစို့ ဆိုတဲ့ သတိပေးတေး တွေလည်း အထပ်ထပ်ပါ။
ဒီနေရာမှာ အထူးဂုဏ်ပြု ပြောချင်တာကတော့ ကျောင်းသားလူငယ်ထုကိုပါ။ ဆန္ဒပြသူ အများစုဟာ ကျောင်းသားလူငယ်တွေချည်းပါပဲ။ မိန်းကလေးတွေရဲ့ တက်ကြွပါဝင်မှုကလည်း ကျေနပ်အားရစရာပါ။ မိန်းကလေး ဆန္ဒပြသူတွေလည်း တော်တော်လေး များပါတယ်။ မြန်မာစာအုပ် ကိုင်ဆောင်ထားသူများမို့ သံရုံးရှေ့လာဖို့ အနည်းငယ် အခက်အခဲရှိနေသူတွေလည်း ညဘက်မှာ တက်ကြွစွာပါဝင်ကြပါတယ်။ စည်းစည်းရုံးရုံး ညီညီညွတ်ညွတ်နဲ့ 12 နာရီထိုးတဲ့အထိ ဆန္ဒပြကြပါတယ်။ အထူးခြားဆုံးကတော့ အင်္ဂလန်ဆောင်းကို အံတုပြီး ညအိပ် ဆန္ဒပြမဲ့ 10 ယောက် အုပ်စုပါ။ အဲဒိအထဲမှာ မိန်းကလေး 3 ယောက် ပါ ပါတယ်။ သူတို့တွေကိုတော့ တကယ်ကို လေးစားစွာ ဂုဏ်ပြုပါတယ်။
ကျွန်မ ဂုဏ်ယူစွာ မှတ်တမ်းတင်ချင်တာကတော့ ကျွန်မတို့ လူငယ်တွေရဲ့ ရိုးသားစွာ အမှန်တရားကို ချစ်မြတ်နိုးစိတ် နဲ့ ကာကွယ်လိုစိတ်ပါ။ ကျွန်မတို့ ကျောင်းသားလူငယ် အဆက်ဆက် ဟာ ပါတီနိုင်ငံရေးအတွက် ရှင်သန်ရပ်တည် လှုပ်ရှားသူ တွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သမိုင်းရဲ့ လိုအပ်တဲ့အချိန်တိုင်းမှာ အမျိုးသားနိုင်ငံရေးအတွက် ခိုင်မာ ပြတ်သားစွာ ရပ်တည် ကြတယ် ဆိုတဲ့အကြောင်းပါပဲ။
နောက်ဆုံး ကျွန်မခံစားနားလည်မိတာလေးကတော့ ပြည်ပရောက် လှုပ်ရှားသူများရဲ့ အနေအထားပါ။ ပြည်တွင်းလှုပ်ရှားသူများက ဦးဆောင်ပါဝင်လှုပ်ရှားသူများလို့ ဆိုရင် ပြည်ပရောက်လှုပ်ရှားသူများကတော့ သူတို့ရဲ့ မိသားစု ဆွေမျိုး အသိုင်းအဝိုင်း ပုံစံဆောင်တယ်လို့ မြင်မိပါတယ်။ လှုပ်ရှားသူများ ရှောင်ပြေးစဉ် အဖမ်းခံရစဉ် ကျန်ရစ်သူမိသားစု ရဲ့ ပူပင်သောက နဲ့ ရုံးကိစ္စ ဆက်သွယ်ဆောင်ရွက် ဖြေရှင်းပုံမျိုးနဲ့ အသွင်တူတယ်လို့ပဲ ဆိုပါရစေတော့ရှင် ။
မှတ်ချက်။ ။ တနင်္လာ မှ သောကြာနေ့တိုင်း မြန်မာသံရုံးရှေ့တွင် နေ့လည် ၁၂ နာရီ မှ ၂ နာရီ အထိ ဆန္ဒပြပွဲများ ရှိနေပြီး ပါလီမန်ရှေ့တွင်လည်း ၂၄ နာရီ ပတ်လုံး ဆန္ဒပြနေကြပါသည်။
Posted by clef at 9:44 am 0 comments
အခု အချိန်အခါဟာ မြန်မာပြည်သူ ပြည်သား များအတွက် သိပ်ကို အရေးကြီးနေတဲ့အချိန် ပါ။ မြန်မာပြည်သူ ပြည်သားများလို့ ဆိုရာမှာ ပြည်တွင်းနေ ရော ပြည်ပရောက်ပါ ပါဝင်ပါတယ်။
ကျွန်မတို့ နှစ်ယောက်လည်း မနေ့က အလုပ်က ပြန်လာထဲက အင်တာနက် ကြည့်တော့ ဓမ္မစက်နဲ့ မရရင် အာဏာစက် နဲ့ ဖြေရှင်းမယ် ဆိုတဲ့ ခြိမ်းခြောက်စကားတွေရယ် တခြားစာမျက်နှာ များ က သတိပေးချက် အမျိုးမျိုးတွေရယ်ကြောင့် 26 ရက်နေ့မှာ ဆန္ဒပြမယ့်သူများအတွက် သိပ်ကို စိတ်ပူသွားမိပါတယ်။
တီဗွီမှာ ကြည့်လိုက်တဲ့အခါမှာ မြန်မာသတင်းတွေကို တော်တော်လေး ဝေဝေဆာဆာ တွေ့ရပါတယ်။ ကုလ သမဂ္ဂမှာ ညီလာခံ ရှိနေတာကလည်း မြန်မာပြည်သူတွေအတွက် အားတတ်စရာ အားသာချက်တစ်ခုပါ။ အမေရိကန်သမ္မတ ရဲ့ သတိပေး စကားတွေ စစ်အစိုးရ ကို ကြဉ်ရှောင်တဲ့ သတင်းတွေရယ်နဲ့ မြန်မာအရေးကို အတော်လေး အရေးပေး ပြောပေးနေကြပါတယ်။ ဘုန်းတော်ကြီး တူတူးရဲ့ သတင်းစကားတွေကလည်း နေရာအနှံ့ပါ။
BBC , Chanel 4, Euro News, CNN အကုန်လုံးမှာ မြန်မာသတင်းတွေ မပြတ်မနားပါ။ ပြည်ပရောက် မြန်မာအရေးလှုပ်ရှားသူတွေကိုလည်း မေးမြန်းမှုတွေ ပြုလုပ်နေတာ အဆက်မပြတ်ပါ။ အခြားနိုင်ငံသား မြန်မာအရေး ကျွမ်းကျင်သူတွေလည်း မကျန်ရပါဘူး။
ကိုနစ်နေမန်း ရဲ့ စီဘောက် ကလည်း အတော်ကြီးကို အားကိုးရပါတယ်။ ကိုသူရ ( ဇာဂနာ ) အဖမ်းခံရတဲ့ သတင်း က စလို့ ကာဗျူးအမိန့်ပါမကျန် တခြားသတင်း များစွာကို တစ်ကယ်ကို အဆက်မပြတ် တင်ပေးနေတာပါ။ ရန်ကုန်ညဘက် 2-3 နာရီ အချိန်မှာ ကိုနစ်ရဲ့ စီဘောက်မှာ လူ 300 ကျော်ရှိပါတယ်။
ကျွန်မတို့ အားပေးရင်း အားပေးရင်း ( အင်္ဂလန်အချိန် ) မနက် 4 နာရီကျော်သွားပါတယ်။ မဖြစ်တော့ဘူး ဆိုပြီး ခဏ အိပ်လိုက်ပြီး မနက် 8 နာရီ ပြန်ထပြီး အင်တာနက် နဲ့ တီဗွီ ပြန်ကြည့်ချိန်မှာတော့ ရန်ကုန်မှာ အပစ်အခတ်တွေနဲ့ အကြမ်းဖက်ကုန်ကြ ပါပြီ။ ဘီဘီစီ ကလည်း အဆက်မပြတ် အကြမ်းဖက်မှုတွေနဲ့ စစ်ကား တွေကို ပြသပေးနေပါတယ်။ ရန်ကုန်အချိန် 1-2 နာရီလောက်မှာ ကိုနစ် စီဘောက်မှာ လူ 1300 ကျော်ရှိနေပါတယ်။
အင်္ဂလန်မှာလည်း မြန်မာသံရုံးရှေ့မှာ နေ့စဉ် ဆန္ဒပြမှုတွေရှိနေပါတယ်။ အလှုငွေတွေလည်း ကောက်ခံနေပါတယ်။
အရေးကြီးပြီ..... သွေးနီးကြပါစို့ ။
Posted by clef at 12:29 pm 0 comments
အချို့ကား မွေးဖွားလာကတည်းက အောင်မြင်လာကြသည်။
အချို့ကား အောင်မြင်မှုကိုရအောင် လုပ်ယူခဲ့သူများ ဖြစ်သည်။
အချို့မူကား ဘဝတွင် အောင်မြင်ရန် ဇာတာပါလာသူများ ဖြစ်သည်။
( ရှိတ်စပီးယား )
သို့သော်... အချို့ အချို့ သည်ကား အောင်မြင်ရန် ပေါ်ပေါက်လာသော
အခွင့်အလမ်းကို မလွတ်တမ်းအမိအရ
လှမ်းဆွဲဆုပ်ကိုင် ရယူနိုင်သောသူ ပင် ဖြစ်သည်။
Posted by clef at 10:33 pm 0 comments

Posted by clef at 9:50 pm 5 comments
“ ပဲပြုတ် တဆယ်သားလည်း တစ်ကျပ်ခွဲ ဖြစ်နေပြီနော်..”
