hits spiritcorner

Monday, 9 July 2007

ကြယ်ကြွေတို့ရဲ့ အတောင်ပံ



...မင်းရဲ့ကလေးတွေဟာ မင်းရဲ့ကလေးတွေမဟုတ်ဘူး
သူတို့ဟာ ဘဝရဲ့ကိုယ်တိုင်မွတ်သိပ်မှုရဲ့ သားသမီးတွေပဲဖြစ်တယ်
မင်းခန္ဒာကိုယ်ထဲကဖြတ်ပြီး သူတို့လူလောကထဲကို ရောက်လာကြတယ်။ ဒါပေမဲ့ အဲဒါ မင်းဆီကနေ ရောက်လာတာမဟုတ်ဘူး

မင်းသူတို့နဲ့ အတူရှိနေပေမဲ့ သူတို့ကို မင်းမပိုင်ဘူး
သင်က သူတို့ကို ချစ်ခြင်းမေတ္တာပေးအပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ သင့်အတွေးတွေကို မပေးနိုင်ဘူး။ သူတို့မှာ ကိုယ်ပိုင်အတွေးတွေ ရှိနေလို့


သင်သူတို့၏အိမ်တွေကို ဆောက်ပေးနိုင်လိမ့်မယ်။ သို့သော် သူတို့၏ နာမ်ဝိဥာဉ် တွေကို ဆောက်မပေးနိုင်



မေမေ
လောကကြီးမှာ ကြွေသွားပြီးတဲ့ပန်းတွေ အများကြီး
အဲဒိထဲမှာ ပန်းပြန်ပွင့်တဲ့ပန်း မရှိဘူးထင်လို့လား
တချို့ပန်းတွေက တစ်စစီ ဖဲ့ကျွေခံလိုက်ရပေမဲ့ ပန်းပြန်ပွင့်နိုင်တဲ့ သတ္တိတွေရှိတယ်


ချစ်သော ဝေလွင်

ခါလိဂျီဘရန်က ပြောခဲ့ဖူးတယ်။ နာကျင်မှုတော်တော်များများဟာ တို့တွေကိုယ်တိုင် ရွေးချယ်ယူခဲ့တာဖြစ်တယ် တဲ့။
တို့လူသားတွေရဲ့ စိတ်ဝိဥာဉ်ဆိုတာက မကြာခဏဆိုသလို စစ်တလင်းတစ်ခုဖြစ်နေတတ်တယ်။ ကိုယ်တို့ရဲ့ အလိုရမက်တွေ၊ မွတ်သိပ်မှုတွေကို ဆင်ခြင်တုံတရားတွေ စီရင်ချက်တွေနဲ့ ခုခံတိုက်ခိုက်နေရတဲ့ စစ်မြေပြင်ပေါ့။

ဆင်ခြင်တုံတရားနဲ့ အလိုရမက်ဟာ စိတ်ဝိဥာဉ်ပင်လယ်ပြင်ခရီးမှာ တတ်မနဲ့ ရွက်ပမာ တူတယ်။
တတ်နဲ့ရွက် တစ်ခုခုပျက်ရင် ကိုယ်တို့လွင့်စင်မျောပါသွားမှာပဲ။

ဆင်ခြင်တုံတရားတစ်ခုတည်းနဲ့ဆိုရင် ဒါဟာအတင်းအဓမ္မ အကျဉ်းကျခံနေရသလိုပဲ။ အလိုရမ္မက်နဲ့ချည်းဆိုရင်လဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်မယ့် မီးတောက်မီးလျှံပဲ။ ဒီနှစ်ခုကို ဟန်ချက်ညီအောင် ထိန်းတတ်ဖို့ ကြိုးစားကြရမှာပါပဲ။

ဝေလွင်မရှိတော့တဲ့ ကိုယ်ရဲ့ကမ္ဘာဟာ ငရဲတစ်ခုပါပဲ။ အဲဒိ ငရဲကို ကိုယ်တိုင် ဖန်းဆင်းယူခဲ့တာပါ။

မေတ္တာဖြင့်

မင်းဥာဏ်

Wednesday, 4 July 2007

ဟိုအကြောင်း ဒီအကြောင်း


အခုတလော နေရထိုင်ရတာ သိပ်အဆင်မပြေလှပါဘူး။ နွေရာသီလို့ သတ်မှတ်ထားတဲ့အချိန်ကာလမှာ ရွာလိုက်တဲ့မိုးတွေက မရပ်မနားပါပဲ။ နေထိုင်ဖူးတဲ့ ခုနှစ် နှစ်တာကာလအတွင်း သိထားတဲ့အင်္ဂလန်မိုးက ဒီလိုမဟုတ်ပါဘူး။ ငိုကြောမရှည်တတ်တဲ့ကလေးတစ်ယောက်လို ပြီးပြီးပျောက်ပျောက်ပါ။ ဘယ်လောက်တောင် ရွာလွယ် တိတ်လွယ်လိုက်သလဲဆိုရင် ကျွန်မမှာ ထီးတစ်လက်မှ မပိုင်ဆိုင်တာသာကြည့်လို့ ဆိုရမလိုဖြစ်နေပါပြီ။ ပုံမှန်အင်္ဂလန်မိုး ဆိုရင် မိုးခဏခိုလိုက်ရုံ၊ rain coatတစ်ထည်ပိုင်ဆိုင်ရုံနဲ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အခုတလော ရွာတဲ့မိုးကတော့ နေ့မတိတ်၊ ညမတိတ် ဗြစ်တောက် ဗြစ်တောက်နဲ့ မြင်းပြင်းကတ်စရာကောင်းလှပါတယ်။ ရွာလိုက်ရင်လည်း သဲကြီးမဲကြီး အငြိုးတကြီးနဲ့ကို ရွာတော့တာပဲ။ အဲသလောက် ရွာပြီးသကာလ တစ်ချို့နယ်တွေမှာ ရေတွေကြီးကုန်ပါတော့တယ်။ ရေကြီးတာကို တစ်ပတ်နီးပါးဖြစ်နေပြီ။ ခုထိ မကျသေးပါဘူး။

မိုးတွေရွာလို့ မကြည်သာဖြစ်နေတဲ့ အင်္ဂလန်တစ်ပြည်လုံးအတွက် နောက်ဆက်တွဲ လက်ဆောင်ကတော့ ဗုံးပေါက်တဲ့သတင်းပါ။ အသိတစ်ယောက်ကို Heathrow မှာသွားကြိုတဲ့ 22 June ထဲက suspect ဆိုပြီးဖြစ်နေတာပါ။ စစ်လိုက် ဆေးလိုက်တာလည်း မပြီးနိုင် မဆီးနိုင်။ အဆုံးမှာတော့ လန်ဒန်မှာ အခြေအနေမကောင်းလို့ Glasgow မှာ June 30 က သွားပေါက်တဲ့ ဗုံးသတင်းပါ။ လေယာဉ်ချိန်တွေလည်း နောက်ကျ။ ခရီးသွားပြည်သူတွေလည်း ကြန့်ကြာ။ suspect ဆိုပြီး ဖမ်းလိုက်တဲ့လူလည်း မနည်းပေါ့။ တော်တော်များများကပညာတတ်တွေဖြစ်ပြီး ဆရာဝန်တွေလည်းပါဝင်နေပါတယ်။

အဲထိလိုသတင်းတွေရဲ့နောက်မှာ အဆင်မပြေတာကတော့ အများပြည်သူပါ။ နေရာတိုင်းမှာ သူမျက်နှာဆိုသလို နေရာအနှံ့ ရဲတွေချည်းပါပဲ။ စစ်ဆေးမှုတွေ၊ ရှာဖွေမှုတွေကလည်း မရပ်မနားပါ။ ထုံးစံအတိုင်း ရှာတာတခြား တွေ့တာတခြား ဆိုတဲ့ ပြသနာတွေလည်း မနည်းမနော။ အထူးအနှောက်အယှက် အဖြစ်ဆုံးကတော့ ကားမောင်းသူတွေပါပဲ။
ကားတွေရဲ့လိုင်စင်၊ အာမခံ၊ အခွန် ၊ ကားကြံ့ခိုင်မှု ရှိမရှိ ..အား.. စစ်လိုက်ဆေးလိုက်တာမပြောပါနဲ့တော့။ အဲဒါတွေ အကုန်ပြည့်စုံရင်တောင် မကျေနပ်ရင် မကျေနပ်သလို ကားတားပြီး စစ်တတ်ပါသေးတယ်။

