hits spiritcorner

Wednesday, 31 January 2007

ပေးစာများ













ဘာစာအုပ်ဖတ်ရင်ကောင်းမလဲလို့ စာအုပ်တွေရွေးနေရင်း letters to lilyဆိုတာတွေ့တာ နဲ့ နာမည်လေးနဲ့တင် သဘောကျသွားတယ်။ နောက်က summary လိုဟာမျိုးလေး ဖတ်ကြည့်လိုက် တော့လည်း အဘိုးကနေ စပ်စုတတ်တဲ့ 7နှစ်အရွယ်သူ့မြေးမလေးဆီ ရေးတာဆိုတော့ပိုတောင်ဖတ်ကြည့်ချင်စိတ်ပေါက်သွားသေးတယ်။ ဖတ်ကြည့်လိုက်တော့ သိပ်မဆိုးပေမဲ့ အရမ်းမျှော်လင့်ထားတဲ့ ကျွန်မအတွက်တော့ သိပ်အာသာ မပြေသလို ဖြစ်သွားတယ်။ ကျွန်မမျှော်လင့်ထားတာက အစိုးရိမ်ကြီးတတ်တဲ့ အဘိုးတယောက်က မြေးတယောက်ကို ဆုံးမတဲ့၊ ရှင်းလင်းပြောပြတဲ့ personalဆန်ဆန် လမ်းညွှန်သွန်သင်မှုတွေနဲ့ ချစ်ခင်မှုတွေပါ။ တကယ်တမ်းကျတော့ facts တွေကိုအဓိကထားပြီး စကားပြေဆန်တဲ့ အရေးအသားတွေနဲ့ ဆောင်းပါးလို သဘောတွေများနေတယ်။ ကျွန်မ မျှော်လင့်တဲ့ ပေးစာပုံစံမျိုး ကို သိပ်မတွေ့ရဘူးဖြစ်နေတယ်။ဒါပေမဲ့ နောက်ဆုံးမှာ သူ့အမေက သူ့အစ်မဆီရေးထားတဲ့ ဟောဒီကဗျာလေးနဲ့ အဆုံးသတ်ထားပုံကတော့ တော်တော်လေး သဘောကျစရာကောင်းလှပါတယ်။


Petition for my daughter

Time be kind. The dangerous world
Presses on the petals furled,
But as bruising years go by
Promise her a sanctuary.

Let her grow with great surprise,
Guard the wonder in her eyes
For a shinning sea-washed stone,
For leaves of satin, twigs of bone.

Trust her with your mysteries,
Butterflies and bark of trees.
Woo her with your winds and grasses
comfort her when summer passes.

Given her body's flower grace
Into Galahad's embrace,
That in peace she may discover
Man as friend and friend as lover.

Time be kind, be gentle. Teach her
There are woods where naught can reach her,
There are mornings none can borrow,
Love enough for each tomorrow.


ပေးစာတွေနဲ့ပတ်သတ်လို့ ကျွန်မစိတ်ကို ဖမ်းအစားနိုင်ဆုံးစာအုပ်တအုပ်ကိုပြောပါဆိုရင် မြသန်းတင့် ဘာသာပြန်တဲ့ လူကလေးသို့ ပေးစာများကို ပြရမှာပါ။ စာအသိရော၊ ဘဝအသိပါ ပြည့်စုံကြွယ်ဝလှတဲ့ English Politician တစ်ဦးဖြစ်တဲ့ Lord Chesterfield ကနေ သူ့သားလေး Philip Stanhope လောကအလယ်မှာ လူတလုံး၊ သူတလုံးဖြစ်ဖို့အတွက်၊ အစစအရာရာမှာ အမှားအယွင်းတွေနဲ့ မကြုံတွေ့မိစေဖို့အတွက် စိုးရိမ်တကြီးနဲ့ တတွက်တွက်သင်ကြားနေတဲ့ ဖခင်တယောက်ရဲ့ ဂရုဏာ၊ စေတနာ တွေကိုအပြသနိုင်ဆုံး ပေးစာတွေပါ၊