“ ကြာပါပြီ အစ်မရယ် ”
“ ဟိုးအရင်တုန်းက ငါးမူးရယ် ”
“ အရင်ကဈေး လာမပြောနဲ့ အစ်မရေ ၊ ကျွန်မတို့ ဝယ်ရတာကလည်း အရင်ဈေးမဟုတ်ဘူး။ တစ်ပြည်ကို နှစ်ဆယ့်နှစ်ကျပ်ပေးရတယ်။ ပြုတ်လိုက်ရင် နှစ်ပိသာခွဲပဲ ရတာ...”
“ အကောင်လိုက် လေးကျပ် ၊ အခြမ်း လေးကျပ်ခွဲ ”
“ ကြက်ဈေးကလည်း ကြီးလိုက်တာဟယ် ၊ တစ်ပိသာ လေးဆယ် ၊ လေးဆယ့်ငါးကျပ် တဲ့။ ငါ့ယောက်ျား မဟာစာရေးဆရာကြီးရဲ့ တစ်လလုံးရတဲ့ လစာက ကြက် ငါးပိသာ ဖိုးလောက်ပဲ ရှိပါလားဟဲ့ ”
“ ဒိလောက်မှ မရောင်းရင်လည်း မကိုက်ဘူး အစ်မရဲ့ ၊ ကျွန်တော်တို့ယူရတာက သုံးဆယ့်ရှစ်ကျပ်ဈေး ”
“ တစ်ဆယ်သား တစ်ကျပ်ခွဲ ညီမလေးရေ ၊ အစိတ်သား ယူရင်တော့ သုံးကျပ်ခွဲနဲ့ယူ အင်းခရမ်းတွေကွဲ့။ အသားသိပ်များတယ် သိပ်ချိုတယ် ”
“ ခရမ်းချဉ်သီးကလည်း အခုထိ မပေါဘူးနော်။ ခါတိုင်း ဒီချိန်ဆို ပေါလှပြီ ”
“ သြော် အစ်မတို့ ယူရတာကလည်း ခါတိုင်းလို မဟုတ်ဘူး ငါ့ညီမရဲ့။ အခုဈေးက တစ်သေတ္တာကို တစ်ရာ့သုံးဆယ် ၊ ဒါတောင် မနည်း လုယက်ပြီး ယူရတာ ”
“ အဒေါ်ရေ ဟောဒီမှာ ငရုတ်သီးစိမ်း တစ်ပုံယူလိုက်ပြီနော်။ ပိုက်ဆံကို ပစ်ပေးလိုက်မယ် ။ ကန်တော့ ကန်တော့ ”
“ ငရုတ်သီးစိမ်း တစ်ပုံကို ငါးမူး။ တစ်မတ် မဟုတ်ဘူး ”
“ ဟောတော် ဒါလေးတစ်ပုံကို ငါးမူး ဟုတ်လား ”
“ ဟုတ်တယ် ငါးမူးပဲ။ တစ်မတ်ဖိုး ရောင်းလို့ မကိုက်တော့ဘူး။ ကုန်အဝင် ကကို နည်းနေလို့ ”
“ သြော် ”
“ ဟင် ကြက်သွန်က အသစ်လည်းဖြစ် သေးလည်းသေး ဒါတောင် ဆယ့်လေးကျပ်ဈေး ဟုတ်လား ”
“ ဟုတ်တယ် ဟိုဘက် နည်းနည်းကြီးတာက ဆယ့်ခြောက်ကျပ် ”
“ စိတ်ညစ်လိုက်တာ ”
“ စိတ်မညစ်ပါနဲ့ဟယ် ငါတို့လည်းရောင်းရတာ စိတ်ညစ်တာပဲ။ ငါတို့ ဝယ်ရတာကိုက ဈေးကြီးနေတာ ”
“ အင်း ”
--------- -------- -------- ---------
“ ဟယ် နင်ကလည်း လုပ်တော့မယ်။ တစ်ရာကို နှစ်ကျပ်လို့ ။ ဟိုတစ်ခါ ငါဝယ်တုန်းက ငါးမူး ရယ် ”
“ ငါးမူးမရောင်းနိုင်တာ ကြာပါပြီ အန်တီရယ် ”
“ ငါက ခြံထဲ ကျော်ဝင်တဲ့ ခွေးကို ပစ်ချင်လို့သာ ဝယ်ရတာ။ နင့်လောက်စာလုံးကလည်း ဈေးက တတ်ပြီးရင်း တတ်ရင်း ”
“ ဒါကတော့ သူများနည်းတူပေါ့ ခင်ဗျာ ”
“ အံမာ .. ဘာ သူများနည်းတူလဲ။ နင်က ရွှံ့ တစ်ပြည် ဘယ်နှစ်ကျပ်နဲ့ ဝယ်နေရလို့လဲ။ ကုန်တင်ကားတွေ အရောက်နည်းနေလို့ ပစ္စည်းမရှိလို့လား။ ကြက်သွန်လို ရွှံ့သစ် မပေါ်သေးလို့ ရွှံ့ဟောင်းက ဈေးကြီးနေတာလား။ နင်ရွှံ့ခင်း ကရော မိုးဖျက်လို့ ပျက်သွားသလား နှင်းခါးရိုက်လို့ သေသွားသလား ”
“ မဟုတ်ပါဘူး ခင်ဗျာ ”
“ ကဲ ဒါဖြင့် နင်ရွှံ့က ဘာဖြစ်လို့ ဈေးတတ်နေရတာလဲ ပြောစမ်းပါဦး ”
“ ရွှံ့ ကတော့ ဈေးမတတ်ပါဘူးဗျာ
ဒါပေမဲ့ ကျွန်တော် ဆာရင် ရွှံ့ ကို ကိုက်စားလို့မှ မရတာ အန်တီရယ် ”
“ အဲ.. ”
မစန္ဒာ
၁၉၈၇
Posted by clef at 4:20 pm 5 comments
ဒေသ စံတော်ချိန် ည ၁ နာရီ။
မအိပ်ခင် မြန်မာသတင်းတွေ ကြည့်လိုက်ဦးမယ်ဆိုပြီး Mizzima ဆိုဒ်ထဲအဝင်..
စာလုံးအကြီးနဲ့ ရေးထားတဲ့ ကြားဖြတ်သတင်း ..
ကျောင်းသားခေါင်းဆောင် အယောက် ၂၀ ကျော် အဖမ်းခံရ
သူတို့တွေအတွက် စိတ်တွေပူပြီး မြန်မာသတင်းဆိုဒ်တွေ အကုန် ဟိုကြည့် ဒီကြည့်။
DVB က လှမ်းပြီး ဆက်သွယ်မေးမြန်းတဲ့ အသံဖိုင်တွေနားထောင်။
ဘာလုပ်ပေးရပါ့ သူတို့အတွက်....
တခြား Blogger တွေရော.. သိပြီးကြပြီလား
ဟိုဟိုဒီဒီ လျှောက်ကြည့်...
