hits spiritcorner

Friday, 27 April 2007

The Universe


The Universe

ကျွန်မကလေ ကမ္ဘာမြေကြီးအကြောင်း ၊ စကြာဝဠာ ကြီးအကြောင်းဆိုရင် သိပ်စိတ်ဝင်စားတယ်သိလား
နားမလည် တလည်နဲ့ အတော်ကြိုးစားလေ့လာရတဲ့ solar system ကြီးပါ။
အဲထိအကြောင်းတွေလေ့လာရရင်၊ စဉ်းစားရရင်လည်း တမေ့တမော..
အခုဖတ်နေတဲ့စာအုပ်လေး The Universe ကနေအတွေးတွေ နယ်ချဲ့ပြီး ရောက်တတ်ရာရာအတွေးလေးတွေကို ဝေမျှချင်လာတယ်.

Judaism, Christian, Islam ဘာသာ သုံးမျိုးကတော့ ထာဝရဘုရားသခင် God ဆိုတာကို ယုံကြည်တယ်။ ဘုရားသခင် ဖန်ဆင်းလို့ ကမ္ဘာလောကကြီး ပေါ်ပေါက်လာတယ်လို့ လက်ခံတယ်။ လူဆိုတာကိုလည်း ဘုရားသခင်က မြေကြီးကနေ ဖန်ဆင်းခဲ့တယ်။ နောက်ပြီးတော့ ဝိညာဉ်တော်ကို မှုတ်သွင်းဖန်ဆင်းခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။ အဲဒိဝိညာဉ်ဆိုတာကလည်း ဘုရားသခင်ရဲ့ အစိတ်အပိုင်းတစ်ပိုင်း။ သိပ္ပံစကားနဲ့ ဥပမာပေးရရင် အရာဝတ္ထုတိုင်း atom တွေနဲ့ဖွဲ့စည်းထားတာပါ။ လူသားတွေရဲ့အသက်ဝိညာဉ်ဆိုတာလည်း ဘုရားသခင်ရဲ့ atom လေးတစ်ခုပါလို့ ကြားနားခဲ့ဖူးပါတယ်။

ဘုရားသခင်ဖန်ဆင်းထားတယ်ဆိုတဲ့ ကမ္ဘာမြေကြီးဟာ လူသားတွေအသက်ရှင်နေထိုင်ဖို့အတွက် အသင့်တော်ဆုံးနေရာလို့လည်း ဆိုပါတယ်။ သင့်တင့်တဲ့ မြေကြီးအခင်းရယ်၊ လိုအပ်တဲ့ကောင်းကင်အမိုးကြီးရယ်၊ အသက်ရှင်နေထိုင်ဖို့ မရှိမဖြစ်တဲ့ ရေ၊လေ၊တော တောင် သဘာဝတရားကြီးတွေရယ်နဲ့ စနစ်တကျ ဖန်ဆင်းထားတဲ့ကမ္ထာမြေကြီးလို့ အဆိုရှိပါတယ်။

ဘုရားသခင်ရှိကြောင်းမယုံကြည်တဲ့သူတွေကတော့ ဒီလောကကြီးဟာ စနစ်တကျဖွဲ့စည်းထားတာ မဟုတ်ရပါဘူး။ Big Bang မတော်တဆပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတာပါလို့ ဆိုပြန်ပါတယ်။

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတွေလည်း အငြင်းပွားကြပါတယ်။ အိုင်းစတိုင်း ကပြောတော့
“ ဘုရားသခင် ကြွေအံ မကစားပါ ” တဲ့..
ကဲ နောက်တစ်ယောက် Stephen Hawkings ကတော့ “ ဘုရားသခင် ကြွေအံ ကစားပါသည် ” လို့ ဆိုပါတယ်။
သူ့ရဲ့ အသစ်စက်စက် သတင်းကတော့ space ထဲကိုသွားဖို့ အတော်နီးစပ်လာတဲ့အကြောင်းပေါ့။
http://news.bbc.co.uk/2/hi/science/nature/6594821.stm

ဗုဒ္ဓဟောတာကတော့ “ ဒုက္ခသစ္စာ” ပါတဲ့။ သံသရာစက်ဝိုင်းထဲမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အားထုတ်ဖို့ သင်ကြားပါတယ်။
လူတွေအငြင်းပွားနေတဲ့ တည်ရှိခြင်း မရှိခြင်းကိုတော့ အဖြေမပေးခဲ့ပါဘူး။ ရှင်းပြရင် ပိုရှုပ်ကုန်မှာစိုးလို့ ဒီမှာ ဖတ်ကြည့်လိုက်ပါနော်။

ထူးခြားတာ တစ်ခုကတော့ ဘာသာတရားတွေမှာ ကမ္ဘာပျက်မယ့်နေ့ ဆိုတာတွေ ကြားကြားနေရပါတယ်။ အဓိပ္ပာယ် အနှစ်သာရ တူ မတူတော့ အသေအချာမပြောနိုင်ပါဘူး။ လေ့လာဆဲပါ။ နားလည်တဲ့သူများရှင်းပြပေးရင်တော့ ကျေးဇူးအထူးပါ။

ပညာရှင်တွေရဲ့ အငြင်းစကားတွေကို အဖြေမှန်ထုတ်နိုင်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သူများနဲ့ ဘုရားသခင်ထံမှ ကျရောက်လာသော ကျမ်းစာအုပ်များကို ယုံကြည်သူများအတွက် သက်သေခံနိုင်ဖို့၊ သက်ရှိသက်မဲ့များမှီတင်းနေထိုင်ရာ လောကကြီးကိုအကြောင်းကို ပိုမိုသိနိုင်ဖို့၊ အခုထက်ပိုမိုသာတောင့်သာယာဖြစ်စေမဲ့ ကမ္ဘာလောကကိုဖန်တီးပေးနိုင်ဖို့ စတဲ့ အမျိုးမျိုးသော ရည်ရွယ်ချက်တွေအတွက် သိပ္ပံပညာကလည်း မနေမနား ရှာဖွေနေဆဲပါ။

