ကျွန်မနှင့် IT လောက
ဟိုတနေ့ထဲက သူငယ်ချင်းနဲ့ဖုန်းပြောပြီး ကိုယ်ရွေးချယ်ထားတဲ့ အခြားလမ်းကြောင်းတခုမှာ ပျော်မွေ့နေတဲ့ကျွန်မအဖို့ ကျောင်းတတ်ခဲ့တဲ့အချိန်တွေရယ် ၊ IT လောကကြီးရယ်ကိုလွမ်းသွားတယ်။
10 တန်းအောင်ပြီးကျောင်းတက်ဖို့စောင့်နေတဲ့ကျွန်မကို အဖေမိတ်ဆွေတယောက်က သူအလုပ်လုပ်နေတဲ့ ကွန်ပြူတာတက္ကသိုလ်မှာ သင်တန်းလာတတ်ဖို့ ခေါ်ရာက ကျွန်မနဲ့ ကွန်ပြူတာဆိုတာကြီးနဲ့ ရင်းနှီးလာတယ်ဆိုပါစို့။ အဲဒိအချိန်တုန်းက ကွန်ပြူတာဆိုတာလည်း ဘာမှန်းမသိ၊ တက်ရမယ့်သင်တန်းကလည်း ဘာမှန်းမသိ အိမ်ကမိဘတွေလွှတ်လိုက်လို့သာ ကွန်ပြူတာတက္ကသိုလ်ကို ရောက်လာတာပါ။
ကျောင်းရောက်တော့ fresher welcome ဆိုတာရယ်၊ သိပ်ကိုနာမည်ကြီးတဲ့ တက္ကသိုလ်မြေ ဆိုတာရယ်၊ အခုမှကြုံတွေ့ရတဲ့ သူငယ်ချင်းသစ်များစွာရယ်နဲ့ အပျော်လွန်နေတယ်လို့ ဆိုရမှာပါ။ practical အချိန်ရောက်ရင် စက်ခန်းထဲဝင်ပြီး အရင်ဆုံးလုပ်တဲ့အလုပ်က အပြိုင်အဆိုင် ကွန်ပြူတာနဲ့ ဖဲရိုက်တဲ့အလုပ်ပါ။ ကျောင်းတက်တာလည်း အတော်ကြာ၊ စာမေးပွဲကြေးတွေလည်း သွင်းရတော့မှ သိတာက ကျွန်မတက်နေတာ NCC ပထမနှစ် IDCS ဆိုတာပါ။ Project လုပ်တဲ့အချိန်ကြတော့လည်း အုပ်စုဖွဲ့ရင်း၊ လူရွေးရင်း၊ ရန်ဖြစ်ရင်းနဲ့ အပြင်မှာ တကယ်ကို professional ရေးနေတဲ့ သူငယ်ချင်းကျေးဇူးနဲ့ လှလှပပလေးပြီးသွားပါတယ်။ ကျွန်မကတော့ ဘေးကနေ pseudo ဝိုင်းရေးပေးသယောင်၊ documentation ဝိုင်းပြင်ပေးသယောင်ပေါ့။ လည်ရင်း ပတ်ရင်း ပျော်ရင်း ပါးရင်း ဆိုသလို၊ ကြက်ကန်း ဆန်အိုးတိုးဆိုသလို ပထမနှစ်အောင်သွားပါတယ်။ ဒီတခါလည်း သူငယ်ချင်းတွေ အဖော်ကောင်းတာနဲ့ ဒုတိယနှစ် IADCS ကို KMD မှာ ဆက်တက်ဖြစ်သွားတယ်။ coding ကြောက်တဲ့ ကျွန်မအတွက် ဒုတိယနှစ် project က coding မလိုဘူးဆိုတော့ အေးဆေးပေါ့။ အမှတ်စစ်သူတွေ မျက်စိရှမ်းကြတယ် ထင်ပါရဲ့ ။ IADCS လည်း အောင်သွားပြန်ပါတယ်။ အဲဒိအချိန်ထိလည်း ကျောင်းတွေက မဖွင့်သေးဆိုတော့ သူငယ်ချင်း အဖော်ကောင်းတာရယ်၊ မိဘတွေရဲ့စေတနာတွေရယ်ကြောင့် England အထိကို ကျောင်းတက်ဖို့ရောက်လာပါတယ်။
ကျောင်းရောက်လာတော့ modular system ဆိုတော့ first term မှာဘယ်ဘာသာတွေသင်မလဲဆိုတာရွေးရပါတယ်။ ရန်ကုန်မှာတုန်းကတောင် object oriented နဲ့ပတ်သတ်ရင် C, C++ သင်ရပါတယ်။ အဲဒိအချိန်မှာ Object oriented တအားခေတ်စားနေတာကတော့ Javaပေါ့။ အဲဒိအချိန်မှာ ကျွန်မသိတဲ့ Java က ဂျာဗားကျွန်းက သိပ်မွှေးတဲ့ ကော်ဖီတွေရယ်၊ Lorealထုတ်တဲ့ သိပ်လှတဲ့ နှုတ်ခမ်းနီ နာမည်ရယ်ပါ။