ဒီပေးစာတွေကို သူ့သားတော့ ဘယ်လောက်တန်ဖိုးထားသလဲ မသိပေမဲ့ ကျွန်မကတော့ ကျွန်မအိမ်ကနေ ပထမဆုံးအကြိမ် လောကကြီးထဲကို သွားရမဲ့ခရီး၊ မိသားစုဝင်တွေမပါ တကိုယ်တည်း ချီတတ်ရမယ့် မိုင်ထောင်ချီ ခရီးမှာ မှတ်မှတ်ရရ သယ်လာခဲ့တဲ့ စာအုပ်ပါ။ ခုချိန်ထိလည်း စာအုပ်စင်မှာ မြတ်မြတ်နိုးနိုး သိမ်းထားရတဲ့ စာအုပ်လေးပါရှင်။

Tuesday, 30 January 2007

ခေါက်ထီးကလေး မလုံ့တလုံ


ကျွန်မ သိပ်ကြိုက်တဲ့စာအုပ်တအုပ်ပါ။ ပြည့်တန်ဆာ ပပျောက်ရေး ကိုစွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့ စာရေးသူရဲ့ အမှာစာကို ပကြိမ် ပုံနှိပ်ခြင်းတုန်း က တွေ့လိုက်ပေမဲ့ အခု ဒုကြိမ် ပုံနှိပ်မှာတော့ မတွေ့မိပါဘူး။ ခေတ်တွေ၊ စနစ်တွေ မတူတော့ဘူး လို့ဘဲ ယူဆလို့လား မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းနောက်ခံက 1977 ပတ်ဝန်းကျင်လောက်ကမို့လို့ပါ။ ဒါပေမဲ့ အကြောင်းအရာကတော့ ခုထိ မဟောင်းသေးဘဲ ဘောင်ဝင်နေတုန်းပါ။
အပြင်ဆောင်တခုမှာ တခန်းထဲ အတူတူနေခဲ့ကြဖူးတဲ့ သူငယ်ချင်းနှစ်ယောက် ဝေးသွားကြပြီးမှ ပထမဆုံးပြန်တွေ့တဲ့ နေရာ က “တရားရုံး”၊ အမှုက ပြည့်တန်ဆာမှု၊ တယောက်က အစိုးရ သက်သေ၊ နောက်တယောက်က အစိုးရ ရှေ့နေ။
ဘဝကို တန်ဖိုးမထား၊ ပျော်ပျော်နေတက်တဲ့ “ကြွေ”၊
စားဝတ်နေရေးအတွက် မဟုတ်ဘဲ အလှအပ အတွက် ပိုက်ဆံကို လွယ်လွယ်ကူကူ ရှာတက်တဲ့ ကြွေ၊
မပြစ်မှားသင့်တဲ့ ကိုယ့်အစ်မ ယောက်ျား ခဲအိုကိုမှ ချစ်ချင်တဲ့ကြွေ၊
ဒီမိန်းကလေးရဲ့ ဘဝနိဂုံး က ကြောက်စရာကောင်းလှပါတယ်။
ကိုယ်မေတ္တာထားမိတဲ့ ရှေ့နေမလေး မွန်မွန်ကို လိုက်ပါကူညီရင်း ပေးဆပ်တက်တဲ့ ယောက်ျားကောင်းတယောက်ရဲ့ စိတ်ဓာတ်ကို အကောင်းဆုံးလှစ်ဟပြသွားတဲ့ တရားသူကြီး ကိုခင်ဇော်။
သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကလည်း ညှို့နိုင်စွမ်းသလို စာရေးသူရဲ့စေတနာကလည်း လေးစားဖွယ်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူ၏ ဆန္ဒအတိုင်း “ ပြည့်တန်ဆာ ကုန်ကူးခြင်းစနစ်” ကျဆုံးပါစေလို့ပဲ ခပ်တိုးတိုးလေး ဆုတောင်းပေးနေမိပါတယ်။

Monday, 29 January 2007

အောင်မြင်သော ဘဝ

~

ခဏ ခဏ ရယ်ရယ်မောမော
ပညာရှိသူ၏ လေးစားခြင်းနှင့် ကလေးတို့၏ ချစ်ခြင်းကိုရသော

ရိုးသားသော ဝေဖန်သူ၏ နှစ်သက်ခြင်းကို သိမ်းပိုက်နိုင်၍
မိတ်ဆွေတုများ၏ သစ္စာမဲ့မှုကို ခံနိုင်သော