Thursday, 26 April 2007

ကိုယ်ဆောက်တဲ့အိမ်ကလေး

ကိုယ်အိမ်ကလေး တစ်လုံးဆောက်နေတယ်..
ဟိုတုန်းကတော့ ဝိုင်းကူမယ့်သူတွေ အပြည့်နဲ့ပေါ့..
ဒါပေမဲ့ သိပ်စိတ်ကြီးတဲ့ကလေးမလေး ကိုယ်ကဝိုင်းကူရင် သိပ်မကြိုက်ချင်ဘူး..
ကိုယ်လုပ်တတ်ပါတယ်..ကိုယ်ဘာသာကိုယ် ဆောက်မယ်ပေါ့...
စမ်းသပ်ရင်း စူးစမ်းရင်းနဲ့ တဖြည်းဖြည်း ဆောက်ယူရပါတယ်...
အိမ်ပုံစံလေး ပုံပေါ်လာပေမဲ့ အရောင်တွေအကြောင်း ကိုယ်သိပ်မသိသေးဘူး...
ဘေးကနေ စိုးရိမ်ပူပန်စွာ တတွက်တွက်ပြောပေးမဲ့သူတွေရှိတော့ သိပ်မသိခင်အချိန်မှာ သူတို့စကားနားထောင်ရပါတယ်.
အရောင်တွေနဲ့ ဆော့ကစားရင်း ကျွမ်းကျင်လာတဲ့အချိန်မှာ ကိုယ်အရောင်ကိုယ်ရွေးလို့ ကိုယ်ဆေး ကိုယ်ခြယ် ရပါတယ်.
အစိုးရိမ်ကြီးတတ်တဲ့ သူတို့တွေကတော့ ကိုယ်အရောင်ရွေးမမှားအောင် သတိပေးစကားတွေ အကြိမ်ကြိမ်ဆိုပေမဲ့ နားဝင်တလှည့် မဝင်တလှည့်နဲ့ရယ်ပါ..
ှငှက်ကလေးတွေအတောင်စုံသလို ...အင်အားတွေစုံလာတဲ့ ကောင်မလေးကိုယ်ကလည်း အဝေးကြီးကို ဘာမှန်းမသိတဲ့ အကြောင်းပြချက် တပုံတပင်နဲ့ ပျံသန်းချင်နေပြီလေ..
အဝေးကြီးကိုရောက်တော့မှ ပိုသိခဲ့ရတာကတော့ အရင်တုန်းက သိပ်သတိမထားမိခဲ့တဲ့ ကိုယ်အိမ်လေးထဲက နွေးထွေးမှုတွေ၊ သင်းပျံ့တဲ့မွှေးရနံ့လေးတွေဟာ ကိုယ်အတွက် ပူပန်လွန်းတတ်သူတွေ ဖြည့်ဆည်းပေးခဲ့တဲ့အကြောင်းပေါ့...
အခုတော့လည်း အဲထိအရာတွေပြည့်စုံဖို့အတွက် ကိုယ်ဘာသာကိုယ် ကြိုးစားဖြည့်ဆည်းနေရပါတယ်...
ကိုယ်အရောင်ကိုယ် မဖြစ်မနေခြယ်ရတဲ့အချိန်ကျမှ အရင်တုန်းက သူတို့စကားတွေအကြီမ်ကြိမ် ကြားယောင်ပြီး အရောင်ရွေးမမှားအောင် အတော်လေး ဂရုစိုက်ရပါတယ်..
မိန်းမငယ်လေးကိုယ်က တစ်ယောက်ထဲနေရတာ အတော်လေး ပျင်းခြောက်ခြောက်နိုင်တယ်လို့ ထင်မြင်ယူဆတဲ့တနေ့ကျတော့ နောက်ထပ်အဖော်တစ်ယောက်ကို ကိုယ်အိမ်လေးထဲ ဖိတ်ခေါ်မိတယ်...
အဖော်ကောင်းလို့ ဆိုပေမဲ့ ဟိုအရင်တုန်းက လူတွေလောက်တော့ ကိုယ်အပေါ်စိတ်ရှည် အလိုလိုက်နိုင်မယ်လို့တော့ မထင်ပါဘူး..
အဲထိတော့ နည်းနည်းဗိုလ်ကျချင်တဲ့ ကိုယ်စိတ်ကို ဆုံးမရသေးတယ်...
အရင်တုန်းက ကိုယ်သဘောကျ အရောင်တွေခြယ်ခဲ့ပေမဲ့ အခုတော့ ကိုယ်အဖော်အလိုကိုလည်း လိုက်ရသေးတယ်..
ကိုယ်လိုချင်တဲ့အရောင် နဲ့ သူသဘောကျအရောင်တွေကြားက အဖြစ်နိုင်ဆုံးအရောင်တွေပဲ ရွေးချယ် ခြယ်မှုန်းနေတယ်..
ဘာလို့လဲဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေပါမှ ကိုယ်အိမ်လေး သာယာမယ်မဟုတ်လား...
နွေးထွေးတဲ့ဂေဟာလေးဖြစ်အောင်လည်း တစ်ယောက်တစ်လက် ကြိုးစားဖြည့်ဆည်းရတာပေါ့..
လှပတဲ့ ရောင်စုံပန်းခင်းကြီးကတော့ ချက်ခြင်းမဖြစ်နိုင်ဘူးလေ..တော်တော်လေး အချိန်ယူရမယ့်ကိစ္စပေါ့..
ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်လုံး မလျှော့တမ်း ကြိုးစားနေကြတယ်.. တစ်နေ့ဖြစ်ရမှာပေါ့..
တခါတရံကျရင်တော့ အထားအသို လွဲမှားမှုတွေနဲ့ ကိုယ်တို့နှစ်ယောက် အဆင်မပြေ ဖြစ်ချင်ကြသေးတယ်..
အဲလိုအချိန်ကျရင် ကိုယ်စိတ် ကိုယ်လည်း အတော်ဆုံးမရသေးတယ်..တရားသေ၊ တယူသန်မဖြစ်ဖို့...
ပတ်ဝန်းကျင်ကလည်း ကိုယ်တို့အိမ်လေးကို စိတ်ဝင်တစားကြည့်နေကြတယ်သိလား..
ကိုယ်တို့အိမ်လေး သမိုင်းကို ဘယ်လိုပုံစံ ရေးဖွဲ့သီကုံးမလဲ ဆိုပြီးတော့လေ..
အသေသပ် အလှပဆုံးနဲ့ လူသားအဆန်ဆုံးဖြစ်အောင် အကောင်းဆုံး ကြိုးစားနေရတယ်..
ကိုယ်အိမ်လေး တစ်လုံးဆောက်နေတယ် သိလား....
ကိုယ်အိမ်လေး တစ်လုံးဆောက်နေတယ် သိလား....
ကိုယ်အိမ်လေး တစ်လုံးဆောက်နေတယ် သိလား..