လွတ်တော်မှာလည်း ပွဲက ကြည့်ကောင်းလှပါတယ်။ ဝန်ကြီးချုပ် အသစ်စက်စက် Gordon Brown လည်း ပြသာနာပေါင်းစုံနဲ့ ဝိုင်းဝန်းမိတ်ဆက်ခံနေရတဲ့အချိန်ပေါ့။ အပြောကောင်းလှပါတယ်ဆိုတဲ့ Tony Blair နဲ့ပဲ ယှဉ်တွဲကြည့်မိနေလို့လားမသိ။ Brown ရဲ့ စကားပြောပုံက တဆိတ် ပျင်းစရာကောင်းနေသလိုပါပဲ။ အသက် လေးဆယ့်နှစ်နှစ်သာရှိတဲ့ အတိုက်အခံပါတီ Conservative ရဲ့ ခေါင်းဆောင် David Cameron ကလည်း စကားပြောအတော်ကောင်း။ နိုင်ငံခြားသားအများစုက Conservative ကိုသိပ်မကြိုက်ကြဘူးဆိုပေမဲ့ David လိုခေါင်းဆောင်တစ်ယောက်ကတော့ သဘောကျစရာကောင်းသား။ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ပေးနိုင်တဲ့ပုံပါ။ ဘယ်လိုလဲဆိုဆို သူတို့တွေ လွှတ်တော်ထဲမှာ စကားစစ်ထိုးနေတာတွေ ကြည့်ရတာ တကယ်ကို နှစ်ခြိုက်စရာပါ။

အင်္ဂလန်ရဲ့ သတင်းပလင်း အစီအစဉ် ဒီတွင် ပြီးဆုံးပါပြီ။


Monday, 25 June 2007

စနစ်တကျလေ့ကျင့်တည်ဆောက်ထားသော စိတ်၏ သတ္တိစွမ်းအားများ


စိတ်သည် အကြီးမားဆုံး စွမ်းအားရှင်ဖြစ်သည်။ လူ့အလိုဆန္ဒအားလုံးကို ဖြည့်ဆည်းဖြေရှင်းပေးသောအရာသည် လူ၏အတွေ့အကြုံနှင့် စိတ်ဓာတ်ပင်ဖြစ်သည်။ သို့သော်ပရမ်းပတာအတွေး၊ ဖရိုဖရဲစိတ်ဓာတ်တို့ဖြင့်ကား ရလာဒ်ရေရာလိမ့်မည်မဟုတ်။ ကြီးမားသော အလိုဆန္ဒ နှင့် ရည်မှန်းချက်များ ထမြောက်အောင်မြင်လိုလျှင် စိတ်ဓာတ် နှင့် အတွေးအကြံများကို ဦးစွာလေ့ကျင့် ပြင်ဆင်ထားရလိမ့်မည် ........လို့ စာအုပ်ဖုံးမှာ ဆိုထားတဲ့ ဆရာဖေမြင့် ရဲ့ဒီစာအုပ်လေးက တော်တော်ဖတ်လို့ကောင်းပါတယ်။

ဒီအထဲကမှ ကျွန်မ ကြိုက်နှစ်သက်တဲ့ ကောင်းနိုးရာရာလေးတွေကို ရွေးချယ်ဖော်ပြထားပါတယ်။ အားလုံး အောင်မြင် ပြည့်စုံသော ဘဝတွေကို တည်ဆောက်နိုင်ကြပါစေ။



မိမိအား တစ်စုံတစ်ယောက်က ထိခိုက်စော်ကား(ပြောဆိုပြုမူ)သည်ဟူသော အနေအထားမျိုးတွင် မည်သို့တုံ့ပြန်သင့်ကြောင်း ရပ်ဆယ်လီယွန်စ် အမည်ရှိပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။ ၎င်းက “ ထိခိုက်စော်ကားမူတစ်ခုကို အလိမ္မာဆုံး ခံယူနိုင်သည့် တစ်ခုတည်းသောနည်းကား လျစ်လျူရှုခြင်းနည်း ဖြစ်သည်။ အကယ်၍ လျစ်လျူမရှုနိုင်ပါက သည့်ထက်ကျောပြီး ပြောပစ်လိုက်ပါ။ သည်လိုမလုပ်နိုင်က ရယ်မောပစ်လိုက်ပါ။ အကယ်၍ သင်မရယ်နိုင် ဆိုပါက ယင်းသည် သင်ခံသင့်ခံထိုက်သောအရာ ဖြစ်ချင်ဖြစ်နေနိုင်ပါသည် ” ဟူ၍ဆိုပါသည်။


စိတ်ပညာရှင် တွေးခေါ်ရှင်ကြီး ဝီးလျံဂျိမ်းစ် ကမူ “ အရာရာကို ဝေခွဲမရ ဆုံးဖြတ်ချက်မကျ ဖြစ်နေတတ်သည့် အကျင့်ကြီးကလွဲ၍ တခြားဘာအလေ့အကျင့်မှ မရှိသောသူတစ်ဦးထက် ပို၍စိတ်မချမ်းမသာ ဖြစ်ရသူကား ရှိလိမ့်မည်မဟုတ် ” ဟူ၍ ပြောကြားခဲ့ပါသည်။


အသိပညာဟူသည် သူဆင်းရဲအတွက် ဓနဥစ္စာဖြစ်၍ လူချမ်းသာအတွက် ကျက်သရေမင်္ဂလာဖြစ်သည်။ ထို့ပြင် ငယ်ရွယ်သူတို့အတွက် လိုအပ်ချက်ကြီးဖြစ်၍ ကြီးရင့်အိုမင်းသူတို့၌ စိတ်နှလုံး ချမ်းမြေ့စရာ အထောက်အပံ့ ပြုသောအရာ ဖြစ်သည်။


ငါ့အား တစ်ပြိုင်တည်း နှိပ်စက်နေသော အရာနှစ်ခုရှိသည်။ ယင်းကား နားမထောင်သည့်ရောဂါ နှင့် အမှတ်သညာမပြုခြင်း ဝေဒနာတို့ဖြစ်သည်။

ရှိတ်စပီးယား


မကောင်းသူတစ်ယောက်အတွက်နှင့်တော့ သင့်စိတ်ကောင်းစေတနာကောင်းများ ပျက်မသွားပါနှင့်။ စိတ်ကောင်း စေတနာကောင်းဟူသည် ချက်ချင်းလက်ငင်း အကျိုးမပေးလျှင်လည်း တစ်နေ့နေ့တစ်ချိန်ချိန် တစ်နေရာရာတွင် ပြန်၍အကျိုးပေးမည်သာ။ အကျိုးကျေးဇူးတုံ့ပြန်မှုသည် သင်စေတနာထားဖူးသူများထံမှ ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် အခြားသူများထံမှ ဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ ခြုံငုံစုပေါင်းလိုက်လျှင်ကား သင့်စေတနာသည် တူညီသောအကျိုးပေးမှုကို ခံရမည်သာဖြစ်ပါသည်။


စိုးရိမ်ကြောင့်ကြစိတ်တို့ကို အင်အားအဖြစ်ပြောင်းလဲပစ်နိုင်သူများမှာ လောက၌ အောင်မြင်သူများ ဖြစ်လာတတ်ကြသည်။


ရှုံးနိမ့်မှုဟူသည် အောင်မြင်မှုပန်းတိုင်သို့ ချီတတ်ရာ ခရီးလမ်း၌ ကြုံတွေ့ရတတ်သည့် လမ်းကွေ့ကလေးများဖြစ်သည်။


ဤကမ္ဘာရှိကောင်းသော လုပ်ရပ်အများစုတို့သည် ခပ်ညံ့ညံ့လူများ၏ အစွမ်းကုန် အားထုတ်ကြိုးပမ်းမှုဖြင့် ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။


