အမေများနေ့ (သို့) အမ သို့ အမှတ်တရ
ဒီနေ့ ကျွန်မနေတဲ့ နိုင်ငံရဲ့ အမေများနေ့ပါ။ အမေများနေ့ဟာ တနိုင်ငံနဲ့ တနိုင်ငံ သတ်မှတ်ထားတဲ့နေ့တွေ မတူညီကြပါဘူး။ ပြီးတော့ တနှစ်နဲ့ တနှစ်လည်း ရက်တွေမတူညီကြပါဘူး။ ဒါကတော့ သတ်မှတ်ချက်တွေပေါ့လေ။ ထားပါတော့။ အဓိက ကတော့ ရင်ထဲမှာ သတ်မှတ်ထားဖို့ပဲ လိုအပ်တာပါ။
တချို့လူမျိုးအစွဲ၊ ဘာသာရေးအစွဲတွေမှာ ယောင်္ကျားအဖြစ်ကို ရရှိတာဟာ မြင့်မြတ်တယ်လို့ ယူဆကြပါတယ်။ ကျွန်မအတွက်ကတော့ (မိန်းမသားဖြစ်နေလို့လားမသိ) မိန်းမတယောက်ဘဝမှာ အမေအဖြစ်ကို ရရှိတာဟာ မြင့်မြတ်တယ်လို့ ယူဆပါတယ်။ ကျွန်မကြားဖူးတဲ့ စကားလေးအရဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ဘာသာတိုင်းဟာ ပေါ်ပေါက်တဲ့ ခုနှစ်သက္ကရာဇ်ခြင်းလည်း မတူညီကြပါဘူး၊ ဘာသာရေးခေါင်းဆောင်များ ပေါ်ပေါက်တဲ့ တိုင်းပြည်၊နေရာဒေသများလည်း မတူညီကြပါဘူး။ ဒါကြောင့် နေရာဒေသတိုင်း၊ အိမ်တိုင်းကို ဘုရားသခင်မကြွရောက်နိုင်တဲ့အတွက် နေရာတိုင်း၊အိမ်တိုင်းမှာ အမေတွေကို ဆောင်ကြဉ်းပေးထားတာပါတဲ့။
ကျွန်မ မိသားစုမှာ အမေကို မောင်နှမတွေအားလုံးက “အမ”လို့ ခေါ်ကြပါတယ်။ ဟိုးအရင်တုန်းက အမေက ကျောင်းဆရာမလုပ်ခဲ့ဖူးသူမို့ ကျောင်းအမ လို့ခေါ်ရင်းပဲ အမ လို့ခေါ်လေသလား။ ဒါမှမဟုတ် အထက်အညာဒေသကလို အမေကို အမ ရယ်လို့ပဲခေါ်လေသလားတော့မသိ။ ဘယ်လိုကြောင့်မှန်းတော့မသိ ကျွန်မသိတတ်စ အရွယ်ထဲကနေ အခုအချိန်ထိ ချစ်ခင်မြတ်နိုးစွာ ခေါ်ဝေါ်မိတာကတော့ “အမ”ရယ်ပါ။
ကျွန်မတို့အိမ်မှာ မောင်နှမတွေများတာကြောင့် မောင်နှမချင်းရန်ပွဲတွေအတွက် အမကို လိုအပ်သလို စနေသားပီပီ သိပ်စိတ်ကြီးတတ်တဲ့ အဖေအနားမှာနေဖို့အတွက်လည်း အမ ကို မရှိမဖြစ်လိုအပ်ပါတယ်။ တအိမ်သားလုံးအတွက် မိုးလင်းကနေ မိုးချုပ် မရှိမဖြစ်လိုအပ်ချက်ကတော့ အမ ရယ်ပါ။ ကျွန်မမိဘတွေ လက်ထက်တုန်းက အရမ်းကို ရုန်းကုန်လှုပ်ရှားခဲ့ရပြီး