Friday, 20 April 2007

ဈေးအကြီးဆုံးအိမ်





Updown Court Price: £70 million ($138 million) Location: Windlesham, Surrey

2007 အတွက် အင်္ဂလန်ရဲ့ဈေးအကြီးဆုံးအိမ်လို့ ဆိုပါတယ်။
ဝယ်ချင်ရင် ဝယ်လို့ရအောင် အမြန်အကြောင်းကြားပေးတာပါ။
ပုံမှန်အိမ်ဈေးတွေက ပေါင်နှစ်သိန်း-သုံးသိန်းကြားရှိတတ်တာမို့ ..
သုံးသိန်းထဲလား ချက်ချင်းရှင်းပေးလိုက်မယ်လေ.. မြန်မာငွေနဲ့..လို့ အချင်းချင်း နောက်ပြောင်နေကျ ကျွန်မ...
အခုတော့ မြန်မာငွေနဲ့တောင် မရှင်းနိုင် ဖြစ်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အပျင်းပြေလျှောက်ကြည့်ပြီး သွားရည်ကျလို့ရတာပေါ့။
ဒိထပ်ပိုစိတ်ဝင်စားရင် အဲဒီမှာ စပ်စုလို့ရတယ်နော်။


Wednesday, 18 April 2007

ချစ်ခြင်းမေတ္တာ

...အချစ်
မေတ္တာ
ချစ်ခြင်းမေတ္တာ...

လူတိုင်းနဲ့အလွန်နီးကပ်တယ်လို့ ထင်ရပေမဲ့ တခါတရံ လက်လှမ်းမမီသလိုမျိုး ဖြစ်တတ်ပါတယ်။

ကျွမ်းကျင်သယောင်ထင်ရပေမဲ့ ပြည့်စုံအောင်ဖန်တီးဖို့ ခက်ခဲနေတတ်ကြပါတယ်။

(လေ့ကျင့်မထားတဲ့အမုန်းတွေကျတော့ အပီပြင်ဆုံး ပုံဖော်နေဆဲပါ။)

လူတိုင်းဟာချစ်တတ်သူတွေပါလို့ ဆိုပေမဲ့ စနစ်တကျ တတ်မြောက်သူတွေ မဟုတ်ကြပါဘူး။

အဲဒိတော့ ကာရန်လေးတွေ အနည်းငယ်လွဲနေတတ်ကြပါတယ်။

မိဘ နှင့် သားသမီးကြားမှာရှိတဲ့ချစ်ခြင်းမေတ္တာတွေဟာလည်း တခါတရံ နားလည်မှုအံချော်နေတတ်ပြီး ပွင့်လင်းတဲ့ဆက်ဆံရေးမျိုးကနေ နည်းနည်းသွေဖယ်နေသယောင် ရှိနေတတ်စမြဲပါ။

ချစ်သူရည်းစား၊ လင်မယားကြားမှာလည်း ချစ်နည်းမမှန်၊ ချစ်လမ်း မကျလေတော့ တချို့တလေတွေမှာ ဟန်ပုံမရပါ။

တိုင်းပြည်၊လူမျိုးပေါ်ကိုလည်း တကယ်စိတ်ရင်း ချစ်ခြင်းမှန်ပေမဲ့ ပြသပုံလွဲ အသုံးမတည့် ဖြစ်တတ်ဆဲပါ။

အဲဒီလို အလွဲလွဲ အဖုံဖုံ မှားပွဲတွေမကြုံရအောင် “ ချစ်ခြင်းမေတ္တာ” ဆိုတဲ့ဘာသာဗေဒကို စနစ်တကျ ဆန်းစစ်လေ့လာပြီး ငယ်စဉ်ကစ သင်ကြားပေးခဲ့ရင် မနက်ဖြန်ကမ္ဘာဟာ ဒီနေ့ကမ္တာထက် နားလည်မှုချစ်ခြင်းတရားတွေနဲ့ ပိုမိုနွေးထွေး အသက်ဝင်လေမလားလို့..

Monday, 16 April 2007

ပိတောက်ပန်း

ခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မှီမို့
ဇမ္ဖော်ရည်ပြေပြေလိမ်းတာပါ ခပ်သိမ်းနယ်စုံစုံတို့
ပွင့်ငုံကိုလင့်ကုန်ကြတော့လို့ ခေါင်းကြွကာဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့ ကြွားချင်လှပေလိမ့်မယ်
တသိန်တင့်ပါဘိ တိမ်မြင့်ရီပြာပြာက
ကြည်သာသာပင့်လေအဖျားတွင်ဖြင့် တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့ သူတို့လိုဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်...
တဝါဝါသင်္ကန်းရယ်က ကမ္ဘာမှာဘဝင်ချမ်းစေတဲ့
သာသနာရွှင်လန်းအောင်လို့ တမင်မှန်းတာပေါ့ သတိသွယ်
ရည်ရွယ်တော့သလား ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာအဝါခြယ်၍ မာလာအလယ်မှာနွဲ့ချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့ မာန်အင်ကိုဥာဏ်ဆင်မွေးကာပါ
အရေးအခါသာမှ ခမျာမှာတဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ
ဆရာဇော်ဂျီ

Thursday, 12 April 2007

နှစ်သစ်မင်္ဂလာ

မြန်မာပြည်နဲ့ ဝေးတာကြာပြီဆိုတော့ သင်္ကြန်ကိုမေ့တေ့တေ့ဖြစ်နေတဲ့ကျွန်မ သူငယ်ချင်းနှစ်ယောက်အလည်လာမှပဲ စကားတွေပြောရင်း ဒီနေ့သင်္ကြန်စပြီဆိုတာ အမှတ်ရမိပါတော့တယ်။ အတူတူရောက်ပြီး အတူတူပျော်ရွှင်စရာအချိန်များစွာ ဖြတ်သန်းခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေဆိုပေမဲ့ ကိစ္စကိုယ်စီနဲ့ နောက်ပိုင်း သိပ်မတွေ့ဖြစ်ကြပါဘူး။ ဒီနေ့မှ မှတ်မှတ်ရရ ပြန်ဆုံတာရယ်၊ သင်္ကြန်အထိမ်းအမှတ်ရယ် ပေါင်းပြီး မုန့်သွားစားပြီး လျှောက်လည်ကြပါတယ်။ ထုံးစံအတိုင်း စကားတွေဖောင်ဖွဲ့ ကြတာပေါ့။ သူငယ်ချင်းထဲမှာ စကားကိုတော်တော်မြန်မြန်ပြောတတ်ပြီး စလို့ နောက်လို့ ကောင်းတဲ့ အစ်ကိုတစ်ယောက်ပါ ပါတယ်။ သူနဲ့စကားပြောရင်ကို ရယ်စရာကောင်းပါတယ်။ သူကိုနောက်ရင်လည်း စိတ်ဆိုး၊ စိတ်ကောက်သိပ်မရှိပါဘူး။ တလမ်းလုံး သူကိုစရင်း၊ နောက်ရင်းနဲ့ တကယ့်ကိုပျော်စရာပါ။