Sunday, 24 June 2007

အချစ်ဖြင့် လောင်ကျွမ်းတောက်ပသူများ


ဆရာ ချစ်ဦးညိုရဲ့စာတွေကို လင်္ကာဒီပချစ်သူ ဖတ်ဖူးပြီးထဲက လေးစားနှစ်သက် သဘောကျခဲ့တာပါ။ ကျွန်တော် သမိုင်းဆရာမဟုတ်ပါဘူး။ ဝတ္ထုရေးသူ ပါဆိုပြီး ခံစားတင်ပြသွားတဲ့ ဆရာပါ။ ဒီစာအုပ်ကတော့ နာမည်လေးနဲ့တင် နှစ်ခြိုက်သဘောကျသွားတယ်။ ဝတ္ထုတစ်ပုဒ်လို့ ထင်လိုက်ပေမဲ့ အချစ်ကြီးကြသူခြောက်ယောက်အကြောင်း ( ဆရာအဆိုအားဖြင့် အချစ်ဖြင့်လောင်ကျွမ်းတောက်ပသူတွေအကြောင်း ) ကို စုစည်းတင်ပြထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာရဲ့ တင်ပြပုံ စိတ်ကူးလေးတွေက အင်မတန်နှစ်သက်စရာကောင်းပါတယ်။
ပြီးတော့ အချစ်ဆိုတာကိုလည်း ဒီလိုအနက်ဖွင့်ပြသေးတယ်။ မေတ္တာကို ချစ်ခြင်းဟု အနက်ပြသကဲ့သို့ ပေမဟူသော ပါဌ် ကိုလည်း ချစ်ခြင်းဟုပင် အနက်ပေးကြသည်။ ပေမအရ ချစ်ခြင်းကို သုံးမျိုး ပိုင်းခြားသည်။
တဏှာပေမ သည် ယောက်ျားနှင့် မိန်းမအချင်းချင်း တဏှာလောဘ၏အစွမ်းဖြင့် ချစ်ခြင်းဖြစ်သည်။ အလင်္ကာကျမ်းက ဒါကို သိင်္ဂါရဟု ခေါ်သည်။
ဂေဟသိတပေမ သည် မိဘနှင့် သားသမီး၊ ညီအစ်ကို၊ မောင်နှင့် နှမ စသည်တို့အကြား အချင်းချင်းခင်တွယ်မှုဖြစ်သည်။
မေတ္တာပေမ အလင်္ကာကျမ်းအရ ဂစ္ဆလမေတ္တာပေမ ကား အခြားတစ်ပါးသူ၏ အကျိုးစီးပွား ဖြစ်ထွန်းမှုကို လိုလားခြင်း၊ မခွာမခွဲ အမြဲအတူနေလိုခြင်းသဘောမရှိဘဲ ဝေးကွာ နေရစေကာမူ ထိုဝေးကွာနေသူမှာ စီးပွားချမ်းသာဖြစ်သည်ဟုသိရလျှင် ကျေနပ်သည်။ အတူမနေရခြင်းအတွက် ခက်ခဲဝန်လေးခြင်းမရှိ။ စင်ကြယ်မွန်မြတ်သော သဘောဖြစ် ဗြဟ္မဝိဟာရ အမည်ကို ရသည်။
အဲသည့်နောက် လောင်ကျွမ်းတောက်ပသူ တစ် အနေဖြင့် နော်မန်သူကောင်းမျိုး တစ်ယောက်ဖြစ်တဲ့ ဆာဘရိုင်ယန် ဒီဘိုးဂီးလ်ဘတ် အကြောင်းဖြင့် စတင်ပါတယ်။ ဂျူးအနွယ်တို့သည် ခရစ်ယာန်သာသနာ၏ ဆူးငြှောက်ခလုပ် ဟုနားလည် ထားလျက်ကမှ ဂျူးမလေး ရေဘက်ခါကိုမှ ချစ်မိသည့်အဖြစ်။ အချစ်အတွက် ကြေကွဲသေပွဲ ဝင်ရသည့်အကြောင်းကို ဆရာက လှလှပပ ဖော်ကျူးတင်ပြထားတာပါ။
လောင်ကျွမ်းတောက်ပသူ နှစ် ကတော့ စူဠသုဘဒ္ဒါမိဖုရား။ ဖန်တရာတေနေပေမဲ့ ဘယ်တော့မှမရိုးတဲ့အဖြစ်။
ပန်းခိုင်လု၍ ကယုကယင် ချစ်တုံ့တင်လျက် ကျင်ကျင်လည်း ပျော်ဖူးခဲ့သည်များကို ကြံသည်စေ့စေ့ တစိမ့်စိမ့် အောက်မေ့၍ တငွေ့ငွေ့ဆင်ခြင် ပူစကိုငင်မိလျှင်.......ဆိုပြီး ကြေကြေကွဲကွဲ အဆုံးသတ်ထားပါတယ်။


လောင်ကျွမ်းတောက်ပသူ သုံး ကတော့ ဂေါ်ကီရဲ့ သစ္စာဖောက်တစ်ဦး၏အမေ ပါ။ ကိုယ်ကြီးပြင်းနေထိုင်ခဲ့တဲ့မြို့ကို အငြိုးတကြီးတိုက်ခိုက်ချေမှုန်းချင်နေတဲ့သားတစ်ယောက်ကို ဆုံးမသုတ်သင်လိုက်တဲ့အမေတစ်ယောက်အကြောင်းပါ။ အဆုံးသတ်လေးက “ မိမိကိုယ်မိမိချစ်သော၊ သားကိုချစ်သော၊ အမျိုးကိုချစ်သော ကိုယ်မြေကိုယ်ရေ ကိုယ်လေကို ချစ်သောအမေ့အချစ်၊ အမေမေတ္တာ ထိုချစ်ခြင်းမေတ္တာတို့၏ လောင်ကျွမ်းမှုဖြင့် သစ္စာဖောက်၏မိခင်သည် အလင်းထိန်ဆုံး တောက်ပနေတော့သည် ” တဲ့။

လောင်ကျွမ်းတောက်ပသူ လေး ကတော့ ရှယ်လီ၏ ပရိုမီးသီးယပ် ပါ။လူသားတွေအတွက် မီးကိုသယ်ဆောင်လာပေးတဲ့ ပရိုမီးသီးယပ်၏ မေတ္တာအင်အားကလည်း ကြီးမားလှပါသည်။ “ ဝိဇ္ဖာအလင်းကို ချစ်ခြင်း၊ လူသားတို့ကို ချစ်ခြင်း၊ ကမ္ဘာလောကကိုချစ်ခြင်းတကာတို့၏ အထွက်အထိပ်ဖြစ်သော မဟာမေတ္တာဝါဒီ ပရိုမီးသီးယပ်နတ်သားသည် အချစ်ကဗျာဆရာ ရှယ်လီထွန်းညှိကူးဖြန့်ပေးလိုက်သော အချစ်တို့ဖြင့် လောင်ကျွမ်းတောက်ပနေတော့မည်သာ” လို့ ဆရာက အဆုံးသတ်ထားပါတယ်။


လောင်ကျွမ်းတောက်ပသူ ငါး ကတော့ နရသီဟပတေ့ ရယ်ပါ။ ထီးနန်းစည်းစိမ်ကို အလိုက်သင့်ပိုင်စိုးခဲ့ပြီးနောက် စည်းစိမ်ယစ်မူးကာ အပျော်အပါးမက်မောစွာ အမျက်စောင်မာန်ကြီးစွာ ရာဂကာမဂုဏ်ထူပြောစွာ အသိဥာဏ်ကင်းပစွာ ရှင်သန်ခဲ့သော နရသီဟပတေ့သည် အဝိဇ္ဖာပိတ်ဖုံးသောအချစ်ဖြင့် လောင်ကျွမ်းတောက်ပနေတဲ့အကြောင်းကို ဖွဲ့နွဲ့ပြထားတာပါ။


လောင်ကျွမ်းတောက်ပသူ ခြောက် ကတော့ သူရဲကောင်း ရာဇာဓိရာဇ် ပါ။ သူဘဝတစ်လျှောက်က စစ်ပွဲ၊ ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးတွေအကြောင်းကို အဝါရောင်မီးတောက်၊ အနီရောင်မီးတောက်၊ အဖြူရောင်မီးတောက်ဆိုပြီး ခွဲခြားတင်ပြသွားပါတယ်။