စိတ်မချမ်းသာစွာနဲ့ မနက် သုံးနာရီမှပဲ အိပ်ရာဝင်ဖြစ်တော့တယ်။
မနက်ကျတော့လည်း နိုးနိုးချင်း ကွန်ပြူတာ အမြန်ဖွင့်..
ဘာ သတင်းများ ထပ်ထူးကြသေးလဲ
လမ်းလျှောက်ကျတဲ့ သူတွေရော.. အဆင်မှ ပြေကြရဲ့လား
အလုပ်သွားဖို့ အမြန်ပြင်ဆင်
အလုပ်ထဲထိ သယ်သွားမိတာက အတွေးတစ်ချို့ --- --- ---
သားသမီးတွေအတွက် မိဘများရဲ့ အမြင့်မားဆုံး မျှော်လင့်ချက်က ပညာတတ်ကြီး ဖြစ်စေချင်တာတဲ့...
လူသားတစ်ယောက်အတွက် လောကရဲ့ အတောင့်တဆုံး ဆန္ဒက လူပီသစေချင်တာတဲ့...
လောကပါလ တရားတွေကို လိုက်နာကျင့်သုံးစေချင်တာတဲ့...
မိမိ ကိုယ်ကို ချစ်ဖို့ ၊ မိသားစုကို ချစ်ဖို့ ၊ တိုင်းပြည် နဲ့ လူမျိုး ကိုချစ်ဖို့ ၊ လူသားမျိုးနွယ် တရပ်လုံးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တသက်လုံး သွန်သင်ဆုံးမ ခံခဲ့ရတာ...
အဲဒိလို ဆုံးမစကားတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ
သမိုင်းရဲ့ အမှန်တရားတွေကို အသိပညာ ဆင်ခြင်တုံတရားနဲ့ တိုင်းတာ ဆုံးဖြတ်မယ်
လောက ရဲ့ အမှန်တရား ကို ရိုးသားမှုတွေနဲ့ တိုင်းထွာမယ်
လောက ရဲ့ သစ္စာကို ပေးဆပ်မှုတွေနဲ့ ရှာဖွေမယ်
သူတို့ရင်ထဲက မျှော်လင့်ခြင်းမီးတောက် ဘယ်သူခြောက်လို့ ပျောက်မှာလဲ
လိုအပ်ရင် မျိုးနွယ်စု ကောင်းစားရေးအတွက်
လောက ဝန်းကျင် သာယာရေးအတွက် သူတို့ကိုယ် သူတို့ ပူဇော်ထားတယ်လေ
သူတို့ဟာ အများကောင်းကျိုး သယ်ပိုးနေသူတွေပါ လို့ ( စိတ်ထဲမှာ ) အကြီမ်ကြိမ် လျှောက်လဲရင်း
နှစ်ခြိုက်စွာ စွဲလမ်းရတဲ့ စာသားလေးကိုပဲ အကြိမ်ကြိမ် ရွတ်လျှက်
Posted by clef at 3:55 pm 0 comments
လွန်ခဲ့သော ၁၉ နှစ်က ဆိုတော့ ကျွန်မ ရှစ်နှစ်သမီးပဲရှိသေးတယ်။ ဘာမှ သိပ်မသိတတ်သေးတော့ ကျောင်းပိတ်တာဟာ ကျွန်မအတွက်တော့ ပျော်စရာကြီးပေါ့။ ကျောင်းပိတ်ရက်တွေမှာလည်း လမ်းထဲမှာ ရုံးစု ရုံးစု၊ လူကြီးတွေလည်း မအားမလပ် ဟိုအိမ်သွား စကားပြောလိုက် ဒီအိမ်သွား ဆွေးနွေးလိုက်နဲ့ မအားလပ်နိုင်အောင်ပါပဲ။
မှတ်မိသလောက်ဆိုရင်ဖြင့် ရပ်ကွက်လုံခြုံရေးအတွက် လမ်းထဲက အစ်ကိုကြီးတွေ ကင်းစောင့်ဖို့အကြောင်း၊ ကျွန်မတို့လမ်းထိပ်ကနေ ဆူးလေဘုရား နှင့် မြို့တော်ခန်းမဆီသို့ ဖြတ်ဖြတ်သွားတဲ့ လူထုကြီးကို ထမင်းထုပ်ဝေဖို့အကြောင်း စုံနေတာပါပဲ ။ လူကြီးတွေအားလုံးလည်း အလုပ်တွေရှုပ်ပေါ့။ ဆန်ပေါများစွာထွက်တဲ့ မြို့လေးဆီကနေ ရန်ကုန်မြို့ကြီင်္းကို ပြောင်းရွှေ့လာတဲ့ ကျွန်မအဖေကတော့ နယ်ကနေ ဆန်အိတ်တွေမှာ သင်္ဘောဆိပ်မှာသွားရွေး ပြီးတော့ လမ်းထဲက ထမင်းချက်တဲ့နေရာမှာ ပြန်လှူနဲ့ အလုပ်ကို ရှုတ်နေတော့တာပါပဲ။ လမ်းထဲမှာ စုပေါင်းပြီး ထမင်းတွေချက်ကြ ဟင်းတွေချက်ကြနဲ့ဆိုတော့ စုပေါင်းအလှူကြီးတစ်ခုလို ကျွန်မတို့ ကလေးတွေကတော့ ပျော်နေတာပါပဲ။
မြို့တော်ခန်းမဘက်ဆီက ပစ်သံ ခတ်သံ ဆူဆူညံတွေ ကြားရပေမဲ့လည်း သိပ်တော့မကြောက်တတ်ခဲ့ပါဘူး။ ဝရုန်းသုန်းကားနိုင်စွာ ထွက်ပြေးလာတဲ့လူအုပ်ကို လုံခြုံရာစီစဉ်ပေးဖို့ လူကြီးတွေအလုပ်ရုတ်ချိန်မှာ ကျွန်မတို့မောင်နှမတစ်စု နဲ့ ဘေးအိမ်ကမောင်နှမတစ်စုကတော့ တိုက်ခေါင်းမိုးပေါ်ရောက်ပြီး ချောင်းကြည့်နေမိပြီ။ နောက်နေ့တွေမှာ လူကြီးတွေက ပြန်ပြောပြတာက မြို့တော်ခန်းမအနီးက နီလာအလှပြင်ဆိုင်ထဲ ကျည်ဆံတွေ ဖြတ်သွားတာ ဒိုးယိုပေါက်ပဲ။ ကလေးတွေ ခေါင်မိုးပေါ်သိပ်မတတ်နဲ့ အန္တရာယ်ရှိတယ်ဆိုပေမဲ့ ကျွန်မတို့ကလေးတစ်စုကတော့ လူကြီးတွေ လစ်ရင်လစ်သလို တတ်ချောင်းမြဲ။
နောက်ပိုင်းကျတော့ ကျွန်မတို့လမ်းထိပ်မှာ လက်နက်ကိုင်စစ်သားလေးတွေ အစောင့်ချထားတာလည်းမှတ်မိတယ်။ လမ်းထဲက အစ်ကိုတွေက အဲဒိစစ်သားလေးတွေနဲ့ စကားသွားပြောကြတော့ သူတို့က ရန်ကုန်နဲ့ နီးနီးနားနား ဒေသတွေက မဟုတ်ပါဘူး။ တော်တော်ခပ်ဝေးဝေးနယ်တွေကပါ။ သူတို့ကို သူပုန်တွေနှိမ်နင်းဖို့ ခေါ်လာတယ်ဆိုပဲ။ ပြီးတော့ ပြောသေးတယ် သူပုန်မလေးတွေက ချောတယ် တဲ့။
နောက်ထပ်မှတ်မိတာကတော့ အရေးအခင်းနောက်ပိုင်းနေ့တွေမှာ လမ်းထဲမှာ တောထုတ်တယ်ဆိုလား။ ည ၈ နာရီထိုးရင် သံချောင်းခေါက်ကြတဲ့ ဓလေ့ပဲ။ လူကြီးတွေက သံချောင်းခေါက်ကြပေမဲ့ ကျွန်မတို့ကလေးတစ်သိုက်ကတော့ family မုန့်ဗုံးခွံတွေကို အပြိုင်လုရင်း သစ်သားပေတံတွေနဲ့ အပြိုင်အဆိုင် ခေါက်တော့တာပါပဲ။ ပြီးတော့ ညဘက်ကျတော့ ဘယ်သူတွေကပ်သွားမှန်းမသိတဲ့ နံရံကပ်စာတွေကို မနက်ကျရင်လိုက်လိုက် ဖတ်ရတာလည်း ပျော်စရာတစ်ခုပါ။ တစ်ချို့စာစောင်တွေမှာ ကားတွန်းပုံလေးတွေလည်း ပါတတ်သေး။ စာဖတ်တတ်ခါစ ကျွန်မအတွက် အချို့အဓိပာယ်တွေ အကုန်မသိပေမဲ့ အဲဒိလိုလိုက်ပေါင်းဖတ်နေရတာကို နှစ်သက်သဘောကျနေတာပါ။
ဒီလိုနဲ့ကျောင်းကြီးလည်းပြန်ဖွင့်။ လူကြီးတွေရဲ့ ပြောင်းလဲမှုတွေအပေါ် မကျေနပ်စကားတွေကို အကြိမ်ကြိမ်နားထောင်ပေမဲ့ ဆိုလိုချက်တွေကို နားလည်တလှည့် မလည်တလှည့်နဲ့ ကြီးပြင်း။ ဖျောက်ဖျက်ထားတဲ့ သမိုင်းခြေရာတွေနဲ့ ကျွန်မတစ်ယောက် အရွယ်ရောက်ခဲ့ပါတယ်။