အရင်နဲ့မတူတဲ့ထူးခြားချက်ကတော့ အရင်တုန်းက လျှောက်သွားကြရင် သူတို့ကို အိမ်မှာမျှော်မဲ့သူများမရှိလို့ ကြိုက်တဲ့အချိန်မှ ပြန်လို့ရပါတယ်။ အခုတော့ အိမ်မှာမျှော်သူကိုယ်စီ၊ ဖုန်းတွေကလည်း တတီတီဆိုတော့ အရင်တုန်းက စံချိန်တွေနဲ့စာရင် ခပ်စောစောပြန်ခဲ့ကြတယ်ဆိုပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်စရာ ညနေချမ်းလေးနဲ့ နှစ်သစ်ကိုအစပျိုးရတာ ကျေနပ်စရာပါ။
အားလုံးပဲ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေနော်။

Sunday, 8 April 2007

Baby Genius

http://www.youtube.com/watch?v=YINgDIQ85N8&mode=related&search

ကျွန်မ internet ထဲမှာ ဟိုကြည့် ဒီကြည့်လျှောက်ကြည့်ရင်း youtube ထဲ ဘာရယ်မဟုတ် myanmar ဆိုပြီး search လုပ်လိုက်မိတယ်။ မြန်မာနဲ့ပတ်သတ်တဲ့အကြောင်းအရာတော်တော်များများပါတဲ့ video clipတွေ ကျလာတယ်ဆိုပါတော့။ အိပ်ငိုက်စပြုနေတဲ့ကျွန်မကို မျက်စိကျယ်သွားစေတဲ့ video clip လေးကတော့ Baby Genius from myanmar ပါတဲ့ရှင်။ MRTV4 မှာပါတဲ့သတင်းကို youtubeပေါ်ပြန်တင်ပေးထားတဲ့သူကို တော်တော်လေးကျေးဇူးတင်သွားတယ်။ အရမ်းစိတ်ဝင်စားသွားတာနဲ့ ဒိပြင်နိုင်ငံက ကလေးတွေအကြောင်းပါ ထပ်ရှာကြည့်တော့ ကြည့်ကြပါဦးရှင်။

http://www.youtube.com/watch?v=MwjwSCTnBBE&mode=related&search

http://www.youtube.com/watch?v=g0UpCrEd4l0&mode=related&search


သူတို့လို ကောင်းမြတ်တဲ့အရည်အချင်းပိုင်ရှင် အနာဂတ်စွမ်းအင်တွေရဲ့လက်ထဲမှာ ကျွန်မတို့နေထိုင်မှီတင်းရာကမ္ဘာမြေကြီးဟာ အခုထက်ပိုမို လှပပြည့်စုံလာမယ်လို့ အတိအကျယုံကြည်မိပါတယ်ရှင်။

Saturday, 7 April 2007

ဆရာ မြသန်းတင့် သို့ အမှတ်တရ

http://s167.photobucket.com/albums/u126/clef-treble/?action=view&current=.my_first_widget.pbw

ကျွန်မ ပထမဆုံးစဖတ်ဖူးတဲ့ ဆရာရဲ့စာအုပ်က “ လေရူးသုန်သုန် ” ပါ။ ဖတ်ဖတ်ချင်းထဲက အရမ်းနှစ်သက်ခဲ့ရပြီး အခုအချိန်ထိလည်း အကြိုက်ဆုံးစာအုပ်စာရင်းထဲမှာ ပါ ပါတယ်။ ဘာသာပြန် ဆိုပေမဲ့ အရေးအသားက အရမ်းကို ညက်ညောလွန်းပါတယ်။ နောက်ပိုင်းကြားဖူးတာက ဆရာဘာသာပြန်ရင် စာတကြောင်းဖတ်၊ တကြောင်းပြန်နဲ့ ဆက်တိုက်ရေးတာဆိုလို့ အရမ်းအထင်ကြီးလေးစားရခဲ့ဖူးပါတယ်။ ဒုတိယမြောက်ဖတ်ဖူးတဲ့စာအုပ်က ကိုယ်တိုင်ရေးဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ “ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ” ပါ။ အသက်ခပ်ငယ်ငယ်တုန်းက ဖတ်ဖူးတာမို့ ဇာတ်လမ်းကိုသာ မှတ်မိနေတဲ့ကျွန်မ ဆယ်နှစ်လောက်အကြာမှာ ပြန်ဖတ်တော့ ဆရာပေးချင်တဲ့ ဒသနတွေ၊ လေးနက်တဲ့ခံယူချက်တွေ အံသြတကြီး တွေ့ခဲ့ရဖူးပါတယ်။ တတိယမြောက်ဖတ်ဖူးတဲ့စာအုပ်က “ စစ်နှင့် ငြိမ်းချမ်းရေး ” ပါ။ ဇာတ်လမ်းကို သိပ်မကြိုက်လှပေမဲ့ ဆရာရဲ့ အမာခံ ပရိသတ်အဖြစ် ကိုယ်ကိုယ်ကို သေချာခဲ့ရပါတယ်။ အဲဒိနောက်ပိုင်း တတ်နိုင်သမျှ ဆရာစာအုပ်တွေ ရှာဖွေ ဖတ်ရှုခဲ့ပြီး အကြိုက်ဆုံးစာရေးဆရာတစ်ယောက်အဖြစ် သတ်မှတ်ခဲ့တာပါ။

မိန်းမတို့အကြောင်း စာအုပ်မှာဆိုရင်လည်း မူရင်းစာအုပ်နဲ့တိုက် ဖတ်ကြည့်ရင် ဆရာ ဘယ်လောက်တော်တယ်ဆိုတာ အသေအချာတွေ့ရမှာပါ။ မူရင်းစာအုပ်က ကျမ်းငယ်ဖြစ်ပြီး စာရေးသူကလည်း မိန်းမ၊ ရေးထားတဲ့အကြောင်းအရာကလည်း မိန်းမတို့အကြောင်း။ ဒါပေမဲ့ အဲဒိကျမ်းငယ်ကို တအုပ်လုံး ဘာသာပြန်လိုက်ရင် မြန်မာစာဖတ်သူများအနေနဲ့ ပျင်းရိသွားနိုင်ပါတယ်။ အဲဒိတော့ဆရာက သူပေးချင်၊ ပြောချင်တဲ့အကြောင်းအရာကိုပဲ ကွက်ကွင်းကွင်းကွင်း မြင်သာထင်သာအောင် ဖော်ပြထားတာ တကယ်ကို ချီးကျူးစရာပါ။

“လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ” ဆိုရင် ကျွန်မရဲ့အသည်းစွဲ။ ဘယ်တော့ဖတ်ဖတ်မရိုးတဲ့စာအုပ်။ ပြန်ဖတ်တိုင်းလည်း ကျောင်းတွေပြန် တက်ချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့စာအုပ်။ တက္ကသိုလ်ဆိုတာ ဘဝရဲ့ အမှတ်တရပါ။


တခါတရံ ဘာသာပြန်မှု ဆိုတာ ဘာသာစကား ကျွမ်းကျင်ရုံလောက်နဲ့ မလုံလောက်သေးပါဘူး။ ဇာတ်လမ်း နောက်ခံအကြောင်းအရာ၊ သမိုင်းအနေအထား နှင့် ခေတ်ကာလအခြေအနေကိုပါ နားလည်မှ ပိုမိုပြည့်စုံပြီး ဖတ်လို့ကောင်းတတ်တာမျိုးပါ။ ကျွန်မက ဘာသာပြန်စာအုပ်ကို ဖတ်တော့မယ်ဆိုရင် ဘာသာပြန်သူနာမည်ကို အရင်ကြည့်တတ်ပါတယ်။ ဘာသာပြန်သူကောင်းမှ စာအုပ်အရသာက ပိုမိုပေါ်လွင်လေးနက်လာစေလို့ပါ။ တချို့ဘာသာပြန်သူများဆို စာအုပ်အရသာဖျက်ဆီးရုံတင်မက လုံးဝဆက်မဖတ်ချင်လောက်တဲ့အထိ အစွမ်းအစရှိကြလို့ပါ။

ဆရာကတော့ ဘာသာပြန်တင် ကောင်းတာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်ရေး စာအုပ်တွေလည်းကောင်းပါတယ်။ ဝတ္ထုတိုတွေဆိုရင်လည်း အင်မတန်ဖတ်လို့ကောင်းလှပါတယ်။ ကျွန်မသိပ်ကြိုက်တာကတတော့ “ပန်းတပွင့်၏လူသတ်ခန်း” ဆိုတဲ့ ဝတ္ထုတိုလေးပါ။ ဆရာပေးချင်တဲ့ ဒသနတွေ၊ အယူအဆတွေကို သိမ်သိမ်မွေ့မွေ့လည်း ပေးထားတယ်လို့ ကျွန်မတော့ ယူဆပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးရဲ့သမိုင်းတဲ့...ဟားဟား .. သူတို့ပဲမြူးနစ်စာချုပ်နဲ့ ဟစ်တလာကို ပလူးပြီးတော့ သူတို့ပဲဟစ်တလာကို ပြန်တိုက်တယ်။ သူတို့ပဲ လူ 55 သန်းကို သတ်ပစ်ပြီး သူတို့ပဲ လူ 55 သန်းသတ်တဲ့အကြောင်းကိုစာအုပ်ရေးပြီး ရိုက်ထုတ်ရောင်းတယ်။ ဒီ လူတွေကျတော့ မရူးဘူး။ ငါ့ကျမှ ရူးသတဲ့....

တဂိုးဝတ္ထုတွေမှာဆိုရင်လည်း ဆရာရဲ့ ဗဟုသုတ နဲ့ စာဖတ်များပုံတွေကို တွေ့မြင်ရမှာပါ။ ချီးကျူးအမွှမ်းတင်ရမည်ဆိုလျှင် ကုန်နိုင်အံမထင်။ ဂျာနယ်ကျော်မမလေးအကြောင်းရေးထားတဲ့စာအုပ်မှာဆိုရင်လည်း ဆရာရဲ့ပြတ်သားတဲ့အယူအဆနဲ့ ခံယူချက်တွေကို ထင်ထင်ရှားရှားတွေ့ရမှာပါ။ ဒိလောက်စာဖတ်နာတဲ့၊ ဗဟုသုတကြွယ်ဝတဲ့၊ စာတွေအများကြီးရေးခဲ့တဲ့ ဆရာက မချမ်းသာပါဘူး။ ဆင်းရဲတယ်လို့တောင် ပြောလို့ရပါတယ်။ အင်မတန်ချစ်ခင်ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့အကူအညီကိုတောင် မယူတတ်သူပါ။ သူတပါးအထောက်အပံနဲ့ အသက်မရှုတတ်သူပါ။ ပြတ်သားတဲ့ခံယူချက်တွေနဲ့ ထောင်နန်းစံဖို့လည်း ဝန်မလေးတတ်သူပါ။
ဆရာ .... ဆရာပရိသတ်အတွက် ဘယ်တော့မှ မသေမဲ့ စာပေသူရဲကောင်း၊ ခေတ်တခေတ်ရဲ့လိုအပ်ချက်၊ သမိုင်းတခုရဲ့ ရုပ်ကြွင်းပါ..
ဆရာစာပေတွေဟာလည်း အမြဲတမ်းရှင်သန်လန်းဆန်းနေမှာပါ။။

http://www.planet.com.mm/bookplanet/?linkpage=writers_detail&poet_id=9

Monday, 2 April 2007

အင်တာနက်မရှိသောနေ့ရက်များ

ကျွန်မတို့နှစ်ယောက်ရဲ့ပေါ့လျော့မှု တခုကြောင့် အင်တာနက်နဲ့ တပတ်လောက်အဆက်ပြတ်သွားရပါတယ်။ ဘာလိုလို့ လိုမှန်းမသိ တော်တော်လေးကို အနေရ အထိုင်ရ ခက်လှပါတယ်။ ပုံမှန်ဆို မနက်နိုးတာနဲ့ ကွန်ပြူတာလေးအရင်ဖွင့်၊ coffee လေးသောက်ရင်း email လေးချက်၊ ပုံမှန်စစ်ရတဲ့ website တချို့ကိုစစ်၊ ကမ္ထာသတင်း၊ မြန်မာသတင်းလေး အမြန်ဖတ်။ ပြီးတာနဲ့ ရေမိုးချိုးး အလုပ်သွားလေ့ရှိတဲ့ ကျွန်မ။ ဒီတပတ်တော့ မိုးလင်းတာနဲ့ ယောင်ချာချာ ဘာလုပ်လို့ လုပ်ရမှန်းမသိ။ ခံစားချက်က မကောင်းလှတာတော့ သေချာပါတယ်။