ဒီကိုရောက်တဲ့ Object oriented ပတ်သတ်ပြီး သင်ရတဲ့ language က pascal ပါ။ ဘယ်တုန်းကမှ မကြားခဲ့ဖူးတဲ့၊ ထွက်တာအတော်လေးကြာပြီ သိထားတဲ့အတွက်ရယ် မကျေမနပ်တောင် ဖြစ်ခဲ့မိသေးပါတယ်။ ဒါပေမဲ့ သင်မဲ့ဆရာကိုယ်တိုင် က အဲဒိ language စတင်ရေးသားတဲ့အဖွဲ့မှာပါဝင်ပြီး object orientedမှာလည်း တော်တော်လေး basic ဖြစ်တဲ့အတွက် ဒီ languageကို သင်ပေးတာပါ။ ကျောင်းပြီးနောက်ပိုင်းမှ ပိုနားလည်တာကတော့ အင်္ဂလိပ်လူမျိုးတွေရဲ့ထုံးစံ latest technology တွေထက် infra structure ကို ပိုတန်ဖိုးထားတတ်ကြတဲ့အကြောင်းပါ။ အဲဒိမှာလည်း သူများထက်နည်းနည်းလေးပိုလျှာရှည်တဲ့ ကျွန်မက programming language အသစ်ဖြစ်တဲ့ haskel အပိုယူလိုက်ပါသေးတယ်။ ကျွန်မစိတ်ကူးထဲမှာက ရန်ကုန်မှာထဲက သင်ခဲ့ဖူးတဲ့ Human-computer interfae တွေ၊ GUIတွေထက် ကျွန်မအတွက် ပိုပြီး အသစ်ဖြစ်နိုင်တဲ့၊ တန်ဖိုးကြီးကြီးနဲ့ မွေးမြေရပ်ခြားမှာ သင်ရတဲ့အတွက် ပိုအကျိုးကျေးဇူးရှိနိုင်မယ်ထင်တဲ့ ဘာသာမျိုးကို ပိုတန်ဖိုးထားသင်ချင်မိတာကြောင့်ပါ။ programming သိပ်တော်လွန်းလှလို့တော့ မဟုတ်ပါဘူး။
အဲဒိလို အရစ်တွေရှည်တတ်တဲ့ ကျွန်မကို ကံကြမ္မာက ကျီစားဟန်တူပါရဲ့။ final year project အတွက် လုပ်ရမယ့် project list တွေရောက်လာပါတယ်။ သူငယ်ချင်းတော်တော်များများလုပ်ရမယ့် project က web designတွေများပါတယ်။ လုပ်ရမယ့် project supervisor တွေကလည်း PHD thesis လုပ်ရင်း စာပြန်ပြပေးနေတဲ့ senior ကြီးတွေများပါတယ်။
ကျွန်မရဲ့ supervisor ကျမှ သိပ်ကို strict ဖြစ်တဲ့ professor ကြီး ဖြစ်နေပါတယ်။ လုပ်ရမယ့်အလုပ်က critical path analysis တဲ့။ ရေးရမယ့် language က Java တဲ့။ တဆိတ်တော့ လွန်လွန်းပြီ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မဘဲ ဘယ်ရမလဲ။ Supevisor ကိုသွားပြောတာပေါ့ ကျွန်မ Javaတခါမှ မသုံးဖူးဘူးလို့ မရေးတတ်ပါဘူးလို့ပေါ့။
ဘာမသိ၊ ညာမသိ ဘယ်သူကိုမှ မမေးမစမ်းနဲ့ ကျွန်မသွားပြောတဲ့ ဆရာက Java ဂုရုကြီးဖြစ်နေပါတယ်။ အဲဒိအချိန်တုန်းက Java က text modeမှာပဲ အလုပ်လုပ်ပါသေးတယ်။ multimedia မရသေးပါဘူး။ ကျွန်မရဲ့ဆရာက Java AVI ဆိုပြီး ရအောင်စတင်ရေးသားတဲ့ တကယ့်ဆရာကြီးဖြစ်နေတယ်။ သူက တခါတည်း ပြန်ပြောလိုက်ပါတယ်။ language မတတ်ရင် သူစာအုပ်ဖတ်ဆိုပြီး သူကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့ Java စာအုပ်ကို လတ်မှတ်ထိုးပြီး ပေးလိုက်ပါတယ်။ သူပြောတဲ့သဘောက programming logic ကျွမ်းကျင်သူများအတွက်တော့ ဟုတ်ပါတယ်။ language syntax လောက်ကို ဖတ်မှတ် လေ့လာလိုက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ ကျွန်မလို programmingခပ်ထူထူသမားအတွက် လိုအပ်တာထက် အချိန်တွေပိုပေးပြီး စိတ်ရှည်လက်ရှည် သင်ပေးခဲ့တဲ့ ဆရာကျေးဇူးကို ဒီနေ့ဒီအချိန်ထိ အမှတ်တရပါ။