ကျွန်မအတွက်တော့ မြန်မာပြည်မှာ နေတုန်းက မှုန်ဝါးခဲ့တဲ့ သမိုင်းပုံရိပ်တွေက အခုကျမှ ကြည်လင်လာခဲ့တာ။ ဘာကြောင့် ဘယ်လိုဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေကို အခု နိုင်ငံခြားရောက်မှ ရိပ်မိတာ။ အခုကျမှ ခံစားနားလည်နိုင်ခဲ့တာ ။
ကျောင်းသားအသင်းဟာ မတရားအသင်း ဖြစ်ရတာ။ ဘူမိနက်သန်လို့ ခေါ်ဆိုလောက်တဲ့ ကျောင်းသားသမဂ္ဂကြီး ဗုံးခွဲ ဖျက်ဆီးခံရတာ။
ပြည်သူပစ္စည်းကို မထောက်မညှာ သိမ်းပိုက်ခဲ့တာ ပြည်သူပိုင်သိမ်းခဲ့တာ။
အစိုးရကိုယ်တိုင် တရားဝင်ထုတ်ဝေထားတဲ့ ၂၅၊ ၃၅၊ ၇၅ ကျပ်တန်တွေကို အဲဒိအစိုးရကိုယ်တိုင် ပြန်လည် ရုပ်သိမ်းတဲ့သတင်းကို မြန်မာသမိုင်းမှာပဲ ကြားဖူးတာ။ ဆုံးရှုံးသွားတဲ့ ငွေတွေနဲ့ ပြည်သူမျက်ရည်တွေက ကျွန်မတို့ မြန်မာနိုင်ငံမှာပဲ ရှိခဲ့တာ။
1987 Oct မှာ UN က မြန်မာနိုင်ငံကို Least Development Country (LDC) အဖြစ်ကြေငြာလို့ အားရပျော်ရွှင်သွားတဲ့ ကျွန်မတို့ မြန်မာအစိုးရ။ ကိုယ်တိုင်းပြည် ဆင်းရဲတွင်းနက်တာကိုမကြည့်ဘဲ အစိုးရအကြွေးတွေ ဒေဝါလီ ခံလို့ရယုံနဲ့ ပျော်ရွှင်နေတဲ့လူတွေဟာ ဒါကိုအောင်ပွဲသတ်မှတ်ပြီး ခမ်းခမ်းနားနားပွဲလုပ်ဖို့ စဉ်းစားသတဲ့လား။ ဒါကို မကျေနပ်လို့ အုံ့ကြွတဲ့ ကျောင်းသားတွေဟာ သူပုန်တွေတဲ့လား။
မကျေမနပ်ချက်တွေ တပုံတပင်နဲ့ ကျောင်းသားတွေဟာ 1988 ကျောင်းသား ကိုဖုန်းမော်အရေးမှာ ထိန်းသိမ်းမရ ပေါက်ကွဲခဲ့ကြတာ။
အဲဒိအတွက် ဖြေရှင်းနည်းက နံပါတ်တုတ်တဲ့လား။ မိုးပေါ်မပစ် တည့်တည့်ပစ်တတ်တဲ့ တပ်မတော်ကျည် တွေတဲ့လား။
ပြည်သူတွေအတွက် ကျင့်သုံးတဲ့လမ်းစဉ်က “ ဖြုတ် ထုတ် သတ် ” တဲ့လား။
မေးခွန်းတွေ အဖြေတွေ စိတ်ထဲမှာ ရှုပ်ပွပေမဲ့ အမြဲတမ်းရှင်းလင်းကြည်လင်တဲ့စိတ်ကတော့ အရှေ့ အရှေ့က နောင်တော် ကျောင်းသား သူရဲကောင်းများကို အစဉ်လေးစားစွာ ဦးညွတ်လျှက်ပါ။
Posted by clef at 10:33 am 3 comments
Fair Trading ဆိုတဲ့ စကားလုံးလေးကို စတင်ကြားဖူးခဲ့တာ လွန်ခဲ့တဲ့ 4 နှစ်ဝန်းကျင်လောက်တုန်းက ထင်ရဲ့။ အသိတစ်ယောက်နဲ့အတူ ကော်ဖီသောက်ဖို့ ဆိုင်ရွေးတော့ ထုံးစံအတိုင်း ကျွန်မက Starbucks coffee ကို ရွေးချယ်မိတယ်။ ဒါပေမဲ့ ကျွန်မအသိ က ချက်ချင်းကန့်ကွက်ပါတယ်။ Starbucks coffee က Fair trade မဟုတ်လို့ မသောက်ချင်ပါဘူးဆိုလို့ တခြားဆိုင် တစ်ဆိုင် ပြောင်းသောက်ခဲ့ရပါတယ်။ အဲဒိအချိန်မှာ ကျွန်မအတွက် သိပ်အကျွမ်းတဝင် မရှိသေးတဲ့ fair trade ဆိုတဲ့ စကားလုံး နဲ့ အကြောင်းအရာကိုလည်း သူက ရှင်းပြခဲ့သေးတယ်။ ဆိုလိုတာက 25 ပြား လောက်သာ ကုန်ကျစရိတ်ရှိတဲ့ ကော်ဖီတစ်ခွက်ကို 2.50 လောက်နဲ့ ရောင်းတာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါတဲ့။ အဲဒိလို အမြတ်ကြီးစားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ campaign တွေအကြောင်း ရှင်းပြရုံသာမက သူကိုယ်တိုင်ပါ လုံးဝအားမပေးတဲ့အကြောင်းလည်း ပြောပြခဲ့ဖူးတာ အမှတ်တရပါ။
အခုတလောတော့ Bank charges တွေဟာ fair trading မဟုတ်တဲ့အကြောင်း ဟိုနားဒီနား ကြားရယုံသာမက တီဗွီထဲမှာ သတင်းထဲမှာ တွေ့လာရပြန်ပါတယ်။ အဲဒိ ပိုက်ဆံတွေကို ပြန် claim လို့ရတယ်ဆိုတော့ မျက်လုံးတွေရော၊ နားတွေပါ ပို ပြူးကုန်တာပေါ့။ စိတ်ဝင်တစား လောဘတကြီးကို ရှာဖွေ လေ့လာမိတယ်ဆိုပါတော့တယ်ရှင်။
ဟုတ်ပါတယ်။ ဘဏ်အကောင့်တွေမှာ Agreed overdraft limit ဆိုတာရှိပါတယ်။ အဲဒိထက်ကျော်လွန်အောင် သုံးစွဲမိလို့ရှိရင် ဒဏ်ကြေးအဖြစ် 25-35 ပေါင်အကြား ဘဏ်အပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့အတိုင်း ပေးရပါတယ်။ တကယ်တော့ အဲဒိနှုန်းထားတွေဟာ သိပ်ကိုများပြားတဲ့ အတိုးနှုန်းတွေနဲ့ တွက်ထားတာ ဖြစ်ပါတယ်။
2006 Barclays Bank Annual Report အရ သူတို့ရဲ့ အမြတ်ဟာ ကြောက်စရာ လန့်စရာပါ။ စကန့်တိုင်းဟာ ရွှေလို့ဆိုပါရစေတော့။ စကန့်နဲ့အမျှ မိနစ်နဲ့အမျှ အမြတ်အစွန်းတွေဟာ တရိပ်ရိပ် တက်နေပါတယ်။
£2,267 for every second of every day throughout the year, or £136,000 a minute လို့ ဆိုထားပါတယ်။
အဲဒိလို မြတ်နေတဲ့ကြားကတောင် ဘဏ်တွေဟာ unauthorized overdrafts အတွက် ဒဏ်ကြေးငွေကို The Current Bank of England' base rate ထက် လေးဆလောက် ပိုယူထားတယ်လို့ ဆိုပါတယ်။
ဒါဟာ ဘယ်လိုမှကို မတရားတဲ့ကိစ္စ၊ Fair Trading မဟုတ်တဲ့ အဖြစ်ပါလို့ ဆိုကြပါတယ်ရှင်။
What this minority experiences is a succession of hidden charges designed to make up for the fact that the majority receive their “free” banking. It comes in the form of extortionate unauthorised bank charges. For example, Barclays charges 27.5% for anyone who goes over their agreed overdraft limit. A fee of £30 is charged per account per day, up to a maximum of £90 within each monthly charging period.