အဆိုးဆုံးအချိန်ကတော့ ညနေအလုပ်ပြန်တဲ့အချိန်ပါ။ ပုံမှန်ဆို အလုပ်ကပြန်လာလို့ အိမ်ထဲဝင်တာနဲ့ ပထမဆုံးလုပ်တဲ့အလုပ်က ကွန်ပြူတာဖွင့်တဲ့အလုပ်ပါ။ သီချင်းလေးဖွင့်ထားပြီး ညနေစာလေး ပြင်ဆင်၊ စားသောက်ပြီးတာနဲ့ အင်တာနက် စသုံးတော့တာပါပဲ။
အဲဒိတပတ်မှာတော့ ညရောက်ရင် ဘာလုပ်ရင်ကောင်းမလဲတွေး တွေးပြီး တကယ် စိတ်လေပါတယ်။

မြန်မာပြည်နဲ့ဝေးနေတာကြာနေတဲ့ကျွန်မအဖို့ မီးပျက်ရင်ခံစားရတဲ့ခံစားချက်မျိုး မခံစားရတာအတော်လေးကြာပြီလို့ ဆိုရပါမယ်။ အင်တာနက်ပျက်တဲ့ ခံစားချက်က မီးပျက်တဲ့ ခံစားချက်လိုပဲ အခံရခက်လှပါတယ်။ အင်တာနက်ပဲ အပြင်မှာသွားသုံးပေါ့၊ မရဖူးလားလို့မေးခဲ့ရင် ဟုတ်ကဲ့ သုံးလို့တော့ ရပါတယ်။ ဒါပေမဲ့ အိမ်မှာသုံးနေကျ ကျွန်မအတွက် အပြင်မှာအင်တာနက်သုံးရတာ အိမ်မှာမီးပျက်လို့ မီးလာတဲ့ လမ်းထိပ်မုန့်ဆိုင်မှာ သွားထိုင်သလိုပါပဲ။ သိပ်တော့ သက်တောင့်သက်သာ မဖြစ်လှပါဘူး။

ဒါပေမဲ့ ဒိတပတ်အတွင်း ညဘက်ပျင်းတိုင်း၊ အင်တာနက်မရှိတိုင်း စိတ်နာနာနဲ့ ဖတ်လိုက်တာ စာအုပ်တွေ တော်တော်များများ ပြီးသွားပါတယ်။မြသန်းတင့်ရှဲ့“ဓားတောင်ကိုကျော်၍မီးပင်လယ်ကို ဖြတ်မည်” ပြန်ဖတ်ဖြစ်တယ်။
How to become a great boss ဆိုတဲ့စာအုပ်ကို ကြီးကြီးကျယ်ကျယ် စိတ်ကူးတွေယဉ်ပြီး ဖတ်ဖြစ်တယ်။ letters from inside ဆိုတဲ့ 16နှစ်အရွယ် ကလေးမလေးနှစ်ယောက် pen friend ဖြစ်ပြီး တယောက်နဲ့တယောက်အပြန်အလှန်စာတွေရေးတဲ့အကြောင်း
ရေးထားတဲ့စာအုပ်က ဖတ်လက်စ တန်းလန်း။ဒိတပတ်လုံးနီးပါး စိတ်ဝင်တစားနဲ့ကို ဖတ်ဖြစ်တာက world book တွေပါ။ စာလုံးတလုံးကို စာတအုပ်ဆိုတော့ အကုန်တော့မပြီးပါဘူး။ a , c , l , t လေးအုပ်ပဲပြီးပါသေးတယ်။တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒိစကားလုံးနဲ့ပတ်သတ်တဲ့ ထင်ရှားကျော်ကြားတဲ့ ပစ္စည်းတွေ၊ မြို့တော်တွေ၊ အကြောင်းအရာတွေ နဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအကြောင်းမကျန် စုံစုံလင်လင်ပါပဲ။ ဥပမာပြောရရင် t ဆိုပါစို့။ စာအုပ် စစချင်း T ဆိုတဲ့ စကားလုံး စတင်ပေါ်ပေါက်လာပုံ ရှင်းပြထားတယ်။ ပြီးရင် teeth, telephone, telescope, television, theater စတဲ့ အကြောင်းအရာတွေ ၊timezone က အစ ဘယ်လိုသတ်မှတ်တယ်ဆိုတာတွေ ဓာတ်ပုံတွေနဲ့ အသေအချာကို ရှင်းပြထားပါတယ်။

အခုတော့ အင်တာနက်ပြန်ရပြီဆိုတော့ အဲဒိစာအုပ်တွေ ခဏမေ့ထားလိုက်ပါဦးမယ်။ ကြည်အေး စကားနဲ့ပြောရရင်
“ အင်တာနက်တောမှာ မျောပါရစေဦး...”

Friday, 23 March 2007

ကျွန်မနှင့် IT လောက

ဟိုတနေ့ထဲက သူငယ်ချင်းနဲ့ဖုန်းပြောပြီး ကိုယ်ရွေးချယ်ထားတဲ့ အခြားလမ်းကြောင်းတခုမှာ ပျော်မွေ့နေတဲ့ကျွန်မအဖို့ ကျောင်းတတ်ခဲ့တဲ့အချိန်တွေရယ် ၊ IT လောကကြီးရယ်ကိုလွမ်းသွားတယ်။

10 တန်းအောင်ပြီးကျောင်းတက်ဖို့စောင့်နေတဲ့ကျွန်မကို အဖေမိတ်ဆွေတယောက်က သူအလုပ်လုပ်နေတဲ့ ကွန်ပြူတာတက္ကသိုလ်မှာ သင်တန်းလာတတ်ဖို့ ခေါ်ရာက ကျွန်မနဲ့ ကွန်ပြူတာဆိုတာကြီးနဲ့ ရင်းနှီးလာတယ်ဆိုပါစို့။ အဲဒိအချိန်တုန်းက ကွန်ပြူတာဆိုတာလည်း ဘာမှန်းမသိ၊ တက်ရမယ့်သင်တန်းကလည်း ဘာမှန်းမသိ အိမ်ကမိဘတွေလွှတ်လိုက်လို့သာ ကွန်ပြူတာတက္ကသိုလ်ကို ရောက်လာတာပါ။