လူအများ၌ အကောင်းကိုမြင်တတ်၍
ကျန်းမာသော ကလေးတယောက်
ဥယျာဉ်တကွက်၊ လူမှူကယ်တင်ရေးတခုနှင့်
ကမ္ဘာကြီးကို အနည်းငယ်ပို
၍ သာတောင့်သာယာဖြစ်စေသော

သင်ရှိခြင်းကြောင့် အခြားဘဝတခု၊ ဆေးတအိုး၊
အသက်တရှူ
ပို၍လွယ်ကူစေသည်ဟု သိသော

ထိုသူ၏ဘဝသည်
အောင်မြင်သော ဘဝ ဖြစ်သည်။

Sunday, 28 January 2007

ယုံချင်ယုံ မယုံချင်နေ


..သူငယ်ချင်းတယောက် လှမ်းပို့လိုက်တာပါ၊ 2007 အတွက် မြန်မာနိုင်ငံ၏ ကံကြမ္မာဟောစာတန်းတဲ့။ ကျွန်မကတော့ ယုံချင်ယုံ မယုံချင်နေ လို့ဘဲ ဆိုပါရစေတော့...

ဟောစာတန်း

Saturday, 27 January 2007

ဖိနပ်တရန်

အင်တာဗျူး

ဂျူး- ဝတ္ထုတိုများ

~

ကျွန်မ သိပ်ကိုလေးစားနှစ်သက် သဘောကျရတဲ့ စာရေးဆရာမ တယောက်ပါ၊ ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် သူမရဲ့အတွေးတွေ၊ စိတ်ကူးတွေ၊ ထွက်တဲ့စာအုပ်တွေ အားလုံးကို အပိုင်သိမ်းထားချင်မိတဲ့ အထိပါပဲ။ အတွေးတွေ၊ စိတ်ကူးတွေကို အပိုင်သိမ်းဖို့မဖြစ်နိုင်တော့ ဖြစ်နိုင်တဲ့ စာအုပ်တွေကိုပဲ ဝယ်သိမ်း ထားရတာပေါ့၊ လိုချင်တဲ့စာအုပ်တော်တော်များများ ဝယ်လို့ရပေမဲ့ အခုထိမရသေးတာက “ကံကြမ္မာကို မယုံကြည်ကြသူများ “ ပါ၊ ebooks တွေမှာ ရှာရတာလည်းမောလှပါပြီ၊ အခုထိတော့ မတွေ့သေးပါဘူး၊

လောလောဆယ်တော့ ရှိနေတဲ့စာအုပ်အဟောင်းလေးတွေ ပြန်ဖတ်ရင်း၊ စက်ထဲမှာသိမ်းထားတဲ့ ဝတ္ထုတိုလေးတွေပြန်ကြည့်ရင်းပဲ ကျေနပ်လိုက်ပါတော့တယ်၊
အမှတ်တရ - စာစု
ပျောက်ဆုံးနေသော
ကမ္ဘာမြေရဲ့ချစ်သူ

Wednesday, 24 January 2007

ခရမ်းပြာပန်းတိုင်

...
ချစ်သူ
ရှေ့ကိုကြည့်စမ်း လန်းဆန်းဝင့်ကြွား
အားနှင့်မာန်နှင့် သည်ပန်းပွင့်က
လွင့်မျောလှုပ်လဲ့ ချောင်းရဲ့ရေစီး
သည်ခရီးထဲ ဇွဲကိုကိုးစား
ပျော်များနေရဲ့ မင်းချစ်တဲ့ပန်း
ခရမ်းပြာလေ၊

ဗေဒါရဲ့လမ်း စခန်းဘယ်ဆီ
မှန်းရည်သော်လည်း ခက်ခဲပင်ပန်း
ဒီရေကြမ်းမှာ သာသာတမျိုး
ဆိုးဆိုးတဖုံ ကြုံမြဲကြုံလျှက်
ရောက်ခက်နိုင်ခဲ့ မင်းချစ်တဲ့ပန်း
ခရမ်းပြာလေ။