ဆရာရဲ့ စာသင်ပုံ၊ သင်နည်းတွေနဲ့ lecture ကို သိပ်သဘောကျသွားတဲ့ ကျွန်မ နောက် term တခုကျတော့ ဆရာသင်တဲ့ safety critical analysis ဆိုတဲ့ module ကို ထပ်ယူဖြစ်တဲ့အထိပါပဲ။ တက္ကသိုလ်မှာ စာသင်နေတယ်ဆိုပေမဲ့ အတန်းထဲကို နောက်ကျပြီးဝင်ရင်၊ စာသင်နေတုန်း စကားများနေရင် ဆူတတ်တဲ့ ဆရာကို အဲဒိတုန်းကတော့ အရမ်းကို ကြောက်ခဲ့ရဖူးပါတယ်။ အမှတ်ပေး ကပ်စေးနည်းတယ်လို့ ထင်ခဲ့ဖူးပေမဲ့ ပညာပေးရာမှာ ကပ်စေးမနည်းတဲ့ဆရာကျေးဇူးကို ကျောင်းပြီးလို့ နှစ်နှစ်လောက်ကြာတဲ့အခါကျမှ တိတိကျကျ နားလည်နိုင်ခဲ့ပါတော့တယ်။ ကိုယ်ကို ကိုယ် IT နဲ့ပတ်သတ်ရင် သိပ် confindence မရှိတဲ့ကျွန်မ IT အလုပ်တွေကို သေသေချာချာမရှာဖြစ်ခဲ့ပါဘူး။ အဲဒိတုန်းက ဘာရယ်မဟုတ် IT အလုပ် လျှောက်ကြည့်လိုက်တာ interview ရလာပါတယ်။ GE transport ကတဲ့။ company က နိုင်ငံတော်တော်များများမှာရှိပြီး သိပ်ကြီးကျယ်နေတာရယ်၊ ပေးထားတဲ့လစာက သာမန် graduate လေးတယောက်အတွက် သိပ်ကိုများနေတာရယ်ကြောင့် မသွားခင်ထဲက ကြောက်နေတာအမှန်ပါပဲ။
မေးတဲ့ကြာချိန်ကိုလည်း ကြည့်ပါအုံး။ 2နာရီတောင်။ အင်တာဗျူးခန်းထဲလဲရောက်ရော။ အမယ်လေး ကျွန်မ တယောက်ထဲကို ဝိုင်းမေးမယ့်လူက 5 ယောက်လောက်ရှိပါတယ်။ ကျွန်မရဲ့ CV တွေကို တယောက်ချင်းစီကိုင်ထားပြီး ဝိုင်းမေးလိုက်ကြတာ တယောက်တပေါက်ပဲ။ မေးနေတဲ့တချိန်လုံး တောင်းနေမိတဲ့ဆုက 2 နာရီမြန်မြန်ပြည့်ပါစေ။ ကျွန်မခေါင်းတွေလည်း ပူထူလှပါပြီ။
သူတို့မေးနေရင်း ကျွန်မသေသေချာချာ နားလည်သဘောပေါက်လိုက်တာက သူတို့က ကျွန်မသင်ခဲ့ဖူးတဲ့ safety critical analysis ရယ်၊ ကျွန်မလုပ်ခဲ့တဲ့ project ရယ်ကြောင့် စိတ်ဝင်စားတာပါ။ အဲလိုဆိုလည်း ပြောပြောက စောရောပေါ့။ စာလေး ဘာလေး နည်းနည်းပါးပါး ပြန်ဖတ်လာလိုက်ပါတယ်။ အင်တာဗျူးပြီးတော့လည်း မပြီးသေးပါဘူး။ သူတို့ရဲ့ စက်ရုံတွေ၊ protocol တွေ ကို အကုန်လိုက်ပြပါသေးတယ်။ စာထဲမှာ သင်ထားတာတွေ အပြင်မှာ အဲလို တကယ်အလုပ်လုပ်တာပါလားလို့ သေချာနားလည်သွားရပါတယ်။ ရထားတွေကို ဘယ်လို control လုပ်ရတယ်ဆိုတာ လိုက်ပြတဲ့လူကြီးက သေသေချာချာကို ရှင်းပြပါတယ်။
သြော် အခုတော့လည်း IT လောကနဲ့ ဝေးနေတာ ဘယ်နှနှစ်မှန်းတောင် မသိတော့ပါဘူး..
ဒါပေမဲ့ အားလုံး အားလုံးကို အမှတ်တရပါ။