On top of that, a “paid referral fee” of £30 is charged when Barclays actually pays out for an item that results in your account going overdrawn by more than £5 without an agreed limit, or by more than £5 above an agreed limit.
In addition, this fee is also charged if Barclays pays any further items that increase your unauthorised borrowing by £1 or more. It is easy to see how an inadvertent slip can cost a small fortune in charges.
Logically, this does not make sense. The cost of offering a banking service is fundamentally the same for every customer. Sure, there are additional costs, such as the cost of sending out a letter to someone who is overdrawn. But independent experts commissioned by the BBC have estimated that the “true” cost of doing so works out at no more than about £4.50, while the interest charged on that unauthorised overdraft is more than four times the current Bank of England base rate.
In other words, the way costs are incurred and profits made is skewed dramatically against those less able to pay them. That cannot be right.
အဲထိတော့ (လွန်ခဲ့တဲ့ ခြောက်နှစ်အထိ ) ကိုယ့်ရဲ့ နစ်နာကြေးတွေအတွက် ဘဏ်တွေမှာ ပြန်တောင်းဆိုနိုင်ပါတယ်။ စာရေးတောင်းဆိုလို့မှ အဆင်မပြေရင် OFT ( The Office of Fair Trading ) ရဲ့ အကူအညီ နဲ့ တရားရင်ဆိုင်နိုင်ပါသေးတယ် လို့ ဆိုထားပါတယ်။
Consumers can claim back up to six years of charges.Involved alongside HSBC, RBS and Barclays in the test case are HBOS, Lloyds TSB, Abbey, Clydesdale and building society Nationwide. Together they provide about 90 percent of UK personal current accounts.
စာရေးတောင်းဆိုနိုင်ဖို့အတွက်လည်း အသင့်သုံးလို့ရအောင် ပုံစံနမူနာပါ တခါတည်း ထည့်ပေး ထားပါတယ်။ လိုအပ်သူများ အသုံးပြုနိုင်အောင် ကျွန်မလည်း အောက်မှာ တစ်ခါတည်း attached လုပ်ပေးထားပါတယ်။
http://primeupload.com/file/128204/bank-charges-claim-form.doc.html
အားလုံးပဲ အဆင်ပြေ နိုင်ကြပါစေ။Posted by clef at 12:20 pm 0 comments
ငါဟာ စကားတွေ ပြောချင်နေတာပါ
တောက်ပတဲ့ နေရောင်ခြည် နဲ့ ခမ်းနားတဲ့ ရနံ့တွေအကြောင်း
လှပတဲ့ ရောင်စဉ်တွေဖြစ်ဖို့ လှမ်းလျှောက်မဲ့ ခြေလှမ်းတွေအကြောင်း
သာယာတဲ့နေ့သစ်တွေနဲ့ ပုံဖော်တဲ့အနာဂတ်အကြောင်း
ဒါပေမဲ့ ...ငါကြားနေရတာက
လှည့်ဖျားသံ ခပ်ပြင်းပြင်း
မလိုမုန်းပွားသံ ခပ်ညံ့ညံ့
အတ္တသံ တချွင်ချွင်
လောင်မြိုက်သံ တဖြောက်ဖြောက်
ဟောဟိုမှာ မရပ်မနားပြောနေတဲ့ ပါးစပ်ပေါက်
( အား ..တော်ကြပါတော့..)
စိတ်ထဲမှာ.. နှုတ်ခမ်းဖျားမှာ
မပီမသ အကြိမ်ကြိမ် ရေရွတ်
ကြာလာတော့ ငါ့ စကားသံတွေလည်း
အသံမဲ့..............
Posted by clef at 9:39 am 2 comments

Posted by clef at 8:48 pm 0 comments
Posted by clef at 10:05 pm 3 comments
အခုတလော နေရထိုင်ရတာ သိပ်အဆင်မပြေလှပါဘူး။ နွေရာသီလို့ သတ်မှတ်ထားတဲ့အချိန်ကာလမှာ ရွာလိုက်တဲ့မိုးတွေက မရပ်မနားပါပဲ။ နေထိုင်ဖူးတဲ့ ခုနှစ် နှစ်တာကာလအတွင်း သိထားတဲ့အင်္ဂလန်မိုးက ဒီလိုမဟုတ်ပါဘူး။ ငိုကြောမရှည်တတ်တဲ့ကလေးတစ်ယောက်လို ပြီးပြီးပျောက်ပျောက်ပါ။ ဘယ်လောက်တောင် ရွာလွယ် တိတ်လွယ်လိုက်သလဲဆိုရင် ကျွန်မမှာ ထီးတစ်လက်မှ မပိုင်ဆိုင်တာသာကြည့်လို့ ဆိုရမလိုဖြစ်နေပါပြီ။ ပုံမှန်အင်္ဂလန်မိုး ဆိုရင် မိုးခဏခိုလိုက်ရုံ၊ rain coatတစ်ထည်ပိုင်ဆိုင်ရုံနဲ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အခုတလော ရွာတဲ့မိုးကတော့ နေ့မတိတ်၊ ညမတိတ် ဗြစ်တောက် ဗြစ်တောက်နဲ့ မြင်းပြင်းကတ်စရာကောင်းလှပါတယ်။ ရွာလိုက်ရင်လည်း သဲကြီးမဲကြီး အငြိုးတကြီးနဲ့ကို ရွာတော့တာပဲ။ အဲသလောက် ရွာပြီးသကာလ တစ်ချို့နယ်တွေမှာ ရေတွေကြီးကုန်ပါတော့တယ်။ ရေကြီးတာကို တစ်ပတ်နီးပါးဖြစ်နေပြီ။ ခုထိ မကျသေးပါဘူး။
မိုးတွေရွာလို့ မကြည်သာဖြစ်နေတဲ့ အင်္ဂလန်တစ်ပြည်လုံးအတွက် နောက်ဆက်တွဲ လက်ဆောင်ကတော့ ဗုံးပေါက်တဲ့သတင်းပါ။ အသိတစ်ယောက်ကို Heathrow မှာသွားကြိုတဲ့ 22 June ထဲက suspect ဆိုပြီးဖြစ်နေတာပါ။ စစ်လိုက် ဆေးလိုက်တာလည်း မပြီးနိုင် မဆီးနိုင်။ အဆုံးမှာတော့ လန်ဒန်မှာ အခြေအနေမကောင်းလို့ Glasgow မှာ June 30 က သွားပေါက်တဲ့ ဗုံးသတင်းပါ။ လေယာဉ်ချိန်တွေလည်း နောက်ကျ။ ခရီးသွားပြည်သူတွေလည်း ကြန့်ကြာ။ suspect ဆိုပြီး ဖမ်းလိုက်တဲ့လူလည်း မနည်းပေါ့။ တော်တော်များများကပညာတတ်တွေဖြစ်ပြီး ဆရာဝန်တွေလည်းပါဝင်နေပါတယ်။