အားလုံးပဲ ချစ်ခြင်းအားဖြင့် ငြိမ်းချမ်းနိုင်ကြပါစေ။

Thursday, 21 June 2007

တက်ကျမ်း ဆိုသော စာအုပ်များနှင့်

အခုတလော ကျွန်မ တတ်ကျမ်းလို့ ဆိုရမဲ့ စာအုပ်တွေ တော်တော်များများ ဖတ်ဖြစ်နေတယ်။ ပုံမှန်အားဖြင့် ကျွန်မနဲ့ အဲလိုစာအုပ်တွေ သိပ်ရင်းနှီးလေ့မရှိပါဘူး။ ကျွန်မက ခံစားချက်ကို ဦးစားပေးတတ်သူ၊ အကြောင်းအရာကို အသားပေးတတ်သူပါ။ ဒါပေမဲ့ ကျွန်မနဲ့ သိပ်ခင်တဲ့ အသိအစ်ကို တစ်ယောက်ကတော့ အဲလိုစာအုပ်တွေကိုမှ အလေးပေးဖတ်တတ်သူရယ်ပါ။ ဘယ်လောက်တောင် ဖတ်ထားသလဲတော့ မသိဘူး။ သူစာအုပ်တွေအကုန်လုံး မှင်နီမှင်ပြာ မျိုးစုံ၊ Highlight တွေ အရောင်စုံနဲ့။ ပြောပုံကလည်း သိပ်ရှင်းပါတယ်။ ပြန်ဖတ်စရာ မလိုတော့အောင် ဖတ်ပြီးပြီဆိုပဲ။ အိမ်အပြောင်းအရွှေ့နဲ့ နေရာအခက်အခဲကြောင့် လိုချင်ရင် စာအုပ်တွေ အကုန်ယူသွားလို့ ရတယ်လို့ပြောပါတယ်။

ဘယ်လိုစာပေမျိုးပဲဖြစ်ဖြစ် စာဖတ်ရရင်ပျော်နေတတ်တဲ့ကျွန်မကတော့ ဝမ်းသာအားရနဲ့ကို စာအုပ်တွေ အကုန်လုံးသယ်လာပါတော့တယ်။ ဖတ်နေကျ မဟုတ်ပေမဲ့ ဖတ်ကြည့်တော့လည်း ကောင်းသား။ တစ်ချို့အကြောင်းအရာတွေက လက်တွေ့ပြသနာတွေကို အနည်းနဲ့အများဆိုသလို ထိရောက်စွာ ကုစားပေးနိုင်တယ်လို့လည်း ယုံကြည်ပါတယ်။ အညွှန်းတွေတော့ များနေပြီ။ ဖတ်ပြီးသလောက်ထဲမှာ သိပ်ကြိုက်တဲ့စာသားလေးတွေ ပြန်ဖောက်သယ်ချပါရစေဦး။

ဝီရိယ စိုက်ထုတ်လုပ်ကိုင်နိုင်လျှင် တိုင်းပြည်လူဦးရေ၏ တစ်ဝက်မျှကို အနိုင်ရပြီဖြစ်ပါသည်။ နောက်ထပ်လေးဆယ်ရာခိုင်နှုန်းကို ကျော်တက်နိုင်ရန်မူ ဖြောင့်မတ်တည်ကြည်သူ၊ ယုံကြည်ချက်၌ စွဲမြဲသူ ဖြစ်ရပါမည်။

ငွေ
ငွေဆိုသည်မှာ စည်းရိုးခြံစပ်၌ သိုဝှက်မြှပ်နှံထားရန်မဟုတ်
ခြွေရံသင်းပင်းနှင့် ဖြုန်းတီးပစ်ခြင်းငှာလည်း မဟုတ်
သီးခြားလွတ်လပ်ရပ်တည်နိုင်ခြင်းတည်း ဟူသော
ကျက်သရေမင်္ဂလာ အလို့ငှာသာ ဖြစ်ချေသည်။
ရောဘတ်ဘန်းစ်

Tuesday, 12 June 2007

နောက်ဆက်တွဲ ပေးစာ၊ ပြန်စာများ

...On 6/11/07, Tin Maung Thet wrote:
Tin Maung Thet has left a new comment on your post "Nationalism (သို့) အမျိုးသားရေးဝါဒ":


သမိုင်း ကို စနစ်တကျဖျက်ဆီး ခဲ့ ဖျက်ဆီးနေတဲ့ အာဏာရှင် တွေကြောင့် သမိုင်း အမှန် ကို လဲ ဒီ ကနေ့ ကလေးတွေ သိဖို့ ခက်နေပါပြီ။ မြန်မာ့အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကဗျာ မူလတန်း ကလေးတွေ မရွတ်ရတော့ပါ။ ဒီကနေ့ ပြန်လည်တည်ဆောက်ချင်ပါတယ်ဆို တဲ့ အရည်အချင်း ရှိတဲ့ လူငယ်အများ အပြား တိုးတက်နေ တဲ့ နိုင်ငံခြားတိုင်း ပြည်တွေ ကို အလုပ်အကြွေး ပြုနေရတာ ဘာကြောင့်လို့ ထင်ပါသလဲ။ ပညာတတ်မှန်တာပြော မမှန်ရင် ဝေဖန်တတ်တဲ့ ပညာတတ်တွေ လူငယ် တွေ ဒီကနေ့ အာဏာပိုင်စိုး သူတွေကို ဦးမညွှတ်ချင်လို့  တိုင်းပြည်မှာ နေစရာမရှိပါ။ နိုင်ငံခြားမှာ နေ ပြီး ဘယ်လို နည်းနဲ့ စကြမလဲ။ ဆိုကြပါစို့  လူကြီးတွေ ကို ခေါက်ထားပြီး လူငယ်တွေက စပြောင်းလဲမယ်။ အဲဒိ စပြောင်းလဲမယ်ဆို တဲ့ လူငယ်တစ်ယောက် ဟာ အမှားပေါ်လစီတွေအောက်မှာ ဘယ်လို စအလုပ်လုပ်မလဲ။ မှန်တာကစပြောရမှာပါပဲ. ဒါဆို ရင်တော့ ကမ္ဘာ့ အရှည်ဆုံး ထောင်ဒါဏ်တွေ ကလူငယ်တွေကို စောင့်ကြိုနေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ဆရာဝန်တွေ အင်ဂျင်နီယာတွေအရည်အချင်းပြည့် ဆရာမတွေ အများကြီး လို အပ်နေ လျက် က လူငယ်တွေ ဘာကြောင့် တိုင်းတပါး မှာ Migrate လုပ်နေကြတာပါလဲ။ တိုင်းပြည်တကယ်တန်း ပြန်လည်ထူထောင်ပြီဆိုရင်ကော အဲဒိ လူတွေ အကုန် ပြန်လာမှာ ပါလား
...........

တိုင်းပြည် ပြန်လည်ထူထောင်ရေးဆိုတာ ဘာဖြစ်တော့မှ၊ ဘယ်လိုဖြစ်တော့မှ မဟုတ်ပါဘူး။ အခုချက်ချင်း စတင်လို့ရတဲ့ကိစ္စပါ။ ပြည်တွင်းမှာ ရှိသူတွေကလည်း သူနည်းသူ့ဟန်လုပ်နိုင်တာတွေရှိသလို ပြည်ပရောက်တွေလည်း တနိုင်ထမ်းနိုင်တဲ့ဝန်တွေရှိပါတယ်။ အဓိက ကတော့ စိတ်ဓာတ်တွေ၊ညီညွတ်မှုတွေပဲလိုအပ်တာပါ။ ပြည်ပနိုင်ငံတွေမှာ လူမျိုးပေါင်းစုံရဲ့ community services တွေဟာ အဲဒိနိုင်ငံမှာ ရှိနေတဲ့သူလူမျိုးတွေရဲ့ အရေးကိစ၊္စ ပြသနာများစွာ (သာရေး၊နာရေးမှစလို့ တရားရေးကိစ္စအဆုံး) ကို အတော်လေးထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးတတ်ကြပါတယ်။ ဒါအပြင် လမ်းမှာ၊ အပြင်မှာ သူလူမျိုးတစ်ယောက်ယောက်ကိုတွေ့ရင်လည်း မျက်နှာလိုက် အကူအညီပေးမှုတွေဟာ အများအပြားပါ။

မြန်မာလူမျိုးတွေမှာ အဲလိုတာဝန်ယူဖြေရှင်းပေးနိုင်မှုတွေ ရှိတယ်ဆိုရင်တောင် အရမ်းကို နည်းနေပါသေးတယ်။ ညီညွတ်မှုအားမှာလည်း အရမ်းကို နည်းနေပါသေးတယ်။ ပြည်ပရောက်မြန်မာတွေကစလို့ ညီညီညွတ်ညွတ်နဲ့ အဲဒိနိုင်ငံမှာရှိတဲ့ မြန်မာအချင်းချင်းစောင့်ရှောက်မယ်၊ လက်ဆင့်ကမ်းထိန်းသိမ်းမယ်ဆိုရင် community အရေးဟာတိုးတတ်လာပါလိမ့်မယ်။ ပြည်ပမှာရှိတဲ့ မြန်မာတစ်ယောက်အဆင်ပြေ အောင်မြင်တာဟာ ပြည်တွင်းမှာကျန်ခဲ့တဲ့သူမိသားစု အဆင်ပြေတာလို့လဲ ဆိုလို့ရပါတယ်။ ပြည်ပမှာရှိတဲ့ မြန်မာတယောက်ရဲ့ စိတ်ဓာတ်တွေ၊ တာဝန်ယူနိုင်မှုတွေပြောင်းလာတာက တဆင့် သူမိသားစု၊သူပတ်ဝန်းကျင်လည်း တစစ တစစ ပြောင်းလဲလာနိုင်ပါတယ်။ အဲဒိလို ပြောင်းလဲလာအောင်လည်း community အရေးအနေနဲ့ အားလုံး ဝိုင်းဝန်းကြိုးစားကြရမှာပါ။