ဗေဒါခရီး နီးနီးဝေးဝေး
အေးအေးကြမ်းကြမ်း သည်လမ်းစုန်ဆန်
ရင်ခုန်သံဖြင့် ချစ်ခြင်း၊မုန်းခြင်း
ဖြတ်နင်းကျော်သွား လူသားဆန်စွာ
ပန်းဗေဒါလို မငြိုမငြင်
လမ်းသစ်ထွင်လျှက် ဆက်လျှောက်ပါနော်

အဖော်ခဏ ခေါ်မရလဲ
တယောက်တည်းပေါ့ ခေါင်းမော့စမ်းပါ
ခရမ်းပြာပန်း ခြေလှမ်းမြဲခိုင်
ပန်းတိုင်မြင်မှ သတိရလည်း
ဝမ်းနည်းမနေ လေပြေလေးဖြစ်
ကျေနပ်နေရစ်ပါရစေနော်။ ။

သိပ်ကြိုက်တဲ့ ကဗျာလေးတပုဒ်ပါ။ ဝတ္ထုတပုဒ်ထဲကမှန်း အမှတ်ထင်ထင်

ရှိပေမဲ့ ရေးတဲ့သူနာမည်ကို ဘယ်လိုမှစဉ်းစားလို့မရတော့တာ ခွှင့်လွှတ်ပါ။

Tuesday, 23 January 2007

မိန်းမတို့အကြောင်း





THE SECOND SEX
SIMONE DE BEAUVOIR

စာအုပ်နာမည်လေးနဲ့တင် စိတ်ဝင်စားဖို့ကောင်းမယ်ထင်ပါတယ်နော်။ ဒါပေမဲ့ ကျွန်မကတော့ စာရေးသူကို ပိုစိတ်ဝင်စားနေမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးသူဟာ သိပ်ကို ထူးခြားတဲ့ ပြင်သစ်အမျိုးသမီး ဒသန ပညာရှင် ဖြစ်နေလို့ပါ။ ဒီနေ့ခေတ် လူပြောများနေတဲ့ ဖြစ်တည်မှုပဓာနဝါဒ ဆိုတာနဲ့ လူတော်တော် များများဟာ ယန်းပေါလ်ဆာ့တ် ကိုပဲ သတိတရရှိကြပါတယ်။ သူနဲ့အတူတူ ကြိုပမ်းခဲ့တဲ့ သူမကိုတော့ မေ့လျော့ထားတက်ကြပါတယ်။

ဒသနိက ဘွဲ့ရတုန်းကလည်း ဆာ့တ် က ပထမ ၊ သူမက ဒုတိယ ရခဲ့တာပါ။ နောက်ပိုင်းတော့သန့်စင်တဲ့ ချစ်ခြင်းတွေနဲ့သေသည်အထိ အတူတူနေထိုင်သွားကြတယ်လို့ဆိုပါတယ်။သူမစာစရေးတဲ့အချိန်မှာ တော်တော်
များများ က ဆာ့တ် ရေးပေးတယ်လို့ပဲ ထင်ခဲ့ကြပါတယ်တဲ့။ ကြားထဲက မခံချင်ဖြစ်မိတဲ့ ကျွန်မ က အဲဒိတုန်းထဲက သူမ ကို စိတ်ဝင်စားမိတာပါ။

ကျွန်မ ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်ကို နာမည်လည်း မမှတ်မိတော့ပါဘူး၊ ဒါပေမဲ့ သေသေချာချာ မှတ်မိ တာကတော့ သူမအမေ အကြောင်း ရေးထားတယ်ဆိုတာကိုပါပဲ။ လူ့ဘဝ ဆိုတာ ဒုက္ခ လို့ တဖွဖွ ရွတ်ရင်း တသသ ဖြစ်တတ်တဲ့ လူ့စရိုက် သဘာဝအမှန်ကို ထင်းထင်းလင်းလင်း ပြသထားတဲ့အကြောင်းပါ။ဝတ္ထုထဲမှာ သူ့အမေဟာ ဆေးရုံတက်ရတာကို ပျော်နေပါသတဲ့။ ဒါမှ မတွေ့ရတာကြာနေပြီဖြစ်တဲ့ သားသမီးတွေကိုလည်း တွေ့ရမယ်၊ အိမ်နီးချင်းတွေကလည်း ပန်းစီးတွေယူပြီး သတင်းလာမေးရင်းနဲ့ ရပ်ကွက်ထဲက အကြောင်းတွေကို ပြောနိုင်မယ်၊ သူနာပြုလေးတွေရဲ့ ဂရုစိုက်မှုတွေကိုလည်း ရနိုင်တယ်ဆိုပြီး အထင်ရောက်နေတဲ့အကြောင်းပါ။