ပညာကိုလည်းတော်တော်လေး ကြိုးကြိုးစားစား သင်ခဲ့ရဖူးတော့ သားသမီးတွေလက်ထက်မှာ လိုလေသေးမရှိ ထားပေးချင်ခဲ့တာ သူတို့ရဲ့ မေတ္တာတွေပါ။ အဲဒါတွေကို နားမလည်တတ်ခဲ့တဲ့၊ မိုက်မဲတတ်တဲ့ ကျွန်မတို့မောင်နှမတွေဟာ ဆိုးသွမ်းမိုက်မဲတယ်လို့ မဆိုသာရင်တောင် သိပ်လိမ္မာတဲ့ သားသမီးတွေ မဖြစ်ခဲ့ကြပါဘူး။ အထူးသဖြင့် အမ အပေါ်မှာ ဆိုးသွမ်းအနိုင်ယူခဲ့ကြပါတယ်။
အမ ဘာကြိုက်တတ်သလဲဆိုတာ ဘယ်သူမှ မသိပေမဲ့ အဖေအကြိုက်၊ ကျွန်မတို့မောင်နှမ အားလုံးရဲ့အကြိုက်ကို ပြည့်စုံအောင် ဖန်တီးပေးစွမ်းတာ အမ ရယ်ပါ။ မနက်မိုးလင်းတာနဲ့ အမဟာ ဈေးကို အမြန်ပြေးရပါတယ်။ အဖေကလည်း မနက်စာကို သူစားနေကျမုန့် နဲ့ ပုံစံကနေ သိပ်ပြောင်းပြီး စားလေ့မရှိပါဘူး။ နေ့တိုင်းလည်း မထပ်အောင် သူအကြိုက်လည်းဖြစ်အောင် အဆင်ပြေအောင်စီစဉ်ပေးရပါတယ်။ မောင်နှမတွေရဲ့အကြိုက်ချင်းဟာလည်း တယောက်နဲ့တယောက် လုံးဝကိုမတူပါဘူး။ ပြီးတော့ ဝယ်ရတဲ့ နေရာချင်းတွေလည်း သိပ်မနီးလှပါဘူး။ ဒါပေမဲ့ အမ ဟာအားလုံးကို အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းပေးပါတယ်။ အဲဒိလောက်လုပ်ပေးတဲ့ကြားကမှ အကြိုက်မဟုတ်ခဲ့ရင် သိပ်ကိုလိမ္မာတဲ့ ကျွန်မတို့မောင်နှမတွေက အပြိုင်အဆိုင် စိတ်ကောက်ကြပါသေးတယ်။
မနက်မုန့်ကိစ္စပြီးသွားတော့ ဟင်းကိစ္စကျတော့ကော။ အဖေက အသားသိပ်စားလေ့မရှိပါဘူး။ နေ့တိုင်း ချဉ်ရည်ဟင်းတခွက်ပါအောင်ချက်ရပါတယ်။ အကိုများကတော့ အသားဟင်းမပါရင် စကားများကြပါတယ်။ ကျွန်မကတော့ အရိုးများတဲ့ငါးဟင်းကိုချက်ရင်၊ ဟင်းတွေသိပ်စပ်ရင် ဂဂျီဂဂျောင်ကျပါတယ်။ ပြောရရင် တယောက်တမျိုး မရိုးရအောင် ဦးနှောက်စားကြပါတယ်။