အဲထိလိုသတင်းတွေရဲ့နောက်မှာ အဆင်မပြေတာကတော့ အများပြည်သူပါ။ နေရာတိုင်းမှာ သူမျက်နှာဆိုသလို နေရာအနှံ့ ရဲတွေချည်းပါပဲ။ စစ်ဆေးမှုတွေ၊ ရှာဖွေမှုတွေကလည်း မရပ်မနားပါ။ ထုံးစံအတိုင်း ရှာတာတခြား တွေ့တာတခြား ဆိုတဲ့ ပြသနာတွေလည်း မနည်းမနော။ အထူးအနှောက်အယှက် အဖြစ်ဆုံးကတော့ ကားမောင်းသူတွေပါပဲ။
ကားတွေရဲ့လိုင်စင်၊ အာမခံ၊ အခွန် ၊ ကားကြံ့ခိုင်မှု ရှိမရှိ ..အား.. စစ်လိုက်ဆေးလိုက်တာမပြောပါနဲ့တော့။ အဲဒါတွေ အကုန်ပြည့်စုံရင်တောင် မကျေနပ်ရင် မကျေနပ်သလို ကားတားပြီး စစ်တတ်ပါသေးတယ်။
လွတ်တော်မှာလည်း ပွဲက ကြည့်ကောင်းလှပါတယ်။ ဝန်ကြီးချုပ် အသစ်စက်စက် Gordon Brown လည်း ပြသာနာပေါင်းစုံနဲ့ ဝိုင်းဝန်းမိတ်ဆက်ခံနေရတဲ့အချိန်ပေါ့။ အပြောကောင်းလှပါတယ်ဆိုတဲ့ Tony Blair နဲ့ပဲ ယှဉ်တွဲကြည့်မိနေလို့လားမသိ။ Brown ရဲ့ စကားပြောပုံက တဆိတ် ပျင်းစရာကောင်းနေသလိုပါပဲ။ အသက် လေးဆယ့်နှစ်နှစ်သာရှိတဲ့ အတိုက်အခံပါတီ Conservative ရဲ့ ခေါင်းဆောင် David Cameron ကလည်း စကားပြောအတော်ကောင်း။ နိုင်ငံခြားသားအများစုက Conservative ကိုသိပ်မကြိုက်ကြဘူးဆိုပေမဲ့ David လိုခေါင်းဆောင်တစ်ယောက်ကတော့ သဘောကျစရာကောင်းသား။ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ပေးနိုင်တဲ့ပုံပါ။ ဘယ်လိုလဲဆိုဆို သူတို့တွေ လွှတ်တော်ထဲမှာ စကားစစ်ထိုးနေတာတွေ ကြည့်ရတာ တကယ်ကို နှစ်ခြိုက်စရာပါ။
အင်္ဂလန်ရဲ့ သတင်းပလင်း အစီအစဉ် ဒီတွင် ပြီးဆုံးပါပြီ။
Posted by clef at 9:32 pm 2 comments
Posted by clef at 8:50 am 3 comments
Posted by clef at 10:17 am 6 comments
အခုတလော ကျွန်မ တတ်ကျမ်းလို့ ဆိုရမဲ့ စာအုပ်တွေ တော်တော်များများ ဖတ်ဖြစ်နေတယ်။ ပုံမှန်အားဖြင့် ကျွန်မနဲ့ အဲလိုစာအုပ်တွေ သိပ်ရင်းနှီးလေ့မရှိပါဘူး။ ကျွန်မက ခံစားချက်ကို ဦးစားပေးတတ်သူ၊ အကြောင်းအရာကို အသားပေးတတ်သူပါ။ ဒါပေမဲ့ ကျွန်မနဲ့ သိပ်ခင်တဲ့ အသိအစ်ကို တစ်ယောက်ကတော့ အဲလိုစာအုပ်တွေကိုမှ အလေးပေးဖတ်တတ်သူရယ်ပါ။ ဘယ်လောက်တောင် ဖတ်ထားသလဲတော့ မသိဘူး။ သူစာအုပ်တွေအကုန်လုံး မှင်နီမှင်ပြာ မျိုးစုံ၊ Highlight တွေ အရောင်စုံနဲ့။ ပြောပုံကလည်း သိပ်ရှင်းပါတယ်။ ပြန်ဖတ်စရာ မလိုတော့အောင် ဖတ်ပြီးပြီဆိုပဲ။ အိမ်အပြောင်းအရွှေ့နဲ့ နေရာအခက်အခဲကြောင့် လိုချင်ရင် စာအုပ်တွေ အကုန်ယူသွားလို့ ရတယ်လို့ပြောပါတယ်။
ဘယ်လိုစာပေမျိုးပဲဖြစ်ဖြစ် စာဖတ်ရရင်ပျော်နေတတ်တဲ့ကျွန်မကတော့ ဝမ်းသာအားရနဲ့ကို စာအုပ်တွေ အကုန်လုံးသယ်လာပါတော့တယ်။ ဖတ်နေကျ မဟုတ်ပေမဲ့ ဖတ်ကြည့်တော့လည်း ကောင်းသား။ တစ်ချို့အကြောင်းအရာတွေက လက်တွေ့ပြသနာတွေကို အနည်းနဲ့အများဆိုသလို ထိရောက်စွာ ကုစားပေးနိုင်တယ်လို့လည်း ယုံကြည်ပါတယ်။ အညွှန်းတွေတော့ များနေပြီ။ ဖတ်ပြီးသလောက်ထဲမှာ သိပ်ကြိုက်တဲ့စာသားလေးတွေ ပြန်ဖောက်သယ်ချပါရစေဦး။
ဝီရိယ စိုက်ထုတ်လုပ်ကိုင်နိုင်လျှင် တိုင်းပြည်လူဦးရေ၏ တစ်ဝက်မျှကို အနိုင်ရပြီဖြစ်ပါသည်။ နောက်ထပ်လေးဆယ်ရာခိုင်နှုန်းကို ကျော်တက်နိုင်ရန်မူ ဖြောင့်မတ်တည်ကြည်သူ၊ ယုံကြည်ချက်၌ စွဲမြဲသူ ဖြစ်ရပါမည်။
ငွေ
ငွေဆိုသည်မှာ စည်းရိုးခြံစပ်၌ သိုဝှက်မြှပ်နှံထားရန်မဟုတ်
ခြွေရံသင်းပင်းနှင့် ဖြုန်းတီးပစ်ခြင်းငှာလည်း မဟုတ်
သီးခြားလွတ်လပ်ရပ်တည်နိုင်ခြင်းတည်း ဟူသော
ကျက်သရေမင်္ဂလာ အလို့ငှာသာ ဖြစ်ချေသည်။
ရောဘတ်ဘန်းစ်
Posted by clef at 6:01 pm 3 comments
...On 6/11/07, Tin Maung Thet
Tin Maung Thet has left a new comment on your post "Nationalism (သို့) အမျိုးသားရေးဝါဒ":
သမိုင်း ကို စနစ်တကျဖျက်ဆီး ခဲ့ ဖျက်ဆီးနေတဲ့ အာဏာရှင် တွေကြောင့် သမိုင်း အမှန် ကို လဲ ဒီ ကနေ့ ကလေးတွေ သိဖို့ ခက်နေပါပြီ။ မြန်မာ့အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကဗျာ မူလတန်း ကလေးတွေ မရွတ်ရတော့ပါ။ ဒီကနေ့ ပြန်လည်တည်ဆောက်ချင်ပါတယ်ဆို တဲ့ အရည်အချင်း ရှိတဲ့ လူငယ်အများ အပြား တိုးတက်နေ တဲ့ နိုင်ငံခြားတိုင်း ပြည်တွေ ကို အလုပ်အကြွေး ပြုနေရတာ ဘာကြောင့်လို့ ထင်ပါသလဲ။ ပညာတတ်မှန်တာပြော မမှန်ရင် ဝေဖန်တတ်တဲ့ ပညာတတ်တွေ လူငယ် တွေ ဒီကနေ့ အာဏာပိုင်စိုး သူတွေကို ဦးမညွှတ်ချင်လို့  တိုင်းပြည်မှာ နေစရာမရှိပါ။ နိုင်ငံခြားမှာ နေ ပြီး ဘယ်လို နည်းနဲ့ စကြမလဲ။ ဆိုကြပါစို့  လူကြီးတွေ ကို ခေါက်ထားပြီး လူငယ်တွေက စပြောင်းလဲမယ်။ အဲဒိ စပြောင်းလဲမယ်ဆို တဲ့ လူငယ်တစ်ယောက် ဟာ အမှားပေါ်လစီတွေအောက်မှာ ဘယ်လို စအလုပ်လုပ်မလဲ။ မှန်တာကစပြောရမှာပါပဲ. ဒါဆို ရင်တော့ ကမ္ဘာ့ အရှည်ဆုံး ထောင်ဒါဏ်တွေ ကလူငယ်တွေကို စောင့်ကြိုနေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ဆရာဝန်တွေ အင်ဂျင်နီယာတွေအရည်အချင်းပြည့် ဆရာမတွေ အများကြီး လို အပ်နေ လျက် က လူငယ်တွေ ဘာကြောင့် တိုင်းတပါး မှာ Migrate လုပ်နေကြတာပါလဲ။ တိုင်းပြည်တကယ်တန်း ပြန်လည်ထူထောင်ပြီဆိုရင်ကော အဲဒိ လူတွေ အကုန် ပြန်လာမှာ ပါလား
...........