ပညာရေးအနေနဲ့ ပြောရရင်လည်း ကျွန်မတို့အရင်ခေတ်က လူကြီးတွေက ကျွန်မတို့ခေတ်ရဲ့ပညာရေးစနစ်ကို ပျက်ဆီးယိုယွင်းလာတယ်လို့ ပြောပါတယ်။ ကျွန်မတို့ကလည်း အခုခေတ်လူငယ်တွေရဲ့ ပညာရေးဟာ ကျွန်မတို့ခေတ်ထက် ပိုမိုဆိုးရွားလာပြီလို့ ပြောကြပြန်ပါတယ်။
ပျက်ဆီးနေတဲ့ပညာရေးစနစ်မှာ ကြီးပြင်းလာရတဲ့ ကျွန်မတို့ခေတ်လူငယ်တွေဟာ ပြဌာန်းထားတဲ့သင်ရိုးညွှန်းတမ်းတွေအပြင် လက်လှမ်းမီသမျှ ပညာရေးအခွင့်အလမ်းတွေရှာဖွေခဲ့ကြတာပါပဲ။အဲဒိအခွင့်အရေးဟာ ပြည်တွင်းမှာလည်း ဖြစ်ချင်ဖြစ်မယ်၊ ပြည်ပမှာလည်း ဖြစ်ချင်ဖြစ်မယ်။ အခွင့်အရေးတွေရှိတဲ့နေရာကို အရောက်လှမ်းဖို့ ကျွန်မတို့ခေတ်လူငယ်တွေ တတ်နိုင်သလောက် ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒိအတွေ့အကြုံကို ကျွန်မတို့သဘောပေါက်သွားရင် အခုခေတ်လူငယ်တွေကို မှန်ကန်တဲ့လမ်းညွှန်မှုတွေ၊ မမှားယွင်းတဲ့ရွေးချယ်မှုတွေဖြစ်အောင် ကူညီပံ့ပိုးပေးနိုင်ကြမှာပါ။

ကျွန်မတို့ခေတ်လူတွေကို မှားယွင်းတဲ့သမိုင်းတွေ အကြီမ်ကြီမ်ပြောယုံနဲ့ မျက်စိမှိတ် မယုံတတ်ကြပါဘူး။ အတွေ့အကြုံ၊ ဥာဏ်ပညာနဲ့ ချင့်ချိန်သုံးသပ်ကြပါတယ်။ အခုခေတ်လူငယ်တွေကိုလည်း အသိဥာဏ်ပညာတွေနဲ့ ဆင်ခြင်တွေးခေါ်တတ်အောင် ကျွန်မတို့ လက်ဆင့်ကမ်းကြရမှာပါ။ ဒါ ကျွန်မဆိုလိုချင်တဲ့ တစ်ယောက်ချင်းစီရဲ့ တာဝန်ယူတတ်မှုပါ။

ပြည်တွင်းနေခြင်း၊ ပြည်ပနေခြင်းဆိုတာကတော့ တဦးချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲဖြစ်မယ် ထင်တယ်။ ဘယ်ရောက်နေလဲဆိုတာထက် ဘယ်လိုခံယူချက်တွေနဲ့ရပ်တည်နေလဲ ဆိုတာက ပိုအရေးကြီးမယ် ထင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်း တာဝန်ကျေမယ်ဆိုရင် ကျွန်မတို့လှမ်းနေတဲ့ ပန်းတိုင် သိပ်မဝေးလောက်ဘူးထင်ပါရဲ့နော်။
ကျွန်မအခုလိုဖြေခွင့်ရအောင် မေးပေးတဲ့ ကိုတင်မောင်သက်ကို ကျေးဇူးပါရှင်။
............................

May Nyane has left a new comment on your post "Nationalism (သို့) အမျိုးသားရေးဝါဒ":
တကယ် ၀န်ခံရရင် ကျမ စိတ်အပျက်ဆုံးက လူမျိုး ရေးအစွဲအလန်းတွေပါပဲ..တကယ်တမ်း တိုင်းပြည်ထူထောင်ရေးကို လူမျိုးရေးဝါဒက ဖျက်ဆီးတယ်လို့ ထင်ပါတယ်..


ဂျစ်တူး - gyit_tu has left a new comment on your post "ပုံပြင်များနှင့် ခဏတာ":

ကျမလည်း အမလို ပုံပြင်တွေ သိပ်ကြိုက်တယ်း)(နိုင်ငံရေး ပရိယာယ်ဆိုတာ အတော်လေးကို နက်နဲရှုပ်ထွေးလွန်းအားကြီးပါတယ်။)ဒီအတွေးနဲ့ပတ်သက်ပြီး တခါက ကျမနဲ့ မိတ်ဆွေတယောက် ကောက်နုတ်ချက်ချဖူးတာ ရှိပါတယ် ။ ဗမာပြည်ရဲ့ အိမ်နီးနားချင်း နိုင်ငံများဖြစ်တဲ့ အင်ဒီးယားတို့ တရုတ်တို့ ရုရှားတို့ဟာ ၊ အမေရိကားလို အင်အားကြီးနိုင်ငံတခု ဖြစ်ဖို့ ၊ ဗမာပြည်က ရသလောက်ကို စုတ်ယူပြီး ၊ ကြီးထွားဖို့ ကြိုးစားနေတယ် ။ဗမာပြည်ကို အမေရိကားတို့ ဘာတို့က ဒီမိုကရေစီအတွက် sanctions နဲ့ ဖိအားတွေ ပေးနေပေမယ့် ၊ ဗမာပြည်က တတ်နိုင်သမျှခွာယူဖို့ မျက်စိကျနေတဲ့ အဲလို အိမ်နီးချင်း နိုင်ငံတွေ ရှိနေသမျှ ၊ ဗမာလက်ရှိအစိုးရဟာ သိပ်ကြောက်ရွံ့ မှာ မဟုတ်ဘူး ။ အဲလိုအိမ်နီးချင်း နိုင်ငံတွေ လုပ်တာ မှားလား မှန်လား ဆိုတာကတော့.. အမပြောထားတဲ့ နိုင်ငံရေးပရိယာယ်နဲ့ အတော်လေး သက်ဆိုင်မယ်လို့ ထင်မိတယ် ။
..............

ပထမဆုံးတောင်းပန်ချင်တာက ကျွန်မလည်း စီးပွားရေး၊ နိုင်ငံရေး အရမ်းကြီးနားမလည်ပါဘူး။ ဥာဏ်မီသလောက်၊ နားလည်သလောက်လေး ပြောကြည့်ပါရစေနော်။ မှားယွင်းတယ်ဆိုရင်လည်း ကျွန်မရဲ့လိုအပ်ချက်ပါ။

မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားနဲ့ ပြသနာကို သေချာနားလည်ရင် သင့်တော်မှန်ကန်တဲ့ဖြေရှင်းနည်းတွေရှာဖွေတွေ့ရှိမယ်လို့ မျှော်လင့်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ပြောရရင် တရုတ်ဟာ အနောက်နိုင်ငံတွေနဲ့အပြိုင်အဆိုင် စီးပွားရေးဈေးကွက်တွေချဲ့ထွင်လာပါတယ်။ europe ဘက်မှာ ပစည်းတော်တော်များများဟာ made in china တွေပဲများနေလို့ ငြင်းသံ၊ခုန်သံ၊ဆန့်ကျင်သံတွေ တော်တော်လေးကြားခဲ့ရပါတယ်။ အင်အားကြီးတဲ့ US နဲ့ အတော်လေးအပြိုင်အဆိုင် အနေအထားဖြစ်လာနေပါတယ်။ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ US ကိုဆန့်ကျင်တယ်ဆိုပေမဲ့ အချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်။ မြန်မာစစ်အစိုးရလောက် မယုံကြည်ရဘူးဆိုပါတော့။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲကြောင့် ဆုံးရှုံးမှုတွေသာ မရှိဘူးဆိုရင် မြန်မာနိုင်ငံဟာ စီးပွားရေး၊ နိုင်ငံရေးအရ အရေးပါတဲ့အနေအထားမှာ ရှိပါတယ်။( ဦးခင်ညွန့်အပြောင်းအလဲမှာ ဆုံးရှုံးမှုတွေရှိဖူးတဲ့ သာဓကကြောင့်ပါ။)