ကျောင်းရောက်တော့ fresher welcome ဆိုတာရယ်၊ သိပ်ကိုနာမည်ကြီးတဲ့ တက္ကသိုလ်မြေ ဆိုတာရယ်၊ အခုမှကြုံတွေ့ရတဲ့ သူငယ်ချင်းသစ်များစွာရယ်နဲ့ အပျော်လွန်နေတယ်လို့ ဆိုရမှာပါ။ practical အချိန်ရောက်ရင် စက်ခန်းထဲဝင်ပြီး အရင်ဆုံးလုပ်တဲ့အလုပ်က အပြိုင်အဆိုင် ကွန်ပြူတာနဲ့ ဖဲရိုက်တဲ့အလုပ်ပါ။ ကျောင်းတက်တာလည်း အတော်ကြာ၊ စာမေးပွဲကြေးတွေလည်း သွင်းရတော့မှ သိတာက ကျွန်မတက်နေတာ NCC ပထမနှစ် IDCS ဆိုတာပါ။ Project လုပ်တဲ့အချိန်ကြတော့လည်း အုပ်စုဖွဲ့ရင်း၊ လူရွေးရင်း၊ ရန်ဖြစ်ရင်းနဲ့ အပြင်မှာ တကယ်ကို professional ရေးနေတဲ့ သူငယ်ချင်းကျေးဇူးနဲ့ လှလှပပလေးပြီးသွားပါတယ်။ ကျွန်မကတော့ ဘေးကနေ pseudo ဝိုင်းရေးပေးသယောင်၊ documentation ဝိုင်းပြင်ပေးသယောင်ပေါ့။ လည်ရင်း ပတ်ရင်း ပျော်ရင်း ပါးရင်း ဆိုသလို၊ ကြက်ကန်း ဆန်အိုးတိုးဆိုသလို ပထမနှစ်အောင်သွားပါတယ်။ ဒီတခါလည်း သူငယ်ချင်းတွေ အဖော်ကောင်းတာနဲ့ ဒုတိယနှစ် IADCS ကို KMD မှာ ဆက်တက်ဖြစ်သွားတယ်။ coding ကြောက်တဲ့ ကျွန်မအတွက် ဒုတိယနှစ် project က coding မလိုဘူးဆိုတော့ အေးဆေးပေါ့။ အမှတ်စစ်သူတွေ မျက်စိရှမ်းကြတယ် ထင်ပါရဲ့ ။ IADCS လည်း အောင်သွားပြန်ပါတယ်။ အဲဒိအချိန်ထိလည်း ကျောင်းတွေက မဖွင့်သေးဆိုတော့ သူငယ်ချင်း အဖော်ကောင်းတာရယ်၊ မိဘတွေရဲ့စေတနာတွေရယ်ကြောင့် England အထိကို ကျောင်းတက်ဖို့ရောက်လာပါတယ်။

ကျောင်းရောက်လာတော့ modular system ဆိုတော့ first term မှာဘယ်ဘာသာတွေသင်မလဲဆိုတာရွေးရပါတယ်။ ရန်ကုန်မှာတုန်းကတောင် object oriented နဲ့ပတ်သတ်ရင် C, C++ သင်ရပါတယ်။ အဲဒိအချိန်မှာ Object oriented တအားခေတ်စားနေတာကတော့ Javaပေါ့။ အဲဒိအချိန်မှာ ကျွန်မသိတဲ့ Java က ဂျာဗားကျွန်းက သိပ်မွှေးတဲ့ ကော်ဖီတွေရယ်၊ Lorealထုတ်တဲ့ သိပ်လှတဲ့ နှုတ်ခမ်းနီ နာမည်ရယ်ပါ။

ဒီကိုရောက်တဲ့ Object oriented ပတ်သတ်ပြီး သင်ရတဲ့ language က pascal ပါ။ ဘယ်တုန်းကမှ မကြားခဲ့ဖူးတဲ့၊ ထွက်တာအတော်လေးကြာပြီ သိထားတဲ့အတွက်ရယ် မကျေမနပ်တောင် ဖြစ်ခဲ့မိသေးပါတယ်။ ဒါပေမဲ့ သင်မဲ့ဆရာကိုယ်တိုင် က အဲဒိ language စတင်ရေးသားတဲ့အဖွဲ့မှာပါဝင်ပြီး object orientedမှာလည်း တော်တော်လေး basic ဖြစ်တဲ့အတွက် ဒီ languageကို သင်ပေးတာပါ။ ကျောင်းပြီးနောက်ပိုင်းမှ ပိုနားလည်တာကတော့ အင်္ဂလိပ်လူမျိုးတွေရဲ့ထုံးစံ latest technology တွေထက် infra structure ကို ပိုတန်ဖိုးထားတတ်ကြတဲ့အကြောင်းပါ။ အဲဒိမှာလည်း သူများထက်နည်းနည်းလေးပိုလျှာရှည်တဲ့ ကျွန်မက programming language အသစ်ဖြစ်တဲ့ haskel အပိုယူလိုက်ပါသေးတယ်။ ကျွန်မစိတ်ကူးထဲမှာက ရန်ကုန်မှာထဲက သင်ခဲ့ဖူးတဲ့ Human-computer interfae တွေ၊ GUIတွေထက် ကျွန်မအတွက် ပိုပြီး အသစ်ဖြစ်နိုင်တဲ့၊ တန်ဖိုးကြီးကြီးနဲ့ မွေးမြေရပ်ခြားမှာ သင်ရတဲ့အတွက် ပိုအကျိုးကျေးဇူးရှိနိုင်မယ်ထင်တဲ့ ဘာသာမျိုးကို ပိုတန်ဖိုးထားသင်ချင်မိတာကြောင့်ပါ။ programming သိပ်တော်လွန်းလှလို့တော့ မဟုတ်ပါဘူး။
အဲဒိလို အရစ်တွေရှည်တတ်တဲ့ ကျွန်မကို ကံကြမ္မာက ကျီစားဟန်တူပါရဲ့။ final year project အတွက် လုပ်ရမယ့် project list တွေရောက်လာပါတယ်။ သူငယ်ချင်းတော်တော်များများလုပ်ရမယ့် project က web designတွေများပါတယ်။ လုပ်ရမယ့် project supervisor တွေကလည်း PHD thesis လုပ်ရင်း စာပြန်ပြပေးနေတဲ့ senior ကြီးတွေများပါတယ်။
ကျွန်မရဲ့ supervisor ကျမှ သိပ်ကို strict ဖြစ်တဲ့ professor ကြီး ဖြစ်နေပါတယ်။ လုပ်ရမယ့်အလုပ်က critical path analysis တဲ့။ ရေးရမယ့် language က Java တဲ့။ တဆိတ်တော့ လွန်လွန်းပြီ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မဘဲ ဘယ်ရမလဲ။ Supevisor ကိုသွားပြောတာပေါ့ ကျွန်မ Javaတခါမှ မသုံးဖူးဘူးလို့ မရေးတတ်ပါဘူးလို့ပေါ့။