တိုင်းပြည် ပြန်လည်ထူထောင်ရေးဆိုတာ ဘာဖြစ်တော့မှ၊ ဘယ်လိုဖြစ်တော့မှ မဟုတ်ပါဘူး။ အခုချက်ချင်း စတင်လို့ရတဲ့ကိစ္စပါ။ ပြည်တွင်းမှာ ရှိသူတွေကလည်း သူနည်းသူ့ဟန်လုပ်နိုင်တာတွေရှိသလို ပြည်ပရောက်တွေလည်း တနိုင်ထမ်းနိုင်တဲ့ဝန်တွေရှိပါတယ်။ အဓိက ကတော့ စိတ်ဓာတ်တွေ၊ညီညွတ်မှုတွေပဲလိုအပ်တာပါ။ ပြည်ပနိုင်ငံတွေမှာ လူမျိုးပေါင်းစုံရဲ့ community services တွေဟာ အဲဒိနိုင်ငံမှာ ရှိနေတဲ့သူလူမျိုးတွေရဲ့ အရေးကိစ၊္စ ပြသနာများစွာ (သာရေး၊နာရေးမှစလို့ တရားရေးကိစ္စအဆုံး) ကို အတော်လေးထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးတတ်ကြပါတယ်။ ဒါအပြင် လမ်းမှာ၊ အပြင်မှာ သူလူမျိုးတစ်ယောက်ယောက်ကိုတွေ့ရင်လည်း မျက်နှာလိုက် အကူအညီပေးမှုတွေဟာ အများအပြားပါ။
မြန်မာလူမျိုးတွေမှာ အဲလိုတာဝန်ယူဖြေရှင်းပေးနိုင်မှုတွေ ရှိတယ်ဆိုရင်တောင် အရမ်းကို နည်းနေပါသေးတယ်။ ညီညွတ်မှုအားမှာလည်း အရမ်းကို နည်းနေပါသေးတယ်။ ပြည်ပရောက်မြန်မာတွေကစလို့ ညီညီညွတ်ညွတ်နဲ့ အဲဒိနိုင်ငံမှာရှိတဲ့ မြန်မာအချင်းချင်းစောင့်ရှောက်မယ်၊ လက်ဆင့်ကမ်းထိန်းသိမ်းမယ်ဆိုရင် community အရေးဟာတိုးတတ်လာပါလိမ့်မယ်။ ပြည်ပမှာရှိတဲ့ မြန်မာတစ်ယောက်အဆင်ပြေ အောင်မြင်တာဟာ ပြည်တွင်းမှာကျန်ခဲ့တဲ့သူမိသားစု အဆင်ပြေတာလို့လဲ ဆိုလို့ရပါတယ်။ ပြည်ပမှာရှိတဲ့ မြန်မာတယောက်ရဲ့ စိတ်ဓာတ်တွေ၊ တာဝန်ယူနိုင်မှုတွေပြောင်းလာတာက တဆင့် သူမိသားစု၊သူပတ်ဝန်းကျင်လည်း တစစ တစစ ပြောင်းလဲလာနိုင်ပါတယ်။ အဲဒိလို ပြောင်းလဲလာအောင်လည်း community အရေးအနေနဲ့ အားလုံး ဝိုင်းဝန်းကြိုးစားကြရမှာပါ။
ပညာရေးအနေနဲ့ ပြောရရင်လည်း ကျွန်မတို့အရင်ခေတ်က လူကြီးတွေက ကျွန်မတို့ခေတ်ရဲ့ပညာရေးစနစ်ကို ပျက်ဆီးယိုယွင်းလာတယ်လို့ ပြောပါတယ်။ ကျွန်မတို့ကလည်း အခုခေတ်လူငယ်တွေရဲ့ ပညာရေးဟာ ကျွန်မတို့ခေတ်ထက် ပိုမိုဆိုးရွားလာပြီလို့ ပြောကြပြန်ပါတယ်။
ပျက်ဆီးနေတဲ့ပညာရေးစနစ်မှာ ကြီးပြင်းလာရတဲ့ ကျွန်မတို့ခေတ်လူငယ်တွေဟာ ပြဌာန်းထားတဲ့သင်ရိုးညွှန်းတမ်းတွေအပြင် လက်လှမ်းမီသမျှ ပညာရေးအခွင့်အလမ်းတွေရှာဖွေခဲ့ကြတာပါပဲ။အဲဒိအခွင့်အရေးဟာ ပြည်တွင်းမှာလည်း ဖြစ်ချင်ဖြစ်မယ်၊ ပြည်ပမှာလည်း ဖြစ်ချင်ဖြစ်မယ်။ အခွင့်အရေးတွေရှိတဲ့နေရာကို အရောက်လှမ်းဖို့ ကျွန်မတို့ခေတ်လူငယ်တွေ တတ်နိုင်သလောက် ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒိအတွေ့အကြုံကို ကျွန်မတို့သဘောပေါက်သွားရင် အခုခေတ်လူငယ်တွေကို မှန်ကန်တဲ့လမ်းညွှန်မှုတွေ၊ မမှားယွင်းတဲ့ရွေးချယ်မှုတွေဖြစ်အောင် ကူညီပံ့ပိုးပေးနိုင်ကြမှာပါ။
ကျွန်မတို့ခေတ်လူတွေကို မှားယွင်းတဲ့သမိုင်းတွေ အကြီမ်ကြီမ်ပြောယုံနဲ့ မျက်စိမှိတ် မယုံတတ်ကြပါဘူး။ အတွေ့အကြုံ၊ ဥာဏ်ပညာနဲ့ ချင့်ချိန်သုံးသပ်ကြပါတယ်။ အခုခေတ်လူငယ်တွေကိုလည်း အသိဥာဏ်ပညာတွေနဲ့ ဆင်ခြင်တွေးခေါ်တတ်အောင် ကျွန်မတို့ လက်ဆင့်ကမ်းကြရမှာပါ။ ဒါ ကျွန်မဆိုလိုချင်တဲ့ တစ်ယောက်ချင်းစီရဲ့ တာဝန်ယူတတ်မှုပါ။
ပြည်တွင်းနေခြင်း၊ ပြည်ပနေခြင်းဆိုတာကတော့ တဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲဖြစ်မယ် ထင်တယ်။ ဘယ်ရောက်နေလဲဆိုတာထက် ဘယ်လိုခံယူချက်တွေနဲ့ရပ်တည်နေလဲ ဆိုတာက ပိုအရေးကြီးမယ် ထင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်း တာဝန်ကျေမယ်ဆိုရင် ကျွန်မတို့လှမ်းနေတဲ့ ပန်းတိုင် သိပ်မဝေးလောက်ဘူးထင်ပါရဲ့နော်။
ကျွန်မအခုလိုဖြေခွင့်ရအောင် မေးပေးတဲ့ ကိုတင်မောင်သက်ကို ကျေးဇူးပါရှင်။
............................