ဒါကြောင့် တရုတ်ဟာ နိုင်ငံရေးတည်ငြိမ်အောင် ကြိုးပမ်းဖို့ မြန်မာကို သတိပေးနေတာပါ။)

တရုတ်တို့၊ ရှရှားတို့က မြန်မာနိုင်ငံကို ကာကွယ်တယ်ဆိုရာမှာလည်း စားကျက်ခွဲတဲ့သဘောပါပဲ။ ဒီနေရာမှာ သူတို့စီးပွားရေးအနေအထားအရ အခြေအနေကောင်းနေတယ်၊ ဝင်မရှုပ်ပါနဲ့ ဆိုတဲ့သဘောလို့ ထင်ပါတယ်။ မြန်မာနိုင်ငံအတွက် ဆိုးကျိုးအနေနဲ့ကတော့ နိုင်ငံတကာကို တရားဝင်ကူးသန်းရောင်းဝယ်ခွင့်မရတော့ ရောင်းလို့ရတဲ့နေရာမှာ အဖိုးတန်ပစည်းတွေကို အောက်ဈေးတွေနဲ့ ရောင်းနေရပါတယ်။ ခေတ်မှီနည်းပညာလိုအပ်ချက်တွေပါ ထပ်ပေါင်းလိုက်ရင် အင်မတန်ကို နစ်နာလှပါတယ်။ ဒီလောက် အဖိုးတန်သဘာဝတွေ ထွက်နေတဲ့နိုင်ငံက ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတော့ ...တော်တော်လေး ဆိုးရွားလှပါတယ်။

တရုတ်တို့၊ ရှရှားတို့ မြန်မာနိုင်ငံကို ကာကွယ်နေတယ်ဆိုတာ ဘယ်သူအကျိုးအတွက်မှမဟုတ်ပါဘူး။ သူတို့အကျိုးစီးပွားသက်သက်အတွက်ပဲလို့ ကျွန်မတော့ထင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ဘယ်သူမှ လာလုပ်မပေးပါဘူး။ မြန်မာပြည်သားတွေသာ ကြိုးပမ်းလုပ်ဆောင်နိုင်မယ်လို့ ကျွန်မတော့ နားလည်ယုံကြည်လက်ခံထားပါတယ်။

မဂျစ်ရေ ကျေးဇူးပါနော်။

Friday, 8 June 2007

ပုံပြင်များနှင့် ခဏတာ


ကျွန်မ တိုနီဘလဲ အကြောင်းရေးမယ်ဆိုပြီး သူ့အကြောင်းတွေ ရှာလိုက်၊ ဖတ်လိုက်နဲ့ အလုပ်တွေရှုပ်သွားတယ်။ ကျွန်မလိုချင်တာ သူ့ကိုယ်ရေးရာဇဝင်လို ဟာမျိုး မဟုတ်ဘူး။ သူရဲ့လုပ်ဆောင်ချက်၊ ခံယူချက်တွေကို လေ့လာချင်တာပါ။ သူပြောခဲ့တဲ့ မိန့်ခွန်းတွေရော၊ သတင်းတွေရော အတော်စုံသွားတယ်။ သူ့အကြောင်းတွေသာမက ဆက်စပ်သတင်းတွေပါ လိုက်ဖတ်လေ..နိုင်ငံရေးလောက ဆိုတာ အတော်ကျယ်ပြန့်လေ ပါလားဆိုပြီး တစ်ခုခုကို ကောင်းတယ်၊ ဆိုးတယ် ဝေဖန်လေကန်ဖို့ အတော်လေး လက်တွန့်သွားတယ်။


နိုင်ငံရေး ပရိယာယ်ဆိုတာ အတော်လေးကို နက်နဲရှုပ်ထွေးလွန်းအားကြီးပါတယ်။ အဲဒိနိုင်ငံရေးနောက်မှာ ဆက်ရက်ပါလာတာကတော့ စီးပွားရေး စားကွက်လုပွဲကြီးတွေပါ။ ဟိုးအရင်တုန်းက (မရင့်ကျက်၊ မယဉ်ကျေးသေးတဲ့အချိန် ဆိုပါတော့) ခပ်ပြောင်ပြောင် ခပ်တင်းတင်း ကိုလိုနီ နယ်ချဲ့ပြီး စီးပွားရှာပါတယ်။ လောဘဇောတွေတတ် မာန်တွေတတ်ပြီး ခွက်စောင်းတွေ ခုတ်ကြတော့ သူကို ငါချ၊ ငါကို သူချနဲ့ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး လူတွေလည်း သေလိုက်ကြတာ အတုံးအရုံးပေါ့။ ဒီလိုနည်းက မဟန်သေးဘူးလို့ သဘောပေါက်သွားတဲ့အချိန်မှာ ခပ်ရွဲ့ရွဲ့အပြုံးကို တပ်ဆင်ပြီး စစ်အေးနည်းတွေသုံးကာ စီးပွားရေးနယ်ပယ် ချဲ့ထွင်ဆဲပါပဲ။ နိုင်ငံရေးမှာ မိတ်ဆွေမရှိ၊ ရန်သူမရှိပါတဲ့။ ဟုတ်ပါတယ်.. ခါးသက်သက်အပြုံးတွေပဲရှိပါတယ်။


ပြီးခဲ့တဲ့ အာဖဂန် နဲ့ အီရတ်စစ်ပွဲတွေအကြောင်း လေ့လာကြည့်ရင်လည်း ဘင်လာဒင်ဟာ အာဖဂန်နယ်သားမဟုတ်ပါဘူး။ သူကိုနောက်ကွယ်က ထောက်ပံ့ပေးသူတွေကြောင့်သာ အဲဒိနယ်မှာ ဗိုလ်ကျခွင့်ရခဲ့တာပါ။ ရှုပ်ထွေးတဲ့ပြသာနာတွေရဲ့နောက် အာဖဂန်ကြီးတစ်ခုလုံး မြေလှန်ပြီးတာတောင် ဘင်လာဒင်ကို မတွေ့သေးပါဘူးတဲ့။ အရပ်ထဲက ဟာသနဲ့ပြောရရင် အမေရိက က Bevery hills hotel ပဲရောက်နေသလား လန်ဒန်က Ritz hotel မှာလား Dochester hotel မှာလားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။


နောက်ပြီးတော့ အီရတ်..ဘာကြောင့် ညာကြောင့် စတဲ့အကြောင်းပြချက်များစွာနဲ့ စစ်ပွဲကြီး ပြီးသွားပါပြီ။ အလွယ်တကူ တိုက်လို့မရနိုင်တဲ့ အီရန်ကိုတော့ အခုတော့ (ဘောလုံးစကားနဲ့ပြောရရင် ဘယ်တောင်ပံ ညာတောင်ပံကနေ) အီရတ်နဲ့ အာဖဂန်ကနေ ညှပ်ပြီးသွားပါပြီ။ နောက်ဆက်တွဲသတင်းကတော့ ဆီတွေအလျှံပယ် ထွက်ပါတယ်ဆိုတဲ့ Middle East မှာ ဆီဈေးတွေတက်နေ ဆိုလား။ သဘာဝတွင်းထွက် ဘာမှသိပ်မရှိတဲ့ အင်္ဂလန်ကတော့ အခြေအနေကောင်းဆဲပါ။ အမြတ်အစွန်းတွေလည်း များဆဲပါ။ ဆီဈေးလည်း တည်ငြိမ်ဆဲပါ။


တိုနီဘလဲ လည်း အာဖရိကကို လှည့်လည်သွားလာဆဲ..

G8 အစည်းအဝေးကြီးလည်း ကျင်းပဆဲ...

ကျွန်မလည်း အတွေးတွေ ရှုပ်ထွေးဆဲ...