အခုစာအုပ်ကတော့ မိန်းမတွေရဲ့အတွင်းစိတ်အကြောင်းကို သေသေချာချာ အနုစိတ်လေ့လာ ချယ်မှုန်းထားတဲ့ ကျမ်းတစောင်ပါ။ ပျိုမြစ်နုငယ်တဲ့ လုံမလေးအရွယ်ကနေ ဆံဖြူသွားကျိုးတဲ့အဘွားအို အရွယ်အထိ မိန်းမတို့ရဲ့ စိတ်သဘောအမှန်ကို ဖွင့်ဟပြထားတာပါ။ ပြည့်တန်ဆာ နှင့် ယောက်ျားလျာပါ မကျန်ရအောင် စုံစုံစေ့စေ့ လှစ်ဟဖော်ကျူးထားပါတယ်။ မူရင်းစာအုပ်ကတော့ ကျမ်းစာအုပ်ဖြစ်တာနဲ့အညီ အသေးစိတ်ဖော်ပြထားပေမဲ့ ဘာသာပြန်သူကတော့ ဆိုလိုရင်းကို မပျောက်စေဘဲ ထိထိမိမိ ရေးသားထားတဲ့အတွက် မူလစာအုပ်ရဲ့ တဝက်လောက်ပဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်အုပ်စလုံးက အရသာတမျိုးစီနဲ့ ဖတ်လို့ကောင်းလှပါတယ်။

ငိုပါတော့မေ

~

လွှတ်ပစ်လိုက်စမ်း

လွှတ်ပစ်လိုက်စမ်း
တိမ်တိုက်အပြာ သည်နီလာတွေ
ဝါရည်နို့ခဲ သည်ပုလဲတွေ
ခဲသားရင့်ရင့် သည်စိန်ပွင့်တွေ

လွှတ်ပစ်လိုက်လေ
မြေပြင်ဟိုဘက် လှိုင်းပွက်ပွက်နှင့်
ရေနက်ထဲနှစ် ကြဲချပစ်လိုက်

မျက်ရည်စိုနှင့်
ငိုတော့မေရယ်

တွယ်တာစရာ
မေတ္တာကင်းမှ သည်ဘဝမှာ
ဘာကို မက်မော ပျော်မလဲ။ ။


ကြည်အေး
(နွမ်းလျ အိမ်အပြန်)

Saturday, 20 January 2007

သည်းခံခြင်း -- ဦးသုခ

~

သူတပါးက ကဲ့ရဲ့လာတဲ့အခါ၊ အပြစ်တင်လာတဲ့အခါမှာ ရှူးရှူးရှားရှားမဖြစ်ဘဲ ခေါင်းကိုညိတ်ပြီးပြုံးပြုံးကလေးနေနိုင်တာဟာ ခမာ ဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတာပဲ။

ခန္တီ -- အလောင်းတော်များ ပါရမီဖြည့်ချိန်တွင် မိမိကိုလာရောက်ထိပါးသည့်အခါ ရန်တုန့်မပြန်ဘဲသည်းခံသော စိတ်ထားမျိုး

တာဒ-- ဆင်းရဲ၊ ချမ်းသာတို့ကို အမှုမထားဘဲ ကြံကြံခံကာနေသည့် သည်းခံခြင်းမျိုး

ခမာ -- ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်း တို့ကို တုန့်ပြန်ပြောဆိုခြင်းမပြုဘဲ မိမိ ကိုယ်၊ စိတ်၊ နှလုံး တို့ကို ထိန်းချုပ်ကာ အေးအေးသက်သာ ဖြစ်စေလျှက် ခေါင်းတညိမ့်ညိမ့်နှင့် ပြုံးနေနိုင်သည့် စိတ်သဘောထားမျိုး။။