ဘာမသိ၊ ညာမသိ ဘယ်သူကိုမှ မမေးမစမ်းနဲ့ ကျွန်မသွားပြောတဲ့ ဆရာက Java ဂုရုကြီးဖြစ်နေပါတယ်။ အဲဒိအချိန်တုန်းက Java က text modeမှာပဲ အလုပ်လုပ်ပါသေးတယ်။ multimedia မရသေးပါဘူး။ ကျွန်မရဲ့ဆရာက Java AVI ဆိုပြီး ရအောင်စတင်ရေးသားတဲ့ တကယ့်ဆရာကြီးဖြစ်နေတယ်။ သူက တခါတည်း ပြန်ပြောလိုက်ပါတယ်။ language မတတ်ရင် သူစာအုပ်ဖတ်ဆိုပြီး သူကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့ Java စာအုပ်ကို လတ်မှတ်ထိုးပြီး ပေးလိုက်ပါတယ်။ သူပြောတဲ့သဘောက programming logic ကျွမ်းကျင်သူများအတွက်တော့ ဟုတ်ပါတယ်။ language syntax လောက်ကို ဖတ်မှတ် လေ့လာလိုက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ ကျွန်မလို programmingခပ်ထူထူသမားအတွက် လိုအပ်တာထက် အချိန်တွေပိုပေးပြီး စိတ်ရှည်လက်ရှည် သင်ပေးခဲ့တဲ့ ဆရာကျေးဇူးကို ဒီနေ့ဒီအချိန်ထိ အမှတ်တရပါ။

ဆရာရဲ့ စာသင်ပုံ၊ သင်နည်းတွေနဲ့ lecture ကို သိပ်သဘောကျသွားတဲ့ ကျွန်မ နောက် term တခုကျတော့ ဆရာသင်တဲ့ safety critical analysis ဆိုတဲ့ module ကို ထပ်ယူဖြစ်တဲ့အထိပါပဲ။ တက္ကသိုလ်မှာ စာသင်နေတယ်ဆိုပေမဲ့ အတန်းထဲကို နောက်ကျပြီးဝင်ရင်၊ စာသင်နေတုန်း စကားများနေရင် ဆူတတ်တဲ့ ဆရာကို အဲဒိတုန်းကတော့ အရမ်းကို ကြောက်ခဲ့ရဖူးပါတယ်။ အမှတ်ပေး ကပ်စေးနည်းတယ်လို့ ထင်ခဲ့ဖူးပေမဲ့ ပညာပေးရာမှာ ကပ်စေးမနည်းတဲ့ဆရာကျေးဇူးကို ကျောင်းပြီးလို့ နှစ်နှစ်လောက်ကြာတဲ့အခါကျမှ တိတိကျကျ နားလည်နိုင်ခဲ့ပါတော့တယ်။ ကိုယ်ကို ကိုယ် IT နဲ့ပတ်သတ်ရင် သိပ် confindence မရှိတဲ့ကျွန်မ IT အလုပ်တွေကို သေသေချာချာမရှာဖြစ်ခဲ့ပါဘူး။ အဲဒိတုန်းက ဘာရယ်မဟုတ် IT အလုပ် လျှောက်ကြည့်လိုက်တာ interview ရလာပါတယ်။ GE transport ကတဲ့။ company က နိုင်ငံတော်တော်များများမှာရှိပြီး သိပ်ကြီးကျယ်နေတာရယ်၊ ပေးထားတဲ့လစာက သာမန် graduate လေးတယောက်အတွက် သိပ်ကိုများနေတာရယ်ကြောင့် မသွားခင်ထဲက ကြောက်နေတာအမှန်ပါပဲ။

မေးတဲ့ကြာချိန်ကိုလည်း ကြည့်ပါအုံး။ 2နာရီတောင်။ အင်တာဗျူးခန်းထဲလဲရောက်ရော။ အမယ်လေး ကျွန်မ တယောက်ထဲကို ဝိုင်းမေးမယ့်လူက 5 ယောက်လောက်ရှိပါတယ်။ ကျွန်မရဲ့ CV တွေကို တယောက်ချင်းစီကိုင်ထားပြီး ဝိုင်းမေးလိုက်ကြတာ တယောက်တပေါက်ပဲ။ မေးနေတဲ့တချိန်လုံး တောင်းနေမိတဲ့ဆုက 2 နာရီမြန်မြန်ပြည့်ပါစေ။ ကျွန်မခေါင်းတွေလည်း ပူထူလှပါပြီ။
သူတို့မေးနေရင်း ကျွန်မသေသေချာချာ နားလည်သဘောပေါက်လိုက်တာက သူတို့က ကျွန်မသင်ခဲ့ဖူးတဲ့ safety critical analysis ရယ်၊ ကျွန်မလုပ်ခဲ့တဲ့ project ရယ်ကြောင့် စိတ်ဝင်စားတာပါ။ အဲလိုဆိုလည်း ပြောပြောက စောရောပေါ့။ စာလေး ဘာလေး နည်းနည်းပါးပါး ပြန်ဖတ်လာလိုက်ပါတယ်။ အင်တာဗျူးပြီးတော့လည်း မပြီးသေးပါဘူး။ သူတို့ရဲ့ စက်ရုံတွေ၊ protocol တွေ ကို အကုန်လိုက်ပြပါသေးတယ်။ စာထဲမှာ သင်ထားတာတွေ အပြင်မှာ အဲလို တကယ်အလုပ်လုပ်တာပါလားလို့ သေချာနားလည်သွားရပါတယ်။ ရထားတွေကို ဘယ်လို control လုပ်ရတယ်ဆိုတာ လိုက်ပြတဲ့လူကြီးက သေသေချာချာကို ရှင်းပြပါတယ်။


သြော် အခုတော့လည်း IT လောကနဲ့ ဝေးနေတာ ဘယ်နှနှစ်မှန်းတောင် မသိတော့ပါဘူး..
ဒါပေမဲ့ အားလုံး အားလုံးကို အမှတ်တရပါ။