အတွေးတွေရှုပ်၊ စိတ်တွေရှုပ်နေတဲ့ကျွန်မ shopping center ထဲမှာ ပစည်းတွေကို လှည့်လည်ရောင်းချတတ်တဲ့ sales men တွေနားမှာ ကလေးတစ်သိုက် တိုးနေကြတာမြင်လို့ သူတို့နဲ့အပြိုင် သွားစပ်စုလိုက်တော့ Disney ကထုတ်တဲ့ ပုံပြင်စာအုပ်လေးကို အာဘောင်အာရင်းသန်သန် ကြော်ငြာပြီး ရောင်းနေတာပါ။ ကလေးတွေကြားမှာ ကြီးကောင်ကြီးမား ဝင်အားပေးတဲ့ ကျွန်မကိုတွေ့သွားတော့ မြှားဦးက ကျွန်မဘက် လှည့်လာပါတယ်။ ပုံပြင်ဆိုပေမဲ့ ကလေးတွေအတွက်သာမက လူကြီးတွေအတွက်ပါ သင့်လျော်ကြောင်း၊ family, honesty & integrity, courage & responsibility, fairness & judgement and happinessစတဲ့အကြောင်းအရာတွေအလိုက် ခွဲခြားတင်ပြထားကြောင်း၊ ရေးသားတဲ့ပုဂ္ဂိုလ်ကလည်း Ph.D ဖြစ်ကြောင်း စသဖြင့် ရွှန်းရွှန်းဝေအောင် ပြောပါတော့တယ်။ သူကပဲ အပြောကောင်းလို့လား၊ ကျွန်မကိုယ်တိုင်ကပဲ ပုံပြင်တွေကြိုက်လွန်းလို့လားတော့မသိ ( သိပ်ကြိုက်တဲ့ ဝတ္ထုတွေကိုတောင် ဝယ်မဖတ်ဖြစ်ပဲ Library ကိုသာ အားကိုးလေ့ရှိတဲ့ကျွန်မ) ဒီစာအုပ်ကိုတော့ နှမြောနှမဲ့နဲ့ ဝယ်ဖြစ်သွားတယ်။


ငယ်ငယ်ထဲက ပုံပြင်များစွာကို နားထောင်ရင်း၊ ဖတ်ရင်း ကြီးပြင်းခဲ့ရသူမို့ အိပ်ခါနီး ပုံပြင်လေးတွေဖတ်ပြီးအိပ်ရမှာကို သဘောကျတဲ့စိတ်ရယ်၊ အပြင်လောကမှာ တွေ့ရခဲတဲ့ ဖြူစင်တဲ့အပြုံးတွေ၊ ရိုးသားဖြောင့်မတ်မှုတွေ၊ တရားမျှတခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေ ကို ပုံပြင်လေးတွေထဲမှာ ပြန်လည်ရှာဖွေချင်တဲ့စိတ်ရယ်ပါ။


ပုံပြင်လေးတွေထဲက ပျော်ရွှင်ငြိမ်းချမ်းမှုတွေကို ကျွန်မတော့ နှစ်သက်စွဲလန်းဆဲ..ခုံမင်မြတ်နိုးဆဲပါ။

Sunday, 27 May 2007

Ode to my family - the cranberries

Understand the things I say

Don't turn away from me

Cause I spent half my life out there

You wouldn't disagree

D'you see me, d'you see

Do you like me.

Do you like me standing there

D'you notice, d'you know

Do you see me, do you see me

Does anyone care

Unhappiness, where's when I was young

And we didn't give a damn

'Cause we were raised

To see life as fun and take it if we can

My mother, my mother she hold me

Did she hold me, when I was out there

My father, my father, he liked me

Oh he liked me, does anyone care

Understand what I've become

It wasn't my design

And people everywhere think

Something better than I am

But I miss you.

I miss'Cause you liked it.

I liked itWhen I was out there

D'you know this, d'you know

You did not find me, you did not find

Does anyone care

Unhappiness was when I was young

And we didn't give a damn

'Cause we were raised

To see life as fun and take it if we can

My mother, my mother she hold me

Did she hold me, when I was out there

My father, my father, he liked me

Oh me liked me, does anyone care

Does anyone care

// that' my life-time special song. i don't play that song much if i don't have enough feelings.

But whenever i feel pain with unsaid words and thounsand frogs in my throat,

that song heel me.treat me.care me.give me.energize me.. //

Tuesday, 15 May 2007

Nationalism (သို့) အမျိုးသားရေးဝါဒ

England ရဲ့ Home Secretary ဟောင်းတစ်ဦးဖြစ်တဲ့ David Blunkett က စီစဉ်တင်ဆက်တဲ့ Nationalism ဆိုတဲ့အစီအစဉ်လေးကို ကြည့်လိုက်ရတယ်။ အဲဒိအစီအစဉ်မှာတော့ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အင်္ဂလန်နိုင်ငံကိုအမျိုးသားရေးစိတ်ဓာတ်တွေနဲ့ ပြန်လည်တည်ထောင်ခဲ့လို့ အလျင်အမြန်တိုးတက်လာပုံတွေ နဲ့ အခုနောက်ပိုင်း အင်္ဂလန်နိုင်ငံသားဖြစ်ဖို့အရေး ဘယ်လိုစီစစ်ရွေးချယ်မဲ့အကြောင်းတွေကို Immigration issue တွေ အများကြီးနဲ့ တင်ပြသွားပါတယ်။

အဲဒိ အစီအစဉ်လေးကို ကြည့်ပြီး အတွေးတွေက ဘေးချော်သွားတယ်။ သူပြောတဲ့အထဲမှာ ဒိပြင် Immigration issue တွေထက် Natioanalism ဆိုတဲ့ စကားလေးကိုပဲ သေသေချာချာ စဉ်းစားနေမိတယ်။ အမျိုးသားရေး ဝါဒဆိုပါတော့။ ကျွန်မအနေနဲ့တော့ အမျိုးသားရေးဝါဒဆိုတာကို လူမျိုးကြီးဝါဒ ဆိုတာထက် ပိုထောက်ခံပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အမျိုးသားရေးဝါဒဆိုတာ ရှိသင့်ရှိထိုက်တဲ့ လိုအပ်ချက်တစ်ခုပါ။

အမျိုးသားရေးဝါဒဆိုတာ ကိုယ်လူမျိုး၊ ကိုယ်တိုင်းပြည်ကို ချစ်မြတ်နိုးလို့ ကာကွယ်စောင့်ရှောက်ခြင်းတစ်မျိုးလို့ ကျွန်မတော့ နားလည် ခံယူလက်ခံထားပါတယ်။ အဲဒိလို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ နည်းမှန်၊ လမ်းမှန်ဖြစ်ဖို့တော့ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ သေချာစဉ်းစား ဆုံးဖြတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

ကျွန်မနားလည်သလောက်ဆိုရင် ဟစ်တလာလည်း ဂျာမနီကိုချစ်တာပဲ။ ဒါပေမဲ့ သူ့ချစ်နည်း နည်းမကျဘူးလို့ ကျွန်မတော့ထင်တယ်။ ဂျာမနီပြည်ကြီးမှာ ဂျူးလူမျိုးတွေ အရမ်းကောင်းစားပြီး ချယ်လှယ်နေတာကို မရှုစိမ့်နိုင်လို့ ၊ ဂျာမန်လူမျိုးတွေ နောက်ကောက်ကျနေလို့ စတဲ့ ခံပြင်းဒေါသတွေနဲ့ ဟစ်တလာ တစ်ယောက် အမျိုးသားရေးဝါဒကို ပုံဖော်လိုက်တာ ဂျူးသုတ်သင်ရေး တရားဖြစ်နေတယ်။
ကျွန်မ ဂျူးလူမျိုးတွေနေရာက ဝင်ခံစားကြည့်လိုက်တော့ ခါးသီးမှုတွေပဲရတယ်။ ဒါပေမဲ့ အဆိုးထဲက အကောင်းဆုံးရလာဒ်ကို ထုတ်ပြရရင်တော့ အခုအချိန်မှာတော့ ဂျူးလူမျိုးထက်ပိုပြီး ကိုယ်လူမျိုးအရေး၊ အမျိုးသားရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့လူမျိုး ကျွန်မ မတွေ့သေးပါဘူး။