အိမ်ကိစ္စတွေမှာတင် ဒိလောက်အလုပ်တွေရှုပ်နေတော့ အိမ်အလုပ်ချည်းလုပ်ရတဲ့အမေလားဆိုတော့ မဟုတ်သေးပါဘူး။ အဖေကို ဝိုင်းကူပြီး စီးပွားလည်းရှာရပါသေးတယ်။ အဲဒိတော့ ဘယ်အချိန်နားရသလည်းဆိုရင် ကျွန်မမှတ်မိသလောက် အမ အညောင်းပြေ၊ အညာပြေ ထိုင်နားနေတတ်တယ် ဆိုတာတောင်ရှားပါတယ်။ အိပ်ချိန်ကျမှသာ အိပ်ရင်းနားတာလောက်ပါပဲ။ တပတ်တရက်ရတတ်တဲ့ တနေင်္ဂနွေဆိုင်ပိတ်ရက်မျိုးမှာလည်း မောင်နှမတွေ လိုအပ်ချက်တွေဝယ်ပေးဖို့၊ မိသားစုကို အိမ်မှာလုပ်တဲ့ ငါးထမင်းချဉ်၊ မုန့်ဟင်းခါး၊ ကျောက်ကျော စသည်ဖြင့် တခုပြီးတခု လုပ်ကျွေးဖို့နဲ့ မအားလပ်တတ်အောင်ပါပဲ။ သူဘယ်လောက် အလုပ်တွေရှုပ်ရှုပ် သားသမီးတွေကို ကူပါလို့ အတော်ပြောခဲတဲ့အမပါ။ ရှိသမျှကိစ္စ တယောက်တည်း သိမ်းကျုံးလုပ်ပြီး သားသမီးတွေကို ဘယ်တော့မှ မခိုင်းရက်တဲ့အမပါ။
အမက သားသမီးတွေကို ဘယ်လောက်တောင် ဂရုစိုက်သလဲဆိုရင် ငယ်ငယ်တုန်းက မောင်နှမတွေ ခဏခဏ ဖျားချင်မိတဲ့အထိပါပဲ။ဖျားတော့မှ အမကို နှစ်ဆတိုးဂျီကျပြီး အမရဲ့အပြုစု အယုယကို နှစ်ဆတိုး ခံရမှာမို့လေ။ အဲဒိလောက်တောင် အမဟာ သားသမီးကို ဂရုစိုက်ပါတယ်။
အငယ်ဆုံးမို့တမျိုး၊ မောင်နှမတွေထက် စာပိုဖတ်လို့ဆိုပြီး တဖုံ အမျိုးမျိုး အလိုလိုက်ခံခဲ့ရတဲ့ ကျွန်မဟာ အမကိုရော၊ မိသားစုကိုပါ ခွဲပြီး အဝေးကြီးကို လာခဲ့ရတဲ့အချိန်မှာ ထမင်းတအိုးဖြစ်ဖို့တောင် အတော်ကြိုးစားချက်ယူခဲ့ရပါတယ်။ ဟင်းဆိုတာတော့ အဝေးကြီးပေါ့။ အမ ကျွန်မဆီလာလည်တဲ့ အချိန်မှာလည်း ကျွန်မအကြိုက်တွေ တနေ့တမျိုး ချက်ကျွေးရင်း မအားနိုင်အောင်ပါပဲ။ ကိုယ်ဘာသာ ကိုယ်ဘယ်လိုပဲ ဘယ်နေရာမှာ လူကြီးဖြစ်နေနေ အမ နဲ့တွေ့လိုက်ချိန်တိုင်း ကျွန်မဟာ ကလေးတယောက်လိုပါပဲ။
ကျွန်မ အာရုံမှာ အစွဲထင်ဆုံးပုံရိပ်ကတော့ နောက်ဆုံးတခေါက်တွေ့ခဲ့တဲ့ပုံရိပ်ပါပဲ။ ကျွန်မကိစ္စတခုနဲ့ သွားရမယ့်နိုင်ငံကို ကျွန်မကိုတွေ့ချင်စိတ်နဲ့အမလည်း လာလည်ပါတယ်။ လေယာဉ်ချိန် သိပ်မကွာတဲ့အတွက် လေဆိပ်မှာဆုံဖို့ပဲ ချိန်းလိုက်ပါတယ်။ ကျွန်မရဲ့လေယာဉ်အချိန်က စောနေတဲ့အတွက် အမတို့လာမယ့်အချိန်ကို စောင့်နေလိုက်မိတယ်။ အမကို အဝေးကြီးထဲကလှမ်းတွေ့နေရပါတယ်။ လက်ထဲမှာ ခွက်တခုရယ်၊ အထုပ်တထုပ်ရယ်နဲ့ပါ။ ဘာများလည်းလို့လှမ်းကြည့်နေမိတဲ့ကျွန်မကို အမ တွေ့တွေ့ချင်းလှမ်းပေးတာက အဲဒိခွက် နဲ့ အထုပ်ရယ်ပါ။ ဘာဖြစ်မယ်လို့ထင်မိပါသလဲရှင်။ ကျွန်မစားချင်တယ်လို့ ဘယ်အချိန်တုန်းက ရွတ်လိုက်မိမှန်းတောင် မသိတဲ့၊ လေယာဉ်ခရီးမှာတောင် တကူးတကသယ်လာတဲ့ ရွှေပုစွန်က ဖာလူဒါ နဲ့ ဌက်ပျောသီးရွှေကြည် ရယ်ပါ။
အမရယ်။ အမခြေဖဝါးအောက်မှာ ရှိတဲ့ နိဗာန်ဘုံလေးမှာ သမီးကို ခိုနားခွင့် ပေးသနားတော်မူပါ...
3 comments:
Excellent posts for Mother Day!
V heart-warming...
ဘာလို့ လဲတော့ မသိဘူး သူငယ်ချင်းတွေရဲ့ မိဘ တွေထဲမှာ အပါးနဲ့  အမကို အနှစ်သက်ဆုံး နဲ့  စိတ်ထဲမှာ အရင်းနှီးဆုံးပဲ. ဘယ်သူတွေနဲ့ မှ ရင်းရင်းနှီးနှီးသိပ်နေလေ့ ပြောလေ့ ဖေါ်ရွေလေ့ မရှိတဲ့ ကျွန်မ အပါးနဲ့  အမကို ဘယ်လောက်တောင် စိတ်ထဲမှာ ရင်းနှီးနေလည်းဆိုတော့ အန်ကယ်၊ အန်တီလို့ မခေါ်ပဲ သူငယ်ချင်းခေါ်သလို အပါး နဲ့  အမလို့  လိုက်ခေါ်မိခဲ့တယ်..
ဒီပိုစ့်လေးဖတ်ပြီး အမကို သတိရသွားတယ်.. သားသမီးတွေကို ဘယ်လောက်ချစ် ဘယ်လောက် အလိုလိုက်လည်း ဆိုတာ တွေ့ တဲ့အချိန်တိုင်း အေးချမ်းပြီး အမြဲပြုံးရွှင်နေတဲ့ အမ မျက်နှာကိုကြည့်ရင် သိနိုင်ပါတယ်. ဟို ရန်ကုန်မှာရှိတဲ့ အချိန်တုန်းက ဆိုင်ကိုရောက်တိုင်း ဆိုင်ရှေ့ မှာ ထိုင်နေတဲ့ အစ်မကိုတွေ့ လိုက်ရရင် အရမ်းစိတ်ချမ်းသာတာပဲ။ ရိုးရိုးအေးအေးနေတတ်တဲ့ အမ။ သဘောကောင်းပြီး ကျွန်မတွေ့ လိုက်တိုင်း အလုပ်တွေ ရှုပ်နေတတ်တဲ့ အပါး... အပါးနဲ့  အမ ကျန်းမာပါစေ...
စုစုရေ... အားပေးတဲ့အတွက် အထူးကျေးဇူး။
နေနေ... comment လေးဖတ်ပြီး အမ ကို ပိုလွမ်းသွားတယ်။
အမ သာ ဒီ post လေးနဲ့ နေနေ comment လေးအကြောင်းသိရင် သိပ်ဝမ်းသာမှာပဲလို့လဲ တွေးမိတယ်။
အပါး နဲ့ အမ အတွက် မှတ်မှတ်ရရလေးရေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်နော်။
Post a Comment