May Nyane has left a new comment on your post "Nationalism (သို့) အမျိုးသားရေးဝါဒ":
တကယ် ၀န်ခံရရင် ကျမ စိတ်အပျက်ဆုံးက လူမျိုး ရေးအစွဲအလန်းတွေပါပဲ..တကယ်တမ်း တိုင်းပြည်ထူထောင်ရေးကို လူမျိုးရေးဝါဒက ဖျက်ဆီးတယ်လို့ ထင်ပါတယ်..
ဂျစ်တူး - gyit_tu has left a new comment on your post "ပုံပြင်များနှင့် ခဏတာ":
ကျမလည်း အမလို ပုံပြင်တွေ သိပ်ကြိုက်တယ်း)(နိုင်ငံရေး ပရိယာယ်ဆိုတာ အတော်လေးကို နက်နဲရှုပ်ထွေးလွန်းအားကြီးပါတယ်။)ဒီအတွေးနဲ့ပတ်သက်ပြီး တခါက ကျမနဲ့ မိတ်ဆွေတယောက် ကောက်နုတ်ချက်ချဖူးတာ ရှိပါတယ် ။ ဗမာပြည်ရဲ့ အိမ်နီးနားချင်း နိုင်ငံများဖြစ်တဲ့ အင်ဒီးယားတို့ တရုတ်တို့ ရုရှားတို့ဟာ ၊ အမေရိကားလို အင်အားကြီးနိုင်ငံတခု ဖြစ်ဖို့ ၊ ဗမာပြည်က ရသလောက်ကို စုတ်ယူပြီး ၊ ကြီးထွားဖို့ ကြိုးစားနေတယ် ။ဗမာပြည်ကို အမေရိကားတို့ ဘာတို့က ဒီမိုကရေစီအတွက် sanctions နဲ့ ဖိအားတွေ ပေးနေပေမယ့် ၊ ဗမာပြည်က တတ်နိုင်သမျှခွာယူဖို့ မျက်စိကျနေတဲ့ အဲလို အိမ်နီးချင်း နိုင်ငံတွေ ရှိနေသမျှ ၊ ဗမာလက်ရှိအစိုးရဟာ သိပ်ကြောက်ရွံ့ မှာ မဟုတ်ဘူး ။ အဲလိုအိမ်နီးချင်း နိုင်ငံတွေ လုပ်တာ မှားလား မှန်လား ဆိုတာကတော့.. အမပြောထားတဲ့ နိုင်ငံရေးပရိယာယ်နဲ့ အတော်လေး သက်ဆိုင်မယ်လို့ ထင်မိတယ် ။
..............
ပထမဆုံးတောင်းပန်ချင်တာက ကျွန်မလည်း စီးပွားရေး၊ နိုင်ငံရေး အရမ်းကြီးနားမလည်ပါဘူး။ ဥာဏ်မီသလောက်၊ နားလည်သလောက်လေး ပြောကြည့်ပါရစေနော်။ မှားယွင်းတယ်ဆိုရင်လည်း ကျွန်မရဲ့လိုအပ်ချက်ပါ။
မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားနဲ့ ပြသနာကို သေချာနားလည်ရင် သင့်တော်မှန်ကန်တဲ့ဖြေရှင်းနည်းတွေရှာဖွေတွေ့ရှိမယ်လို့ မျှော်လင့်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ပြောရရင် တရုတ်ဟာ အနောက်နိုင်ငံတွေနဲ့အပြိုင်အဆိုင် စီးပွားရေးဈေးကွက်တွေချဲ့ထွင်လာပါတယ်။ europe ဘက်မှာ ပစည်းတော်တော်များများဟာ made in china တွေပဲများနေလို့ ငြင်းသံ၊ခုန်သံ၊ဆန့်ကျင်သံတွေ တော်တော်လေးကြားခဲ့ရပါတယ်။ အင်အားကြီးတဲ့ US နဲ့ အတော်လေးအပြိုင်အဆိုင် အနေအထားဖြစ်လာနေပါတယ်။ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ US ကိုဆန့်ကျင်တယ်ဆိုပေမဲ့ အချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်။ မြန်မာစစ်အစိုးရလောက် မယုံကြည်ရဘူးဆိုပါတော့။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲကြောင့် ဆုံးရှုံးမှုတွေသာ မရှိဘူးဆိုရင် မြန်မာနိုင်ငံဟာ စီးပွားရေး၊ နိုင်ငံရေးအရ အရေးပါတဲ့အနေအထားမှာ ရှိပါတယ်။( ဦးခင်ညွန့်အပြောင်းအလဲမှာ ဆုံးရှုံးမှုတွေရှိဖူးတဲ့ သာဓကကြောင့်ပါ။)
ဒါကြောင့် တရုတ်ဟာ နိုင်ငံရေးတည်ငြိမ်အောင် ကြိုးပမ်းဖို့ မြန်မာကို သတိပေးနေတာပါ။)
တရုတ်တို့၊ ရှရှားတို့က မြန်မာနိုင်ငံကို ကာကွယ်တယ်ဆိုရာမှာလည်း စားကျက်ခွဲတဲ့သဘောပါပဲ။ ဒီနေရာမှာ သူတို့စီးပွားရေးအနေအထားအရ အခြေအနေကောင်းနေတယ်၊ ဝင်မရှုပ်ပါနဲ့ ဆိုတဲ့သဘောလို့ ထင်ပါတယ်။ မြန်မာနိုင်ငံအတွက် ဆိုးကျိုးအနေနဲ့ကတော့ နိုင်ငံတကာကို တရားဝင်ကူးသန်းရောင်းဝယ်ခွင့်မရတော့ ရောင်းလို့ရတဲ့နေရာမှာ အဖိုးတန်ပစည်းတွေကို အောက်ဈေးတွေနဲ့ ရောင်းနေရပါတယ်။ ခေတ်မှီနည်းပညာလိုအပ်ချက်တွေပါ ထပ်ပေါင်းလိုက်ရင် အင်မတန်ကို နစ်နာလှပါတယ်။ ဒီလောက် အဖိုးတန်သဘာဝတွေ ထွက်နေတဲ့နိုင်ငံက ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတော့ ...တော်တော်လေး ဆိုးရွားလှပါတယ်။
တရုတ်တို့၊ ရှရှားတို့ မြန်မာနိုင်ငံကို ကာကွယ်နေတယ်ဆိုတာ ဘယ်သူအကျိုးအတွက်မှမဟုတ်ပါဘူး။ သူတို့အကျိုးစီးပွားသက်သက်အတွက်ပဲလို့ ကျွန်မတော့ထင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ဘယ်သူမှ လာလုပ်မပေးပါဘူး။ မြန်မာပြည်သားတွေသာ ကြိုးပမ်းလုပ်ဆောင်နိုင်မယ်လို့ ကျွန်မတော့ နားလည်ယုံကြည်လက်ခံထားပါတယ်။
မဂျစ်ရေ ကျေးဇူးပါနော်။
Posted by clef at 4:58 am 3 comments
Posted by clef at 3:56 am 1 comments
Understand the things I say
Don't turn away from me
Cause I spent half my life out there
You wouldn't disagree
D'you see me, d'you see
Do you like me.
Do you like me standing there
D'you notice, d'you know
Do you see me, do you see me
Does anyone care
Unhappiness, where's when I was young
And we didn't give a damn
'Cause we were raised
To see life as fun and take it if we can
My mother, my mother she hold me
Did she hold me, when I was out there
My father, my father, he liked me
Oh he liked me, does anyone care
Understand what I've become
It wasn't my design
And people everywhere think
Something better than I am
But I miss you.
I miss'Cause you liked it.
I liked itWhen I was out there
D'you know this, d'you know
You did not find me, you did not find
Does anyone care
Unhappiness was when I was young
And we didn't give a damn
'Cause we were raised
To see life as fun and take it if we can
My mother, my mother she hold me
Did she hold me, when I was out there
My father, my father, he liked me
Oh me liked me, does anyone care
Does anyone care
// that' my life-time special song. i don't play that song much if i don't have enough feelings.
But whenever i feel pain with unsaid words and thounsand frogs in my throat,
that song heel me.treat me.care me.give me.energize me.. //
Posted by clef at 12:07 pm 3 comments