ကျွန်မတို့နိုင်ငံမှာလည်း နိုင်ငံခြားသား(တရုတ်၊ကုလား) က မြန်မာလူမျိုးတွေထက် ပိုကောင်းစားနေတယ်ဆိုတဲ့စိတ် အခြေခံတဲ့ မြန်မာလူမျိုးတွေအတွက် ပြည်သူပိုင်သိမ်းပေးတဲ့ ဦးနေဝင်းအကြောင်းကို မှတ်သားရဖူးတော့လည်း နည်းလမ်းမှန်ရဲ့လား လို့ ကျွန်မ စဉ်းစားခဲ့ဖူးပါတယ်။

တိုင်းပြည်ကို ခေါင်းဆောင်လုပ် အုပ်ချုပ်ရသူများဖြစ်လေတော့ သူတို့ရဲ့ အမှားအမှန်၊ အကောင်းအဆိုးဟာ တိုင်းပြည်အပေါ် အကျိုးသက်ရောက်မှုအများကြီးရှိပါတယ်။

ကဲ..ခေါင်းဆောင်ပိုင်းတွေ ထားလိုက်ပါဦး။ ကျွန်မတို့ သာမန်ပြည်သူလူထု ကနေ စဉ်းစားကြည့်ပါဦး။ အမျိုးသားရေး ပျက်စီးယိုယွင်းနေရတာ သူကြောင့်၊ ငါကြောင့်လို့ အပြစ်တွေတင်နေကြမဲ့အစား တစ်ဦးတစ်ယောက်ချင်းစီကနေ စပြီး ထိန်းသိမ်းလို့ မရဘူးလား။

ကျွန်မ မြင်သမျှ၊ ကြားသမျှ ပြောရရင်တော့ အင်္ဂလိပ်လူမျိုးကလည်း သူတို့လူမျိုးအချင်းချင်း အတော်လေးကို ပိုပိုသာသာ စောင့်ရှောက်ကြပါတယ်။ အာဖရိကတိုက်သား လူမည်းအများစုဟာလည်း နိုင်ငံချင်းမတူတာတောင်မှ တစ်ယောက်ထိ ဓားကြည့်ဆိုတဲ့ အထဲက များပါတယ်။

ကျွန်မတို့ မြန်မာချင်း နိုင်ငံခြားမှာ တွေ့ရင်လား..ပြောလက်စ မြန်မာစကားတောင်ရပ်ပြီး ဟိုမှာမြန်မာတွေ ဘယ်ကအရှုပ်ထုပ်တွေလည်းမသိဘူး ဆိုပြီး အသာလေး ကွေ့ရှောင်သွားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အဲဒိလောက်ချစ်ကြပါတယ်။ ကိုယ်အလုပ်ထဲ မြန်မာတစ်ယောက်ခေါ်သွင်းမယ့်အစား ကျားမြီးပြေးဆွဲချင်သူတွေ တပုံတပင်ပါ။ ဒါပေမဲ့ သူတို့ကိုချည်း အပြစ်ပြောလို့တော့လည်း မရပါဘူး။ ဘာမဟုတ်တဲ့ စိတ်အခန့်မသင့်မှုလေးတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုလေးတွေ အတွက်နဲ့ အစိုးရဌာနတွေကို ဟိုတိုင်၊ ဒီတိုင် ချောက်တွန်း စတဲ့ သာဓကတွေက ရှိဖူးလေတော့ သူတို့အဆိုး မဆိုသာပါ။အဲဒိလိုတွေ ဘာကြောင့်ဖြစ်ရတာလဲ ဆိုပြီး ကျွန်မထက်နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ဆွေးနွေးမေးမြန်းကြည့်ဖူးပါတယ်။ သူတို့အဆိုအရဆိုရင် စိတ်ဓာတ်တွေကို နှစ်ရှည်လများ စနစ်တကျ ဖျက်ဆီးခြင်းခံထားရလို့ပါတဲ့။

အဲဒိလိုဖျက်ဆီးခံထားရတဲ့ စိတ်ဓာတ်ဆိုရင်တောင် တစ်စချင်း ပြန်လည်တည်ဆောက်လို့ မရနိုင်ဘူးလား..
လူကြီးပိုင်းတွေကို စောင့်မျှော်နေမဲ့အစား ကျွန်မတို့ လူငယ်ပိုင်းတွေက စလိုက်ကြရင် အဆင်မပြေ ပိုမပြေနိုင်ဘူးလား..
ကျွန်မတို့ နိုင်ငံကြီးမှာ လွဲချော်မှုတွေအများကြီးဆိုတာ လူတိုင်းအသိပါ။ အဲဒိလွဲချော်မှုတွေကိုပဲ ထပ်တလဲလဲဆိုယုံနဲ့ အမှန်မဖြစ်နိုင်ပါဘူး
တစ်ယောက်တစ်လက် ပုံဖော်မှသာ
တစ်ယောက်တစ်လှမ်း မှန်မှန်လှမ်းမှသာ
တစ်ယောက်တစ်နိုင် တာဝန်ထမ်းမှသာ..
ကျွန်မတို့အားလုံး မျှော်လင့်တောင့်တတဲ့နေ့ ရောက်ရမယ်လို့ ယုံကြည်လျှက်...

Monday, 14 May 2007

ဆင်ခြေများစွာနှင့်...

ကျွန်မတစ်ယောက် အပျင်းတွေထူပြီး blog လေးကို ပုံမှန် update မလုပ်ဖြစ်ဘူး ဖြစ်နေတယ်။ ကျွန်မက ပိုစ့်တစ်ခုကို ရေးခါနီးတိုင်း တော်တော်လေး အချိန်ယူရပါတယ်။ ကျွန်မအတွက်ရော စာဖတ်သူအတွက်ပါ remindဖြစ်စေမဲ့အကြောင်းအရာလေးတွေဖြစ်စေချင်တာကြောင့်ပါ။ နောက်ပြီး ကျွန်မက အနားမှာ လူရှိပြီး အာရုံနောက်ရင်လည်း သိပ်ရေးလို့မရပါဘူး။ နောက်တစ်ချက်ကတော့ အရင်တုန်းကထက် အခုနောက်ပိုင်း အလုပ်ချိန်ပိုများနေလို့ပါ။ နောက်ဆုံးတစ်ချက်ကတော့ ခပ်နည်းနည်းပဲရတဲ့ကိုယ်ပိုင်အချိန်တွေထဲမှာ စာရေးဖို့ထက် စာဖတ်ဖို့ကိုပဲ ပိုအားသန်လို့ပါရှုင်။
(ဟဲဟဲ လိုရှင်းကတော့ ပို့စ်အသစ်တွေ သိပ်မတင်နိုင်တဲ့အတွက် ဆင်ခြေတွေများနေတာပါ။)

အခုတော့ စိတ်ထဲမှာ ရေးချင်တဲ့အကြောင်းအရာတွေ သိပ်များနေတာရယ်၊ blog လေးအတွက် အလွမ်းပြေရယ်ပေါင်းပြီး ပို့စ်အသစ်တင်လိုက်ပါပြီ။ ရေးမယ်ဆိုတော့လည်း ရေးချင်တဲ့အကြောင်းအရာတွေက သိပ်များနေပါတယ်။

Disable ဖြစ်ရက်နဲ့ ကမ္ဘာကျော်တဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို သေသေချာချာလေး ရေးချင်ပါတယ်။ ( hellen keller, stephen hawkings, david blunkett ...etc)
နောက်ပြီး ဒီနိုင်ငံမှာ disable တွေကိုသေသေချာချာစောင့်ရှောက်ပြီး အခွင့်အရေးအများအပြား ပေးထားတဲ့အကြောင်းတွေပါ။

နောက်တစ်ခုကတော့ England Home Secretary ဟောင်းတစ်ဦးဖြစ်တဲ့ David Blunkett တင်ပြတဲ့ Nationalism ဆိုတဲ့အကြောင်းနဲ့ပတ်သတ်ပြီး ဆက်စပ်အတွေးတစ်ချို့ကိုပါ။

နောက်တစ်ခုက အခုလောလောလတ်လတ် Prime Minister ရာထူးက နုတ်ထွက်ထားတဲ့ Tony Blair အကြောင်းပါ။ရေးချင်တဲ့ အကြောင်းအရာလေးတွေကိုတော့ အမြည်းပြောပြီးပြီ။ အခုလောလောဆယ်တော့ မကြာမီ လာမည် မျှော် လို့ပဲ တောင်းပန်စကား ဆိုပါရစေတော့...

"There are people who still think that the compromises that were made along the way were unacceptable. But sometimes politics is about that in order to achieve a better end. And there are always two kinds of people in politics: those who stand aside and commentate and those who get their hands dirty and do."

Tony Blair
8 May, as devolution returns to Northern Ireland